[[Zawgyi/Unicode]]
စစ်ကောင်စီကကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ ရန်သူ မိတ်ဆွေ ကွဲကွဲပြားပြားရှိစေဖို့ ဒီရွေးကောက်ပွဲမှာမပါဝင်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူရဲ့နှစ်သစ်ကူးမိန့်ခွန်းထဲမှာ သတိပေးထားပါတယ်။ အခုလို စစ်ကောင်စီကပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အဓိကနိုင်ငံရေးနဲ့တိုင်းရင်းသားအင်အားစုတွေက လက်မခံတာကြောင့် ဒီအတိုင်းဆိုရင် ၂၀၂၃ ရွေးကောက်ပွဲကာလမှာ ပြည်တွင်းတင်းမာမှုတွေ၊ ပဋိပက္ခတွေ တိုးလာနိုင်ခြေရှိပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုထားတဲ့ နှစ်သစ်ကူးမိန့်ခွန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့တာပါ။
ဒီလို ထုတ်ပြန်တဲ့မိန့်ခွန်းမှာ စစ်အာဏာရှင်စနစ်ကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုမထောက်ခံဖို့ တိုက်တွန်းတဲ့အချက်တွေ ပါဝင်ကြောင်း KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ ရွေးကောက်ပွဲမှာပါဝင်ပြီးမှ ထောက်ခံတဲ့သူတွေအားလုံးကတော့ စစ်တပ်ကို ထောက်ခံတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီ စစ်တပ်ကတော့ မြန်မာနိုင်ငံပြည်သူလူထုတရပ်လုံးရဲ့ ရန်သူဖြစ်ပါတယ်။ အဲဒီရန်သူကို ထောက်ခံတဲ့သဘောဖြစ်ပါတယ်။ အဲဒါကြောင့် မထောက်ခံဖို့ပေါ့နော်။ ပါဝင်ပြီးမှ မဲဆွယ်တောတွေ၊ ရွေးကောက်ပွဲဖြစ်အောင် ကူညီပံ့ပိုးတာတွေ အားလုံးကတော့ စစ်တပ်ကို ထောက်ပံ့တဲ့၊ ကူညီတဲ့ လူတွေဖြစ်ကြပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ ရန်သူကို ထောက်ပံ့တဲ့သူမဖြစ်အောင်။ ခုတည်းက သူကတော့ သတိပေးတဲ့ ပုံစံနဲ့ ပြောသွားတာဖြစ်ပါတယ်ခင်ဗျ။”
ဖွဲ့စည်းပုံနဲ့အညီ အာဏာယူခဲ့တာပါလို့ ပြောနေတဲ့ စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် အခု ဇန်နဝါရီလအကုန်မှာ သူ့ သက်တမ်းပြည့်မှာပါ။ တပြိုင်တည်းမှာလည်းပဲ ဒီနှစ် သြဂုတ်လလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်ထားပါတယ်။ အတိအအကျရက်အားဖြင့်တော့ ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။
ဒီရွေးကောက်ပွဲကို နိုင်ငံရေးအတိုက်အခံအင်အားစုတွေကလည်း ကန့်ကွက်နေတဲ့အတွက် ၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးပဋိပက္ခတွေ မြင့်တက်လာနိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။
“ ကြားရတာကတော့ NUG ကလည်း၊ PDF တွေကလည်း ရွေးကောက်ပွဲကိုတော့အနှောင့်အယှက်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတာ ကျနော်တို့အားလုံး အသိဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးကလည်း ရွေးကောက်ပွဲမဖြစ်အောင်ကတော့ ခုကတည်းကနေ ပြည်သူလူထုကိုလည်း ပညာပေးထားတာပါတယ်ဆိုတော့ အဲဒီနေရာမှာကတော့ ပဋိပက္ခတွေကတော့ ဖြစ်နိုင်တယ်လို့ သုံးသပ်လို့ ရပါတယ်ဗျ။”
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့မိန့်ခွန်းမှာ ၂၀၂၂ ခုနှစ်မှာ KIO အနေနဲ့ ရည်မှန်းထားတဲ့လုပ်ငန်းတွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့သလို လာမယ့်နှစ်မှာလည်း အရှိန်မြှင့်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားကြောင်းလည်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အခုလို သုံးသပ်ပါတယ်။
“ ၂၀၂၃ က တော်တော်ကို စစ်ရေး ပြင်းထန်လာနိုင်စရာရှိတယ်။ ကုလသမဂ္ဂက လုံခြုံရေးကောင်စီအဖွဲ့အစည်းတွေကတောင်မှ ဆုံးဖြတ်ချက်ချပြီး ဖိအားပေးပြောဆိုတာတွေ ရှိတယ်။ ပြီးတော့ NDAA အမေရိကန်ကလည်း အဲလို အကူအညီပေးမယ်ဆို တဘက်ကို ပြောဆိုတဲ့အခါမှာ အဲဒီဟာကို ပြည်သူတွေက တအားတက်တယ်ပေါ့။ သံခင်းတမန်ခင်း NUG CRPH တို့က ရှေ့တန်းကို ပြန်ရောက်သွားတာပေါ့။ ဒီဘက်ကလည်း အကူအညီရတယ်၊ စိတ်ဓါတ်ခွန်အားတွေ ရလာပြီဆိုတော့ အစွမ်းကုန် တဘက်နဲ့ တဘက် အပြိုင်အဆိုင် တိုက်ပွဲ ဖော်ကြမယ့်နှစ်လို့ ကျနော်တို့က မြင်ပါတယ်ဗျ။”
မြန်မာနိုင်ငံရဲ့ အဓိကအတိုက်အခံအင်အားစုဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် နိုင်ငံရေးအင်အားစုတွေကလည်း ၂၀၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ အောင်ပွဲရရှိရေးအတွက် ပြည်သူတရပ်လုံးပါဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။
AA ရခိုင်၊ TNLA ပလောင်နဲ့ MNDAA ကိုးကန့်တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ပြည်သူထောက်ခံတဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း နှစ်သစ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့ အခွင့်အရေး ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေဖို့ နိုင်ငံအနှံ့ ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။
ဒီလ ၁ ရက်နေ့မှာပဲ စစ်ကောင်စီဘက်က နိုင်ငံတော်ကာကွယ်ရေး၊ အုပ်ချုပ်ရေး စတဲ့ ကိစ္စတွေကို နှောင့်ယှက်တိုက်ခိုက်တာမရှိရင် တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ထပ်မံ သက်တမ်းတိုးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပစ်ရပ်ကြောင်း ထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ စတင်ပြီး ၂၁ ကြိမ် ထုတ်ပြန်ပြီးလည်း ဖြစ်ပါတယ်။
=========================