သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် စစ်ရေးပြင်ဆင်မှုတွေ တိုး


ကချင်ပြည်နယ် စစ်ရေးပြင်ဆင်မှုတွေ တိုး
ကချင်ပြည်နယ် စစ်ရေးပြင်ဆင်မှုတွေ တိုး

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရကြား မှာ တနေ့တခြား တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ ခုရက်ပိုင်းအတွင်း မြန်မာစစ်တပဘက်က စစ်ရေး ပြင်ဆင်မှုတွေကို တိုးလုပ်လာနေပါတယ်။ မြန်မာပြည်အောက်ပိုင်း တပ်တွေကနေ လက်နက်ကြီးတွေကို ကချင်ပြည်နယ်ဘက်ကို ဆက်တိုက်ပို့နေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေပါတယ်။ အခြေအနေအပြည့်အစုံကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မနူးပန်က တင်ပြထားပါတယ်။

နိုဝင်ဘာလကုန်ပိုင်းကတည်းက မနေ့ကအထိ ကချင်ပြည်နယ် ဗန်းမော်နဲ့ မြစ်ကြီးနားဘက်ကို မြန်မာစစ်တပ် အမြောက်ကြီးတွေတင်လာတဲ့ ကားကြီးတွေ ဖြတ်သွားတာ ၁၀ စီးအထက် တွေ့ရတယ်လို့ ဗန်းမော်မြို့က မျက်မြင်ဒေသခံ အဘိုးတစ်ယောက်က အခုလို ပြောပါတယ်။

“ကားတစီးပေါ်မှာဆိုရင် သူတို့က လက်နက်ကြီးတစ်လက်စီနဲ့ စက်သေနတ်တွေနဲ့ မိုးပျံသေနတ်တွေလည်း ပါမှာပေါ့။ စစ်သားတွေတော့ ၄-၅ ယောက်၊ အဲလိုမျိုး ပါတယ်။ သူတို့က စစ်ပစ္စည်းတွေသွားသယ်တာ သလောက်ပဲရှိတယ်။ သူတို့က ဒီ မန္တလေး လမ်းကနေ တက်လာတာပဲ။”

မနေ့က နိုဝင်ဘာ ၃ ရက်နေ့ညမှာလည်း မန္တလေးလမ်းဘက်ကနေ လက်နက်ကြီး တင်ဆောင်လာတဲ့ စစ်ကား ၅ စီးနဲ့ ထပ်ဝင်လာသလို သင်္ဘောနဲ့လည်း သယ်ပို့နေတာတွေ့ရပြီး ဗန်းမော်စစ်တပ် ခလရ (၂၃၆)၊ ခလရ (၂၃၇)၊ ခလရ (၄၇) နဲ့ အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲဌာနချုပ် စစ်တပ်တွေမှာ ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ပြီး စစ်ကားတွေ မနက်စောစောဖြတ်သွားတာကို တွေ့မြင်ခဲ့တဲ့ ဈေးသည်တွေက ကြောက်လန့်နေပြီး စစ်ဖြစ်ရင်ဘယ်မှာပုန်းမလဲ မြို့ပေါ်စစ်ဖြစ်ရင် ပုန်းမယ့်နေရာမရှိတဲ့အတွက် အခြေအနေကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေကို အကဲခတ်နေတဲ့ တရုတ်နယ်စပ် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ကိုအောင်ဝါကတော့ မြန်မာစစ်အစိုးရနဲ့ ကေအိုင်အိုဟာ ပိုမိုတင်းမာလာတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် နှစ်ဖက်တပ်တွေ စစ်ရေးပြင်ဆင်မှုတွေ တိုးလုပ်လာနေပေမဲ့ အဆင့်သင့်ပြင်ဆင်တဲ့ အနေအထားမှာပဲ ရှိနေကြတယ်လို့ အခုလို သုံးသပ်ပြောဆိုပါတယ်။

“န.အ.ဖ အနေနဲ့ စစ်ရေးပြင်ဆင်တဲ့သဘောမျိုးပဲလို့ သုံးသပ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာလည်း အခက်ခဲတွေနဲ့ အများကြီး ကြုံနေရတယ်။ အရှေ့ဘက်မှာ ဒီကေဘီအေ၊ ကေအဲန်ယူ၊ တခြား ရှမ်းအဖွဲ့အစည်း တွေနဲ့ တိုက်ခိုက်နေတယ်။ ဒီဘက်မှာလည်း ကေအိုင်အေနဲ့ ပြန်တိုက်မယ်ဆို သူ့အတွက် ပိုမိုကြီးမားတဲ့ စစ်မျက်နှာ ဖွင့်ရမယ်။ ဒါကြောင့် ချက်ချင်းတော့ တိုက်မယ်လို့တော့ မမြင်ပါဘူး။ ဒါပေမဲ့ သူကတော့ စစ်ဆင်ရေးအတွက် အဆင်သင့်အနေအထားမျိုး ပြင်ဆင်တယ်လို့ပဲ မြင်နေရတယ်။ ဒီဘက်က ကေအိုင်အေ ဘက်ကနေ ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေ အရပဲ ဖြေရှင်းလိုတယ်၊ စစ်ရေးအရတော့ ဖြေရှင်းချင်တဲ့ ဆန္ဒတော့ မရှိကြဘူး။ ဒါကြောင့် အဓိကတော့ န.အ.ဖ ဘက်က တိုက်မှပဲ ဒီစစ်ပွဲကဖြစ်လာမယ့်သဘော မြင်နေရပါတယ်။”

ဒါပေမဲ့ ဒေသခံတွေကတော့ မြန်မာစစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ချေမှုန်းဖို့ အတွက်ပဲ ပြင်ဆင်နေတာဖြစ်တဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပေမဲ့ စစ်ရေးပြင်ဆင်မှုအရ စစ်ဖြစ်လာ နိုင်ဖွယ်ကြောင့် ကြောက်လန့်နေကြလို့ အစောက ဗန်းမော်ဒေသခံကပဲ ခုလိုပြောပါတယ်။

“သူတို့က ဒီရွေးကောက်ပွဲလုပ်တာလည်း သူတို့က အရင်က လက်နက်ကိုင် အဖွဲ့အစည်းနဲ့ စာချုပ်စာတမ်း တွေကို ဖျက်ဆီးတာ၊ အပြစ်တင်တာ၊ ဖုံးထားတာ၊ ခြိမ်းခြောက်တာတွေ လုပ်ချင်လို့ပဲ ဒီလိုမျိုးလုပ်တာလို့ ကျွန်တော်တို့ မြင်ကြတယ်။ ဒေသခံတွေကတော့ ဒါ သူတို့ ဗမာစစ်တပ်တော့ သူတို့စစ်သဘောက တကယ် တိုက်မယ်လို့ ကျနော်တို့ထင်တာပဲ။ ဟိုးချောင်ချိုချောင်ကြားမှာ ပြည်သူ့စစ်တွေကို ချထားတယ်။ ကျနော်တို့က ကျနော်တို့ လူမျိုး ဒီကချင်ပြည်နယ်မှာ လူမှုရေး ကောင်းကောင်းမွန်မွန် နေချင်တာပေါ့။”

ခုတလော မြန်မာစစ်အစိုးရက ကေအိုင်အို နယ်မြေထဲက ကုန်အဝင်အထွက်တွေကိုလည်း ပိတ်ဆို့လိုက်သလို မကြာသေးခင်ကပဲ ကေအိုင်အို စီးပွားရေး အဆက်အသွယ်ရုံးကလွဲလို့ မြန်မာနိုင်ငံမှာရှိသမျှ ကေအိုင်အို ဆက်ဆံရေးရုံး အားလုံးကို ပိတ်ခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ကေအိုင်အိုအရာရှိတွေကတော့ မြန်မာစစ်အစိုးရဟာ ပြဿနာကို တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့ထက် အဆက်အသွယ် လုံးဝဖြတ်လိုက်သလို ဖုန်းကအစ ဖြတ်တောက် လိုက်တဲ့အတွက် တင်းမာလာတဲ့ အခြေအနေဘက်ကိုပဲ ဆွဲခေါ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG