သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ်အန္တရာယ် KIO သတိပေး


ပြည်တွင်းစစ်အန္တရာယ် KIO သတိပေး
ပြည်တွင်းစစ်အန္တရာယ် KIO သတိပေး

၁၆ နှစ်တာ အပစ်အခတ် ရပ်စဲခဲ့ကြတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIO) နဲ့ မြန်မာအစိုးရတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ပြည်တွင်းစစ်ကြီး ဖြစ်သွားတဲ့အထိ ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ KIO က ကြေညာလိုက်ပါတယ်။ မြန်မာအစိုးရ တပ်တွေဘက်က KIO ဌာနချုပ်နားမှာ တပ်တွေချထားတာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာကို နောက်မဆုတ်တဲ့အပြင် လက်နက်ကြီးတွေနဲ့ စပြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်တွင်းစစ် အခြေအနေမျိုးထိ တိုက်ပွဲက ပြင်းထန်လာနေတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က စုစည်းတင်ဆက်ထားပါတယ်။

ပြည်တွင်းစစ်အဖြစ် တိုက်ပွဲဝင်သွားဖို့ KIO က ကြေညာအပြီး မြန်မာစစ်တပ်နဲ့ KIA တပ်ရင်း ၁၅ ကြား ဗန်းမော်၊ မိုးမောက်မြို့ တာပိန်မြစ် ရေကာတာ အနီးမှာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ရေကာတာအနီး အခြေချထားတဲ့ မြန်မာစစ်တပ်တွေက တိုက်ပွဲကြောင့် နောက်ဆုတ်ပေးခဲ့ရပြီး ရေကာတာ စီမံကိန်းက တရုတ်အလုပ်သမား ၃၀၀ ခန့်ကိုတော့ KIA တပ်က နယ်စပ်ကို ပြန်ပို့ပေးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

KIA က မနေ့ညက တာပိန်မြစ် ရေကာတာ ၂ ခုကို အဓိက ဆက်သွယ်ထားတဲ့ နမ်ဖတ်ခချောင်း တံံတားကိုလည်း ဗုံးခွဲ ဖျက်ဆီးလိုက်တဲ့အတွက် မြန်မာစစ်တပ်ဘက်က စစ်အင်အားဖြည့်ဖို့ အဝင်အထွက်လည်း အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာအစိုးရက ရိက္ခာနဲ့ သွားလာဖို့ ရေကာတာအတွက် အဓိက ဆောက်လုပ်တဲ့ နေရာဖြစ်ပြီး အခုချိန်မှာလည်း တပ်အင်အား ဖြည့်နေချိန်မှာ အဝင်အထွက် ပိတ်လိုက်တဲ့ အနေနဲ့ မနေ့ညမှာ ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်လို့ KIO အရာရှိက ကချင်လို အတည်ပြု ပြောဆိုပါတယ်။

“ဒီတံတားက တောင်ကျချောင်းရေဖြစ်ပြီး တာပိန်မြစ်မှာဆုံတဲ့ တံတားဖြစ်တယ်။ ကားတွေ ဖြတ်လို့ရအောင် ယာယီလုပ်ထားတဲ့ တံတားလို့ ပြောလို့ရပါတယ်။ အဲဒီရေက တအားကြီးတယ်၊ အခုတလော လူတွေ ဖြတ်လို့မရဘူး။ ဝါးဖောင်နဲ့လည်း ဖြတ်လို့မရဘူး။ လျှပ်စစ်မီး အစီအစဉ်အတွက် ဆောက်လုပ်ထားတာ မနေ့ညက ဖျက်ဆီးလိုက်တာ ဖြစ်တယ်။”

လတ်တလော KIO ရဲ့ အချက်အချာကျ ဘွမ်ဆဲန်ဘွမ် တပ်စခန်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်အင်အား ၁,၀၀၀ နီးပါးနဲ့ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်မှုကြောင့် နောက်ဆုတ်ပေးလိုက်ရတဲ့နောက် အခုလို ပြည်တွင်းစစ်ဖြစ်ဖို့ ကြေညာခဲ့တာ ဖြစ်တယ်လို့ KIO အရာရှိတွေက ပြောပါတယ်။ မြန်မာတပ်တွေကို KIO က အဲဒီနေရာတွေကနေ နောက်ဆုတ်ပေးဖို့ ရာဇသံ ပြန်ပေးခဲ့တာကို လက်မခံခဲ့လို့ အခုလို ပိုမိုပြင်းထန်လာတာ ဖြစ်တယ်လို့ အရာရှိက ကချင်လို ပြောပါတယ်။

“လောလောဆယ် ဘွမ်ဆဲန်ကိုတော့ ကျနော်တို့ ဖယ်ထားပါတယ်။ အခြေအနေကိုကြည့်ပြီး ရှောင်ထားပြီး နည်းနည်း နောက်ဆုတ်ထားတယ်။ အခုတော့ ပြည်တွင်းတခုလုံး လှုပ်ရှားသွားဖို့တော့ ရှိတယ်။ မနေ့က ၁၂ နာရီနောက်ဆုံး မြန်မာတပ်တွေကို ဘွမ်ဆဲန်တောင်နဲ့ လိုင်ဇာ ဌာနချုပ်အနီး ဖွန်ပဲန်ဘွမ်မှာလည်း နောက်ဆုတ်ပေးဖို့၊ မနေပေးဖို့ ပြောပေမဲ့ ၁၂ နာရီ ကျော်သွားပြီလေ။ မြန်မာတပ်တွေက ဖယ်မပေးဘူးဆိုတော့ ၁၂ နာရီကျော်ရင် ပြည်တွင်းစစ်အထိ ဦးတည်သွားမယ်ဆိုတာ သေချာသွားပြီလေ။”

အခုလို KIA ရဲ့ ဘွမ်ဆဲန်တောင်ကို သိမ်းလိုက်တာဟာ KIA တပ်ရဲ့ ဗဟိုဌာနချုပ်နဲ့ တပ်မဟာ ၃၊ တပ်မဟာ ၅ ကို ဆက်သွယ်ထားတဲ့ အရေးကြီးနေရာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်က အမြောက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် KIO ဘက်က သေဆုံးမှု ၅ ယောက်ထက်မနည်း ရှိပြီး ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့သလို မြန်မာတပ်ဘက်ကလည်း ၅ ယောက်အထက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဗန်းမော်ဆေးရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါပေမဲ့ အခုလို တိုက်ပွဲတွင်း မြန်မာစစ်တပ်ဘက်က ရှေ့တန်းမှာ အသုံးပြုသူများဟာလည်း ကချင်မျိုးနွယ်စု၊ ရဝမ်လူမျိုးများ ဖြစ်နေတာကို တွေ့ရှိရတယ်လို့ လိုင်ဇာဒေသခံက အခုလို ပြောပါတယ်။

“တိုင်းရင်းသား အချင်းချင်းတွေကို သူတို့က ဓားစာခံ လုပ်တယ်။ အခုလောလောဆယ် တိုက်ပွဲမှာ ကျတဲ့ အလောင်းတွေကို စစ်ဆေးကြည့်တော့ ရဝမ်လူမျိုးတွေ ပါနေတယ်ဆိုတာ တွေ့ရပါတယ်။ ကချင်အချင်းချင်း ဓားစာခံ လုပ်ပြီးမှ တိုက်ပွဲတွေ ဆင်နွှဲနေတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။”

နောက်ပြီး မြန်မာစစ်တပ်ဘက်က ပြည်သူလူထုထဲက ပေါ်တာဆွဲတာတွေ ပြုလုပ်နေပြီး KIO ဌာနချုပ် လိုင်ဇာ အနီးတဝိုက် ဒေသခံတွေကလည်း လိုင်ဇာမြို့ထဲမှာ ထွက်ပြေးတိမ်းရှောင်နေတာ ၅၀၀ ကျော် ရှိနေပြီလို့ ပြောပါတယ်။

လိုင်ဇာနဲ့ မိုင်ဂျာယန်ကနေ တရုတ်ပြည်ဘက် ပစ္စည်းတွေနဲ့ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒေသခံတွေကို တရုတ်အစိုးရက အားလုံးကို လက်မခံတဲ့အတွက် တချို့ ပြန်လှည့်လာရတယ်လို့ မိုင်ဂျာယန် ဒေသခံက အခုလို ပြောပါတယ်။

“ပစ္စည်းတချို့ တရုတ်ပြည်ဘက် ရွှေ့ပြောင်းနေကြတယ်။ တရုတ်ပြည်ထဲမှာလည်း သူတို့က ကလေးတွေ၊ အသက်ကြီးတဲ့ အဖိုးအဖွားတွေကိုပဲ လက်ခံတယ်။ လူငယ်ပိုင်းတွေကို ပြန်မောင်းထုတ်လိုက်တယ်လို့ ကြားရတယ်။”

ရပ်ရွာတွင်း အမျိုးသားများက ရှေ့တန်း မထွက်မနေရ အမိန့်နဲ့ တိုက်ပွဲဝင်နေပြီး ဒေသခံများကတော့ တိုက်ပွဲကြောင့် ရှောင်ပြေးနေဖို့ နေရာကို စိုးရိမ်ပူပန်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာတပ်တွေဟာ ကချင်ပြည်နယ် KIA တပ်ရှိရာ တနိုင်းနဲ့ တပ်ရင်း ၃ ရှိရာ ဝိုင်းမော်မြို့ ဆဒုံးမြို့နယ်နဲ့ တပ်စခန်းတွေ ရှိရာကို အင်အားဖြည့်နေသလို ရှမ်းပြည်နယ် KIA တပ်မဟာ ၄ အနီး လားရှိုး၊ မူဆယ် လမ်းတဘက်မှာလည်း တပ်ရင်း ၃ ရင်း စစ်အင်အား တိုးမြှင့်ထားပြီး ဗန်းမော်မြို့တွင်းမှာလည်း ထပ်ဖြည့်ထားတယ်လို့ KIO အရာရှိတွေက ပြောပါတယ်။

ဌာနချုပ် လိုင်ဇာအဝင်ဂိတ် လဂျားယန် မြန်မာတပ်တွေမှာလည်း စစ်အင်အားတွေ ဆက်တိုက် ဖြည့်နေမှုကြောင့် မြန်မာဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပုံရပြီး ဒေသခံ ပြည်သူ့စစ်တွေလည်း အချိန်ပြည့် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ တိုက်ပွဲမှာ ဆန်ဂန်ကျေးရွာ KIO ဆက်ဆံရေးရုံးကို သိမ်းပိုက်ခဲ့ပြီး KIA ရဲ့ မြစ်ကြီးနား ဆက်ဆံရေးရုံးနဲ့ မြစ်ကြီးနားမြို့ တမြို့လုံးကို မီးပေးနေတဲ့ ဘူးဂါးရုံးကိုလည်း လာမယ့် တနင်္ဂနွေနေ့ နောက်ဆုံး ရုပ်သိမ်းပေးဖို့ သတိပေးလိုက်တယ်လို့ အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG