ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဟာ မြန်မာတပ်နဲ့ ပြည်တွင်းစစ်အထိ တိုက်ပွဲဝင်သွားဖို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာတပ်တွေ စစ်အင်အား ဖြည့်နေမှုကို အဟန့်အတားဖြစ်အောင် လမ်းတံတားတွေကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။ နောက်ဆုံးချိန်အထိ KIA ဌာနချုပ်နဲ့ အနီးစပ်ဆုံး နေရာတွေဖြစ်တဲ့ အချက်အချာကျတဲ့ နေရာ အနည်းဆုံး ၃ ခုမှာ ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်ပြီး မြန်မာတပ်တွေဘက်ကလည်း အဲဒီနေရာကို ဝင်နိုင်အောင် စစ်အင်အားတွေနဲ့အတူ ကြိုးစားနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြည်တွင်းစစ်အထိ ထိုးစစ်ဆင် တိုက်ခိုက်သွားဖို့ ပြောဆိုလိုက်ပြီးနောက် အဆက်မပြတ် ကချင်ပြည်နယ်ကို စစ်အင်အား ဖြည့်နေတဲ့ မြန်မာတပ်တွေကို KIO က ဆက်သွယ်ရေး ဖြတ်တောက်တဲ့ အနေနဲ့ တံတားတွေကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။
မြန်မာစစ်တပ် အမြောက်ကားတွေနဲ့ စစ်အင်အားတွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့အတွက် ဌာနချုပ် လိုင်ဇာဘက်ကို မချဉ်းကပ်နိုင်အောင် တံတားတွေကို မနေ့ညက ထပ်မံ ဖျက်ဆီးခဲ့တာလို့ KIA အဖွဲ့သား တယောက်က ကချင်လို ပြောပါတယ်။
“အခု ကျနော်တို့ကတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ မြန်မာတပ်တွေကလည်း စစ်ကြောင်း ဆင်နေဆဲပဲ။ အခုတလော ဖောက်ခွဲထားတဲ့ ဝိုင်းမော်တံတားဘက်မှာလည်း သူတို့ ပြင်နေကြတာ အခုတော့ ပြီးပြီထင်တယ်။ တံတားကျိုးတဲ့ နေရာမှာ ထိပ်မှာ စောင့်နေကြတယ်။ အဲဒါပြီးတာနဲ့ ဝင်လာမယ့်ကားတွေ ၅ စီးအထက် ရှိတယ်ပြောတယ်။ ကားတစီးမှာ လူအင်အား တော်တော်များတယ် ပြောတယ်။ ကျနော်တို့ဘက်ကတော့ ကြေညာထားပေမဲ့ ထိုးစစ်ဆင်တာမျိုးတော့ မရှိသေးပါဘူး။”
အဟန့်အတားလုပ်ဖို့ ဖျက်ဆီးခဲ့တဲ့ တံတားတွေကတော့ ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာလမ်းပေါ်က ပေ ၁၀၀ အထက်ရှည်တဲ့ နန့်မြစ် ချောင်းကူးတံတား၊ လနူးတံတား၊ KIO ရေအားလျှပ်စစ် ထုတ်လုပ်နေတဲ့ မလီ ချောင်းကူးတံတားနဲ့ ရှမ်းပြည်နယ်မှာတော့ မန္တလေး၊ မူဆယ် ကားလမ်းက နမ့်ဖတ်ကာနဲ့ တာမိုးညဲ၊ မုန်းစီ ကားလမ်းက နမ့်ခရိုင်တံတား ဖြစ်တယ်လို့ တပ်မဟာ ၄ KIA အဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလို တံတားတွေ ဖျက်ဆီးပြီးတဲ့ နောက်မှာတော့ မြန်မာတပ်တွေက KIA ဌာနချုပ်ဘက်ကို ချဉ်းကပ်လာနိုင်အောင် ထပ်မံ ကြိုးစားနေတဲ့အပြင် အနီးတဝိုက် ဒေသခံတွေကို ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နေတဲ့အတွက် လိုင်ဇာဌာနချုပ်ကို ထွက်ပြေး တိမ်းရှောင်လာသူတွေ များပြားနေဆဲ ဖြစ်တယ်လို့လည်း KIA အဖွဲ့ဝင်က ကချင်လို ဆက်ပြောပါတယ်။
“ကချင်ဆိုရင် ယောကျ်ားတွေကို မမြင်ချင်ဘူးလို့ ပြောတယ်။ ယောကျ်ားတွေ မှန်သမျှကို တွေ့တဲ့နေရာမှာ ပစ်သတ်မယ်လို့ ပြောလို့ ဒေသခံတွေ အားလုံး ကြောက်လန့်နေကြပြီး ကျနော်တို့ကတော့ သူတို့အားလုံးကို သတိနဲ့ပဲနေဖို့ ပြောထားပါတယ်။ သူတို့ဘက်က စပစ်ရင်တော့ ကျနော်တို့ဘက်ကလည်း ပစ်မှာပဲ။”
မနေ့ညအထိ ရှမ်းပြည်နယ် ဆန်ဂန်ဒေသမှာ KIA တပ်နဲ့ မြန်မာတပ်တွေ တိုက်ပွဲဖြစ်ခဲ့ရာမှာ မြန်မာတပ်ဘက်က မိုးမိတ်အခြေစိုက် ခမရ ၃၄၈ နဲ့ မိုးမောက်အခြေစိုက် ခမရ ၄၃၇ တပ်ရင်း ၂ ရင်း နောက်ဆုတ်သွားခဲ့တယ်လို့ KIA အရာရှိတွေက ပြောပါတယ်။
ဇွန်လ ၉ ရက်ကနေ ဒီနေ့ထိ တိုက်ပွဲတွေ မရပ်မနား ဖြစ်နေတာကြောင့် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာနဲ့ မိုင်ဂျာယန် ဒေသခံ အမျိုးသား အားလုံး မသွားမနေရ အမိန့်ကြောင့် ရပ်ရွာတွင်း ကလေးနဲ့ မိခင်များကသာ တရုတ်ဘက်ကို ပြောင်းရွှေ့မှုတွေ လုပ်နေကြတယ်လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
“ကျနော်တို့ ဒီရွာမှာ ဗမာစစ်သားတွေနဲ့ တိုက်ပွဲ စဖြစ်ကတည်းက ယောက်ျားတွေ အားလုံးနီးပါးက စစ်မြေပြင်ဘက်ကို အားစိုက်ရတယ်။ ရွာက ယောက်ျားတွေက သူတို့ အရေးပေါ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ စစ်မြေပြင်ကို ရိက္ခာတွေ ဘာတွေ ပေးဖို့အတွက် လုပ်နေရတာပေါ့။”
မြန်မာစစ်တပ်က အခုချိန် ရှမ်းပြည်နယ်ရှိ ဒေသခံတွေကို ပေါ်တာဆွဲနေတဲ့အတွက် ဗန်းမော် ဒေသတွင်းမှာလည်း စစ်ကား၊ အမြောက်ကားတွေ၊ သင်္ဘောတွေနဲ့ စစ်အင်အား ဖြည့်ဝင်လာတာကြောင့် ဒေသခံတွေက ပေါ်တာဆွဲမှာကို စိုးရိမ်ပြီး တရုတ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။
အခုလို တင်းမာမှုကြောင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပေမဲ့ KIO ဟာ ပြည်သူလူထု အခွင့်အရေးအတွက် တိုက်ခိုက်နေခြင်းဖြစ်ပြီး မြန်မာအစိုးရ အနေနဲ့ ထည့်သွင်း စဉ်းစားပေးမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဖို့လည်း အဆင်သင့် ဖြစ်တယ်လို့ KIO ဒု-နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ် လွမ်းဒေါင်က ပြောပါတယ်။
နောက်ဆုံးအခြေအနေရ တိုက်ပွဲကြောင့် KIA ဘက်က အနည်းဆုံး ၄ ယောက်ကျပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ မြန်မာတပ်ဘက်ကတော့ အတိအကျ သေဆုံးမှု မသိရသေးပေမဲ့ ၁၀ ယောက်အထက် သေဆုံးမှုရှိပြီး ကား ၂ စီးနဲ့ ဗန်းမော်သချုႋင်းမှာ မြှုပ်နှံတာ တွေ့ရတယ်လို့လည်း ဗန်းမော် ဒေသခံတွေက ပြောပါတယ်။