သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးပါဝင်မှ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ KIA လက်မှတ်ထိုးမည်


တနိုင်ငံလုံးအပစ်ရပ်ရေးဆိုင်ရာ သမ္မတနဲ့ သဘောတူစာချုပ်
တနိုင်ငံလုံးအပစ်ရပ်ရေးဆိုင်ရာ သမ္မတနဲ့ သဘောတူစာချုပ်

NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး တပြိုင်နက်တည်း လက်မှတ်ရေးထိုးမှသာ KIO ကချင်လွတ်လပ်ရေးအဖွဲ့က ပါဝင်လက်မှတ်ထိုးမှာဖြစ်ပြီး တဖွဲ့ချင်းအနေနဲ့ သီးခြား လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ KIO အဖွဲ့က ပြောပါတယ်။ အခုလို အပစ်ရပ်-ငြိမ်းချမ်းရေး ဖေါ်ဆောင်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းစီနဲ့ အစိုးရတို့ကြား နှစ်ဘက်သဘောတူ အပြန်အလှန် လက်မှတ်ထိုးသွားရေး ဖိတ်ခေါ်တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ KIO က ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာအစိုးရကဖိတ်ခေါ်ထားတဲ့ NCA တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးသင့် မထိုးသင့်ဆိုတဲ့ကိစ္စကို ဆုံးဖြတ်ဖို့ KIO အဖွဲ့ဟာ သြဂုတ်လ (၁၇ နဲ့ ၁၈) နှစ်ရက်ကြာ လိုင်ဇာဌာနချုပ်မှာ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီးနောက်ပိုင်း NCA မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တပြိုင်နက်တည်း လက်မှတ်ရေးထိုးရေးမူကို ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်တယ်လို့ သြဂုတ် ၂၁ ရက်၊ မနေ့တုန်းက KIO ရဲ့သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့အားလုံး အပတ်အခတ်ရပ်နိုင်မှသာ အစိုးရကပြောနေတဲ့ Nationwide Cease-Fire တနိုင်ငံလုံး အပစ်ရပ်ရေးဆိုတဲ့အဓိပ္ပာယ် ပြည့်စုံမှာဖြစ်တယ်လို့ KIO ရဲ့ နည်းပညာ အကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

“Nationwide Ceasefire အသုံးအနှုန်းဖြစ်တဲ့အတွက်ကြောင့်မို့ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ sign ထိုးမှု mood မျိုးပေါ့- ဖြစ်သင့်တာပေါ့။ ဒါမှ မဟုတ်လို့ရှိရင် တဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့ကိုချန်ထားပြီးတော့ ကျန်တဲ့အဖွဲ့တွေနဲ့ပဲ ဖြစ်တယ်ဆိုလို့ရှိရင် ဒါလည်း တနိုင်ငံလုံးကို လွှမ်းခြုံတဲ့အနေအထားမျိုး မဖြစ်စေသလို ခြိမ်းခြောက်မှု တစုံတရာကို ဖြစ်ပွားစေတဲ့ကိစ္စမျိုး ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီ Nationwide Ceasefire ဟာ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကိုသော်လည်းကောင်း၊ လူမျိုးစုအားလုံးကိုသော်လည်းကောင်း၊ စိတ်ချမှုအနေအထားတခုကို ရောက်ရှိသွားအောင် ဖန်တီးနေတဲ့အဆင့်ပေါ့၊ ခြေလှမ်းဖြစ်တယ်လို့ အဲလို နားလည်ခံယူထားပါတယ်။ ဒါကြောင့်မို့ အဲလို အားလုံးပါဝင်ရေးမူကို ဆက်လက် ကိုင်စွဲခြင်း ဖြစ်တယ်။ အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်သွားဖို့လည်း ကျနော်တို့ EAO (တိုင်းရင်းသားလက်နက်ကိုင်) အဖွဲ့တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်သွားဖို့လိုပါတယ်။”

KIO အဖွဲ့ကတော့ တဖွဲ့ချင်းအနေနဲ့ အစိုးရနဲ့သီးခြား လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ဦးဒေါင်ခါးက ပြောပါတယ်။

“ကျနော်တို့ သီးခြားထိုးဖို့တော့ မရှိတော့ဘူး။ ကျနော်တို့က အားလုံးပါဝင်ရေး မူအတိုင်းပဲ သွားမှာဖြစ်ပါတယ်။ အဲဒီ အားလုံးပါဝင်နိုင်ရေးမူကို အခြေခံပြီးတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ အကောင်းဆုံးရလဒ်ကို ကျနော်တို့က စောင့်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အားလုံးအပေါ်မှာ ရိုးရိုးသားသားနဲ့ ရှင်းရှင်းလင်းလင်းနဲ့ common ဖြစ်တဲ့အနေအထားမျိုးကို လုပ်သင့်ပါတယ်။ ဒီအကွက်မှာ ကျနော်တို့အနိုင်ရရှိအောင်လုပ်မယ်။ နောက်အကွက်မှာဆိုလို့ရှိရင် ဘယ်လိုမျိုး ပုံစံပြောင်းပြီးတော့ အနိုင်ရရှိအောင်လုပ်မယ်ဆိုတဲ့ ဒီအနိုင်ရရှိရေးမူ သဘောထားတွေ မထားဘဲနဲ့ common ဖြစ်တဲ့ဟာတွေကို ကျနော်တို့က ဦးစားပေးပြီးလုပ်သွားရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ သဘောတရားက သမ္မတရဲ့ဖိတ်ခေါ်တာဟာ အဖွဲ့အစည်းတွေအပေါ်မှာ မရှင်းလင်းစေတဲ့ဟာမျိုး ဖြစ်စေတယ်ပေါ့။ သဘောတရားက အခု NCCT နဲ့ UPWC နဲ့ Senior Delegation နဲ့ EAO အဖွဲ့အစည်းတွေ ရှိရဲ့သားနဲ့ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ သီးခြား အစိုးရဘက်ကနဲ့ Unilateral invitation ပုံစံမျိုး လုပ်တယ်ဆိုတော့ ဒီအဖွဲ့အစည်းတွေကို စိတ်ထဲမှာ စနိုးစနောင့် ဖြစ်စေတဲ့အနေအထားတွေကို တွေ့ရပါတယ်။”

လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်မှသာ KIO အဖွဲ့ကလည်း NCA မှာ တပြိုင်နက်တည်း လက်မှတ်ထိုးသင့်တယ်လို့ ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလဲ တောက်လျှောက်အကြံပေးတိုက်တွန်းခဲ့တာပါ။ သူတို့ရဲ့ အကြံပေးချက်တွေကို အလေးထားတဲ့အတွက် KIO ရဲ့ဆုံးဖြတ်ချက်အပေါ် ဝမ်းသာကြိုဆိုမိတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက် တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“ကျမတို့လူထုကိုယ်စားလှယ်များလို့ ပြောလို့ရတဲ့ ဒီအဖွဲ့အစည်းတွေအနေနဲ့တော့ အကုန်လုံး ကြိုဆိုဝမ်းသာတာတာ တွေ့ရပါတယ်ရှင့်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ ဥပမာဆိုရင်တော့ အစိုးရကတော့ ဒီ NCCT process မှာ တခါမှ ပါဝင်ခဲ့ခြင်းမရှိတဲ့ နာဂလို အဖွဲ့အစည်းမျိုးကိုကျတော့ ဒီထဲမှာ ပါရအောင်ဆိုပြီး ဖိတ်ခေါ်ထားတာ တွေ့ရတယ်။ NCCT process မှာ တောက်လျှောက်ပါလာတဲ့ ပလောင်လိုအဖွဲ့၊ ပြီးလို့ရှိရင်တော့ ရခိုင်လို အဖွဲ့မျိုးကိုကျတော့ မပါပါနဲ့လို့ ပြောထားတာ တွေ့ရတယ်ပေါ့။ အဲဒီတော့ အစိုးရက တောင်းဆိုတဲ့ ၁၅+၁ ပေါ့- ပြောနေတဲ့အဖွဲ့နဲ့ တိုင်းရင်းသားတွေ ဘက်က ပြောတဲ့ လက်ရှိ လက်မှတ်ထိုးထားပြီးတော့မှ နောက်ထပ် အပေါင်း (၁) လို့ပြောတာတောင် မတူကြဘူးရှင့်။ 15+1 လို့ ပြောတာ အချင်းချင်းတောင် မညီတဲ့အတူတူတော့ အကုန်လုံး ပြိုင်တူထိုးမှရမယ်။ အဲဒါကြောင့် ကျမတို့ ကြိုဆိုပါတယ်ရှင့်။”

အခုရက်ပိုင်းအတွင်း KIO ထိန်းချုပ်တဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေမရှိဘူးဆိုပေမယ့် အစိုးရတပ်တွေကတော့ မြစ်ကြီးနား၊ လိုင်ဇာ၊ ဗန်းမော်နဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေမှာ တပ်အင်အားတွေ တိုးချဲ့ချထားပြီး စစ်ရေးပြင်ဆင်မှုတွေ ပိုလုပ်လာနေတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်ခင်ဗျား။

NCCT : : Nationwide Ceasefire Coordination Team

UPWC : : Union Peace-Making Work Committee

SD: : Senior Delegation

EAO: : Ethnic Armed Organization

XS
SM
MD
LG