သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲဒေသ KIO နဲ့ တပ်မတော် ပူးတွဲမစစ်ဆေးနိုင်သေး


အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားရာ ဒေသကို သွားရောက်ပြီး ပူးတွဲစစ်ဆေးမယ့် အစီအစဉ်ဟာ အစိုးရဘက်က သွားရောက်မယ့် ကိုယ်စားလှယ်တွေ မအားတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီသတင်း အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့က ဖားကန့်ဒေသတိုက်ပွဲနဲ့ ဧပြီလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့က တနိုင်းဒေသ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေက ဧပြီလ ၂၇ ရက်နေ့က မြစ်ကြီးနားမြို့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးပြီး တိုက်ပွဲဖြစ်ပွားရာဒေသကို အတူသွားရောက် စစ်ဆေးဖို့ နှစ်ဘက်သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသွားရောက်ဖို့ သဘောတူညီတာကတော့ အစိုးရတပ်နဲ့ ကချင်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားရာမှာ ဘယ်သူက စတင် ပစ်ခတ်တယ်၊ ဘယ်သူက စတင် နယ်ကျော်တယ် ဆိုတာနဲ့ပတ်သက်ပြီး နှစ်ဘက် အငြင်းပွားတာတွေ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။

ပူးတွဲသွားရောက်စစ်ဆေးဖို့ သဘောတူညီပြီး တပတ်ကျော်အကြာမှာတော့ ဒီအစီအစဉ်ဟာ မဖြစ်မြောက်တော့ကြောင်း၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင်က ပြောပါတယ်။

“အဲဒီဟာအတွက်ကို KIO ဘက်က ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ခေါင်းဆောင် ဦးဆောင်ပြီးမှ ၂၆ ရက်နေ့ကတည်းက ဒီကိုရောက်နေတယ်။ ၂၇ ရက်နေ့မှာ အဲဒါကို အစည်းအဝေးထဲမှာ သဘောတူတယ်။ သဘောတူပြီးတော့ အစိုးရဘက်က တိုင်းမှူးကို တင်ပြမယ်ဆိုပြီးမှပြောတော့ ဒီဘက်က KIO ဘက်ကတော့ တောက်လျှောက် ဒီမှာစောင့်နေတာပေါ့နော်။ စောင့်နေပေမဲ့ အစိုးရဘက်က အဆင်သင့်မဖြစ်သေးလို့ မအားလပ်သေးလို့ဆိုပြီးမှ ဒီဥစ္စာ မလုပ်ဖြစ်လိုက်ဘူး။ ဒါကြောင့် ဒီနေ့ပဲ အခု ၁၀ ရက်လောက်ကြာတဲ့အချိန်မှာ ဒီ KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဇော်တောင်တို့ကိုလည်း အခုပဲ ပြန်ပို့ပြီးမှ ကျနော်ပြန်လာတာ အခုပဲ မြစ်ကြီးနားကို ရောက်ပါတယ်။”

အရေးပေါ်အစည်းအဝေးမှာ နှစ်ဘက် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ သဘောတူထားပြီးမှ အခုလို ပျက်ပြယ်ရတဲ့အပေါ်မှာ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက အခုလို ပြောဆိုပါတယ်။

“တခါ ကတိပြုထားရင်တော့ အတူတူသွားဖို့ လိုအပ်တယ်လို့ ကျမတို့ကတော့ မြင်ပါတယ်။ ဘာလို့လဲဆို ဆွေးနွေးထားတဲ့ကိစ္စကလည်းပဲ ဒီခေါင်းစဉ်ဖြစ်တယ်။ နောက်မှ သူတို့လုပ်ရမယ့်အလုပ်ကလည်း ဒီအဖွဲ့ထဲမှာ ဖွဲ့ထားတယ်ဆိုတဲ့အခါကျတော့ တကယ့်ကို သွားရောက်ကြည့်ရှုဖို့ လိုအပ်တယ်ပေါ့နော်။ အဲတော့ ပျက်ကွက်သွားတယ်ဆိုရင် ဘယ်နေ့ပြန်လုပ်မယ်ဆိုတာ၊ တခါတရံ ဆုံဖို့ဆိုတာ ခက်တယ်လို့ ကျမတို့ကတော့ မြင်ပါတယ်။ တကယ် ဆွေးနွေးထားတဲ့ကိစ္စကို သွားမယ်ဆိုရင်တော့ ဘယ်လိုအကြောင်းမျိုးဖြစ်ဖြစ် ဦးစားပေးပြီးတော့ သွားသင့်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ဒါ နံပါတ်တစ် ကျတဲ့အတွက်ပေါ့နော်။ မပျက်ရင်တော့ ပိုကောင်းတာပေါ့။”

ဒီအစီအစဉ် ပျက်ပြားခဲ့ရတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ အစိုးရ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင် နဲ့ KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်တို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အစိုးရနဲ့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့တွေဟာ အရင်က လဆန်းပထမပတ်အတွင်းမှာ ပုံမှန်တွေ့ဆုံလေ့ရှိပေမဲ့ ၂၀၁၄ ခုနှစ် KIO ဌာနချုပ် လိုင်ဇာစစ်သင်တန်းကျောင်းပစ်ခတ်မှုမှာ သင်တန်းသား ၂၀ သေဆုံးပြီးတဲ့နောက် အပတ်စဉ် တွေ့ဆုံဆွေးနွေးတာတွေကို KIO ဘက်က ရပ်နားထားခဲ့ပါတယ်။

အခုနောက်ဆုံးအကြိမ်အဖြစ် ဧပြီလ ၂၇ ရက်နေ့မှာ အရေးပေါ် တွေ့ဆုံထားတာကြောင့် နှစ်ဘက် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေဟာ ဒီလကုန်ပိုင်းမှာမှ ထပ်မံတွေ့ဆုံဖွယ် ရှိနေပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အကြားမှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို ဆွေးနွေးစဉ်မှာတော့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Joint Monitoring Comittee ဖွဲ့စည်းဖို့ကို သဘောတူထားပါတယ်။

XS
SM
MD
LG