သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် လေကြောင်းတိုက်ခိုက်မှု ဗိုလ်မှူးကြီး နော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက် 


 KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ /Nawbu (Crd: KNG)
KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ /Nawbu (Crd: KNG)

[[Zawgyi/Unicode]]


ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ရဲ့ တပ်မဟာ ၉ နယ်မြေ ဖားကန့်ဒေသမှာ မြန်မာစစ်တပ်ဘက်က ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ နယ်မြေဟာ KIA ရဲ့ စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ မဟုတ်တဲ့အကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ KIO ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ ဒီနယ်မြေဟာ တပ်စခန်းတခုမဟုတ်ဘဲ ခရီးသွားသူတွေ ခေတ္တအနားယူတဲ့နေရာဖြစ်တဲ့အကြောင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် KIO အမှုထမ်းတွေအပြင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေ၊ အရပ်သားတွေ သေဆုံးခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။ လေကြောင်း တိုက်ခိုက်မှုအပြီး KIA တပ်မဟာ ၉ နယ်မြေ နောက်ဆုံးအခြေအနေ၊ ထိခိုက်ဒဏ်ရရသူတွေကို ကုသပေးနေတဲ့ အနေအထား၊ အသေအပျောက်စရင်း စတာတွေနဲ့ပတ်သက်လို့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကို VOA မြန်မာပိုင်း အစီအစဉ်က ဦးသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးကြီးနော်ဘူခင်ဗျား၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေဘယ်လိုရှိပါသလဲခင်ဗျ၊ အတည်ပြုချက်ပေးနိုင်တာ ဘယ်လောက်ရှိပါပြီလဲခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့။ အခုထက်ထိကတော့ ကျနော်တို့ ....တွေ့ရတာကတော့ သုံးဆယ်နဲ့ခုနစ်ဦး (၃၇ ဦး) ရှိပါတယ်။ အဲဒီနေရာမှာ အခု နာမည်မသိဘဲနဲ့ အလောင်းပဲ ကျန်နေတဲ့ဟာကတော့ ၁၃ ဦးရှိပါတယ်။ နောက် ပျောက်သွားတာလည်း ဆယ်ဦးအထက် ရှိပါတယ်။ ဆိုတော့ အခုလောလောဆယ်တော့ သေဆုံးသွားတာတော့ အယောက် ၆၀ ပေါ့နော်၊ အဲလောက်ထိရှိပါတယ် ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျန်တဲ့ဆေးကုသနေတဲ့လူတွေအရေအတွက်ကကော ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ။ ။ အဲဒါကတော့ အခုလောလောဆယ် ၅၅ ရှိပါတယ်။ ဒါပေမယ့် တချို့တွေကလည်း ရှာမတွေ့ တာလည်း ပါသေးပါတယ်-အဲဒီမှာ။

မေး။ ။ ဟုတ်ကဲ့၊ ဆေးကုသတဲ့အထဲမှာရော စိုးရိမ်ရတဲ့လူတွေ ရှိပါသလားခင်ဗျ။

ဖြေ။ ။ အရမ်းလည်း ပါပါတယ်။ တချို့တွေကတော့ မစိုးရိမ်ရတဲ့အဆင့်လည်း ပါပါတယ်။ စိုးရိမ်ရတဲ့အဆင့်လည်း ပါပါတယ်၊ ဟုတ်ကဲ့။

မေး။ ။ ဟုတ်ကဲ့၊ စောစောပိုင်းကသတင်းထွက်တာက ကချင်အနုပညာရှင်တွေလည်း ထိခိုက်သေဆုံးသွားတဲ့အထဲမှာ ပါတယ်ဆိုပြီး သတင်းထွက်ပါတယ်ခင်ဗျ။ အဲဒါကော ဟုတ်ပါသလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့..ဟုတ်ကဲ့၊ ပါပါတယ်ခင်ဗျ။

မေး။ ။ လမ်းတွေပိတ်ထားတဲ့အတွက်ကြောင့် ကုသရေးမလုပ်နိုင်ဘူးဆိုတဲ့အခြေအနေကရော အခု ပြန်ကောင်းပါပြီလားခင်ဗျ။

ဖြေ။ ။ မကောင်းသေးဘူး၊ အခုထက်ထိ အဆင်မပြေသေးဘူးခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ ဒါဆို လူနာတွေကို ဆေးရုံတွေမှာသွားပြီး ကုသနိုင်တဲ့အခြေအနေမရှိသေးဘူးပေါ့။

ဖြေ။ ။ ဟုတ်ကဲ့-မရှိဘူးပေါ့။ မြို့ပေါ်မှာကုသဖို့ဆိုတာအဆင်မပြေဘူး။ ကျနော်တို့ KIO အဖွဲ့အစည်းအနေနဲ့ အတတ်နိုင်ဆုံး ကုသပေးတာပဲဖြစ်ပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ စစ်ကောင်စီဘက်က ကြေညာချက်ထုတ်တာက KIA ဘက်ကနေ သူတို့စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် သူတို့က တန်ပြန်တိုက်တာဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။ ဒါနဲ့ပတ်သက်လို့ KIOအနေနဲ့ ဘယ်လို တုံ့ပြန်ချင်ပါသလဲခင်ဗျ။

ဖြေ။ ။ အဓိက-ကတော့ ကျနော်တို့ ထုတ်ပြန်ကြေညာချက်ထုတ်ထားတာရှိပါတယ်။ အဲဒီမှာ ပါတာဖြစ်ပါတယ်ခင်ဗျ။ ပြောလိုတာကတော့ သူတို့ပြောတဲ့ သူတို့ရေးတဲ့အတိုင်းလည်း မဟုတ်ဘူးခင်ဗျ။ သူတို့ ပြောနေတဲ့စခန်းတွေပေါ့နော်၊ အဲဒါတွေလည်း မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ဘာဖြစ်ဖြစ် အဲဒီအပိုင်းကတော့ သိပ်မှ.. ပြောစရာ ဘာမှမလိုဘူး။ သူက ရန်သူဖြစ်နေလို့လေ-နော။ ရန်သူဖြစ်နေလို့ ပြောစရာမရှိဘူးလို့ပဲ ကျနော်ပြောလိုခြင်း ဖြစ်ပါတယ်။”

မေး။ ။ အခု သူက ဒီထဲမှာ အရပ်သားတွေ ထိခိုက်သေဆုံးတာမရှိဘူး၊ ကချင်အနုပညာရှင်တွေသေဆုံးတာမရှိဘူးဆိုပြီးတော့ ငြင်းဆိုနေလို့ပါခင်ဗျ။ ဒါနဲ့ပတ်သက်လို့ ဘာများ တုံ့ပြန်ပြောချင်ပါလဲ။ သေဆုံးသူတွေထဲမှာ အရပ်သားတွေ ဘယ်လောက်လောက် ပါပါလဲခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့ပါ၊ အဲဒါကိစ္စပါ- ကျနော်တို့ အမြဲတမ်းပြောနေတာ။ အခုနကတည်းကပြောနေတဲ့ ရန်သူကိုတော့- ရန်သူအချင်းချင်း တိုက်တာ ခိုက်တာကတော့ အပြစ်မပြောလိုဘူးပေါ့နော်။ ဒါပေမယ့် အခု ဒီနေရာ၊ အနန့်ပါ-ဆိုတဲ့နေရာကတော့ ကျနော်တို့ KIO ကတပ်စခန်းမဟုတ်ဘူး။ တပ်စခန်းလည်းမဟုတ်ဘူး။ နောက်ပြီးတော့ တိုက်ခိုက်နေတဲ့အချိန်မှာတော့ ကျနော်တို့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးမှနေတဲ့အချိန်အခါဖြစ်နေတယ်။ အဲဒါကြောင့် ပြည်သူလူထုကိုထိခိုက်တာ။ သူတို့ပြောတာကတော့ အားလုံး KIO -KIA ဝန်ထမ်းတွေဖြစ်တယ်လို့ပြောတာ၊ ဒါက လုံးဝမမှန်ဘူး၊ မရှိဘူး။ အခုနကပြောသလိုပေါ့နော်- အနုပညာရှင်တွေပါတယ်။ စီးပွါးရေးလုပ်ငန်းရှင်တွေလည်းပါတာပေါ့။ ဒါကြောင့် သူတို့ပြောတဲ့ ပြည်သူလူထုမပါဘူးဆိုတာ လုံးဝ မှန်ကန်မှုမရှိဘူးဆိုတာ ကျနော် ငြင်းဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ကဲ့၊ ဗိုလ်မှူးကြီးနော်ဘူ၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။

#KIO #KIA #အနန့်ပါကျေးရွာ #ဗိုလ်မှူးကြီးနော်ဘူ #သိန်းထိုက်ဦး #လေကြောင်းတိုက်ခိုက်မှု #ကချင်ပြည်နယ်

ဖားကန့်လေကြောင်း တိုက်ခိုက်မှု အပေါ် KIO တုံ့ပြန်ချက်
please wait

No media source currently available

0:00 0:04:38 0:00

==========

[[Unicode]]





















==========

XS
SM
MD
LG