သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ၊ ကာချုပ်တို့နဲ့ KIO တွေ့ဆုံ


နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIO တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်။ (မတ် ၁၆၊ ၂၀၁၅)
နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIO တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်။ (မတ် ၁၆၊ ၂၀၁၅)

ပြည်ထောင်စုက ခွဲမထွက်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အောင်မြင်တဲ့အထိ KIO က လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ KIO အဖွဲ့က ပြောကြားလိုက်သလို တိုင်းပြည်အတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက်လမ်းပေါ်လာပြီလို့ KIO နဲ့တွေ့ဆုံအပြီး မြန်မာ့ တပ်မတော်ဘက်ကလည်း ပြောဆိုလိုက်ပါတယ်။ KIO အဖွဲ့ဟာ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ နေပြည်တော်မှာ ဒီကနေ့ သီးခြားစီတွေ့ဆုံခဲ့ကြတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ KIO နဲ့ သမ္မတဦးသိန်းစိန်တို့ နေပြည်တော်က သမ္မတလယ်တော်အိမ်မှာ တွေ့ဆုံကြစဉ်။ (မတ်လ ၁၆၊ ၂၀၁၅)
ကချင်လက်နက်ကိုင်အဖွဲ့ KIO နဲ့ သမ္မတဦးသိန်းစိန်တို့ နေပြည်တော်က သမ္မတလယ်တော်အိမ်မှာ တွေ့ဆုံကြစဉ်။ (မတ်လ ၁၆၊ ၂၀၁၅)

နေပြည်တော်ကို ရောက်နေတဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ ဒီကနေ့မနက် ၁၀ နာရီက သမ္မတရဲ့ လယ်တော နေအိမ်မှာ တွေ့ဆုံခဲ့ကြတာပါတယ်။ KIOကိုယ်စားလှယ်အဖွဲ့ကို KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာနဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ဦးဆောင်ပြီး အခြားအဖွဲ့ဝင်တွေလည်း လိုက်ပါခဲ့ပါတယ်။ အခုလို KIO ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့မြန်မာအစိုးရခေါင်ဆောင် တွေ တွေ့ဆုံကြတာ ဒါ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲအပြီး KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သတင်းဌာနတွေကို အခုလိုပြောဆိုသွားပါတယ်။

“ကျနော်တို့ဘက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပုံစံနဲ့သွားမှာဖြစ်ပါတယ်။ ပြီးတော့ကျနော်တို့ ပြည်ထောင်စုထဲမှာ အတူတကွ နေထိုင်ခဲ့ကြတာ ကချင်လူမျိုးများကို ဘိုးစဉ်ဘောင်ဆက်ကတည်းက ဆန္ဒအမှန်နဲ့တည်ရှိနေခဲ့ကြတယ်ဆိုတာကို အားလုံးကို အသိပေးလိုတာ ဖြစ်ပါတယ်။ KIO အနေနဲ့ အမျိုးသားညီလာခံကတည်းက တင်ပြချက်တွေအကုန်လုံးက တနိုင်ငံလုံးနဲ့ဆိုင်တဲ့အချက်တွေကို အဓိက ထားပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုအရေးပေ့ါ၊ အခုလို ဆွေးနွေးပွဲတွေမှာ နှစ်ဘက် အတိုးအလျှော့နဲ့ ညှိနှိုင်းနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အောင်မြင်အောင်လုပ်သွားမှာဖြစ်တယ်လို့ အားလုံးကို သတင်းကောင်းပါးချင်ပါတယ်။”

KIO ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတချို့လည်း တက်ရောက်တာ တွေ့ရပါတယ်။ နှစ်ဘက် ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းကလည်း မှတ်ချက်ပေးပါတယ်။

“တိုင်းရင်းသားတွေဘက်ကတင်ပြတာတော့ အဓိကအားဖြင့် တိုင်းပြည်က ခွဲမထွက်ဘူး၊ နောက်ပြီးတဲ့အခါကျတော့ ငြိမ်းချမ်းရေးကို မရောက် ရောက်အောင် သွားမယ်။ ဒါလေးကို အဓိကထားပြီးတော့ကတိပြုပြီး ပြောဆိုတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ သမ္မတကြီးနဲ့ တွေ့တဲ့ ပွဲဟာ ကောင်းမွန်တဲ့ပွဲဖြစ်ပါတယ်။ ယုံကြည်မှုတွေ ပိုပြီးတော့တည်ဆောက်နိုင်တယ်လို့ ကျနော် ပြောလို့ရပါတယ်။ သိပ်မကြာခင် ကာလ မှာလည်း ငြိမ်းချမ်းရေးတွေရတော့မယ်လို့ ဒီလိုပဲ ကျနော်မျှော်လင့်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ”

ကချင်လက်နက်ကိုင်အဖွဲ့ KIO က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ သွားရောက်တွေ့ဆုံစဉ်။ (မတ်လ ၁၆၊ ၂၀၁၅)
ကချင်လက်နက်ကိုင်အဖွဲ့ KIO က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ သွားရောက်တွေ့ဆုံစဉ်။ (မတ်လ ၁၆၊ ၂၀၁၅)

KIO ကိုယ်စားလှယ်အဖွဲ့ဟာ ညနေ ၄ နာရီလောက်မှာ နေပြည်တော်က ဘုရင့်နောင်ရိပ်သာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက်တပ်တွေရဲ့ တိုက်ပွဲကြောင့် နှစ်ဖက်စလုံး အကျအဆုံးတွေရှိနေကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတွင်းမှာလည်း အောက်ခြေအဆင့်ထိ နားလည်လုပ်ဆောင် ခြင်းအားဖြင့် နှစ်ဖက်ကြား သံသယတွေကို ဖြေဖျောက်နိုင်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း တပ်မတော်က ထုတ်ပြန်တဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

မနက်ဖြန် မတ်လ(၁၇) မနက်ပိုင်း ရန်ကုန်မြို့MPC ငြိမ်းချမ်းရေးစင်တာမှာ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးပူးပေါင်ဆောင်ရွက်မှုအဖွဲ့ NCCTတို့ ဆွေးနွေးကြမှာဖြစ် ပါတယ်။ အဲဒီဆွေးနွေးပွဲ ကို တက်ရောက်မယ့် UNFC ခေါင်းဆောင် နိုင်ဟံသာက နေပြည်တော်က ဒီကနေ့တွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုပါတယ်။

“ကျနော်တွေ့တဲ့အပေါ်မှာတော့ ဒါ ကောင်းတဲ့လက္ခဏာတော့ မြင်တယ်။ အချင်းချင်းမတွေ့ဘဲနဲ့ ဒီလို အဝေးကနေ သူ့ကို ကိုယ်အထင်မှား၊ ကိုယ့်ကိုသူအထင်မှားပေါ့လေ၊ အခုလို သဘောထားကြီးကြီးနဲ့ နှစ်ဘက်တွေ့ကြတဲ့အခါကျတော့ ဒါ ကောင်းတဲ့လက္ခဏာပဲလို့ အန်ကယ်လ် မြင်တယ်။ ဒါပေမယ့် အသေးစိတ်ကတော့ အန်ကယ်လ်လည်း မပြောတတ်သေးဘူး။ ဘာတွေ ဆွေးနွေးထားမှန်းလည်း မသိဘူးလေ။ ဘယ်လောက် အကျိုးသက်ရောက်မှုရှိမယ်ဆိုတဲ့ဟာတော့ အတတ်မပြောနိုင်သေးဘူး။ အထိုက်အလျှောက်တော့ အကျိုးသက်ရောက်မှု ရှိမယ်ထင်တယ်။”

နေပြည်တော်က KIO ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထူးခြားမှုတခုကတော့ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ခရိုနီသူဌေး ဦးတေဇက သူပိုင်ဆိုင်တဲ့ နေပြည်တော်က ရွှေစံအိမ်ဟော်တယ်မှာ KIO အဖွဲ့လာရောက်တည်းခိုတဲ့ကိစ္စကို အထူးဝမ်းမြောက်ကြောင်းနဲ့ နောင်မှာလည်း KIO အဖွဲ့အတွက် နေပြည်တော်မှာ အိမ်တစ်လုံးရှိနေတယ်လို့ မှတ်ယူစေလိုကြောင်း ဦးတေဇက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဦးတေဇဟာ ပူတာအို ရေခဲတောင်ဒေသနဲ့ ကချင်ပြည်နယ်အတွင်းက သစ်လုပ်ငန်းနဲ့ ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်းတွေမှာ စီးပွားရေးလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG