သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ အစိုးရဆွေးနွေးပွဲ မြစ်ကြီးနားတွင်ပြုလုပ်မည်


ကေအိုင်အေ စစ်သားတချို့။
ကေအိုင်အေ စစ်သားတချို့။
လာမယ့်သီတင်းပတ်အတွင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ဟာ မြန်မာနိုင်ငံထဲမှာ ပထမဆုံး တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီမှုရလိုက်ပါပြီ။ ဒီဆွေးနွေးပွဲကို အစောပိုင်းမှာ မျှော်လင့်ထားသလို အမေရိကန်၊ ဗြိတိန်တို့လို အနောက်နိုင်ငံတွေ ပါဖို့မသေချာပေမဲ့ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့အတွက် KIO နဲ့ ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့အကြား အကြိမ်ကြိမ်ဆွေးနွေးပြီးတဲ့နောက် ဒီလ ၂၈ ရက်နေ့မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာဘူက မဂျွယ်ခမ်းမ မှာ တွေ့ဆုံဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပြီဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အရင်က မျှော်လင့်ထားသလို အနောက်နိုင်ငံက ကိုယ်စားလှယ်တွေ မပါဝင်ပေမဲ့ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ကြမယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဂွန်ဂျာကပြောပါတယ်။

“ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီလေ။ ဒါ ပြည်ထောင်စုအဆင့် ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အဖွဲ့တွေ ဆုံမယ်ပေါ့လေ။ အဲဒီအထဲမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၉ ဖွဲ့ကို ခေါ်ထားတယ်။ သူတို့လည်း တက်ရောက်မယ်လို့တော့ သိရတယ်ခင်ဗျ။ ကျနော်တို့အခုဟာ အကြမ်းဖျဉ်းသိရသလောက်တော့ ယူအန်ကအဖွဲ့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကိုယ်စားလှယ်တွေ ပါမယ်လို့တော့ သိရတယ်။”

ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယား ပါဝင်တက်ရောက်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က သီးခြားအတည်ပြုချက်မပေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလဆန်းက မြစ်ကြီးနားမြို့မှာ ဆွေးနွေးပွဲကျင်းပဖို့ ပြင်ဆင်တုန်း ကတော့ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန် နဲ့ တရုတ်နိုင်ငံက လေ့လာသူတွေ ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာရှိခဲ့ပြီး ဒါကို တရုတ်နိုင်ငံက ကန့်ကွက်လို့ ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဘာသာရေး ခေါင်းဆောင်တွေနဲ့ ကချင်လူမျိုးစုခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကချင်အတိုင်ပင်ခံကောင်စီ က တောင်းဆိုထားပါတယ်။

“ကေအိုင်အို နဲ့ အစိုးရကြား ပစ်ခတ်မှုတွေဖြစ်နေတာက ကျနော်တို့ ပဋိပက္ခဖြစ်နေတာကတော့ လွန်ခဲ့တဲ့ လွတ်လပ်ရေး ရ စကတည်းကလေ။ တိုင်းရင်းသားတွေမှာ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေတယ်ဆိုတော့၊ ကျနော်တို့ အေအိုင်အိုနဲ့ဖြစ်တဲ့ ပြဿနာကြောင့် ပြည်သူတွေက၊ ကချင်လူထု တစ်သိန်းကျော်က စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေတယ်လေ။ အဲဒါတွေကို ကျနော်တို့ ချုပ်ငြိမ်းဖို့၊ နောက် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ကျနော်တို့က ဥပဒေပြဌာန်းဖို့၊ အခြေခံဥပဒေသစ် အမြန်ဆုံး ရေးဆွဲပြဌာန်းဖို့ ကျနော်တို့ အလေးအနက် တောင်းဆိုထားတာ ရှိတယ်။ ပင်လုံစာချုပ်လုပ်တုန်းက ကျနော်တို့ မြန်မာခေါင်းဆောင်တွေနဲ့ ကတိပြုထားတဲ့ သမိုင်းကြောင်းတွေ ရှိတယ်လေ။ ဒီ ပြည်ထောင်စုကို ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက်။”

ဒါကတော့ ကချင်အတိုင်ပင်ခံကောင်စီက အတွင်းရေးမှူး ဦးဂမ်အောင်ပြောခဲ့ တာဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ဟာ ကချင်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ၄၄ ဦးဆွေးနွေးပြီးတဲ့နောက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် ကတော့ မြန်မာပြည်တွင်းမှာ တွေ့ဆုံဆွေးနွေးတဲ့အတွက် ဒါဟာ တိုးတက်မှုအဖြစ် သုံးသပ်ပါတယ်။

“အရင့်အရင်တုန်းက ထိုင်းမှာတွေ့ခဲ့တယ်။ ကျနော်တို့ တရုတ်ပြည်မှာတွေ့ခဲ့တယ်။ အဲဒီအဆင့်ကနေပြီးတော့ ကိုယ့်နိုင်ငံ ကိုယ့်ကချင်ပြည်နယ်၊ ကိုယ့်ရဲ့မနောကွင်း၊ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု ခန်းမအဆောင်မှာ တွေ့ဖြစ်ဖို့အတွက် ဖြစ်လာတယ်ဆိုတာကတော့၊ ကျနော်တို့ တွေ့ဆုံတဲ့နေရာလေးကတော့ အရင်ထက်စာရင် အများကြီးသင့်တော်လာတယ်။ အများကြီးကောင်းလာတယ်လို့ အဲဒီလို သုံးသပ်တယ်။ တွေ့ဆုံဆွေးနွေးဖြစ်ရင်လည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်မနောကွင်းမှာ တွေ့ဆုံဆွေးနွေးကြတယ် ဆိုတော့ အကောင်းဘက်ကိုတော့ ရှိလာမယ်လို့တော့ ယူဆတယ်။”

KIO နဲ့အစိုးရစစ်တပ်အကြား ၂ နှစ်နီးပါးကြာဖြစ်ပွားတဲ့ တိုက်ပွဲကာလအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် တသိန်းကျော်ရဲ့ အနာဂတ်အရေး ကို နှစ်ဘက်စလုံးက ထည့်သွင်းစဉ်းစားဆွေးနွေးဖို့ လိုလားကြောင်း လည်း ဦးခက်ထိန်နန်က အခုလို ဆက်ပြောပါတယ်။

“ကျနော် အထူးပြောချင်တာကတော့ ဒီနေ့ ၂ နှစ်နီးပါးတောင်မှ၊ သိန်းနဲ့ချီ တိန်းရှောင်နေရတယ်။ ဒုက္ခတွေ့ကြုံနေရတယ်။ နေတာထိုင်တာ စားတာသောက်တာ ပညာရေး ကျန်းမာရေး၊ လူတိုင်းလူတိုင်းရဲ့ ရှေ့ အနာဂတ် ပျောက်ကွယ်သွားနေတဲ့ အနေအထားလေးကို အဆင်ပြေအောင် ဆောင်ရွက်သွားဖို့ ကတော့ နှစ်ဘက်စလုံးကို အထူးလိုလားတဲ့အချက် ဖြစ်ပါတယ်။”

KIO နဲ့ အစိုးရဟာ ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ ပြန်လည်စတင်လာတာဟာ အခုဆိုရင် ၂ နှစ်ပြည့်တော့ မှာဖြစ်ပါတယ်။ ဒီတိုက်ပွဲကာလအတွင်းမှာ အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် ၁၀ ကြိမ်ထက်မနည်းဆွေးနွေးခဲ့ပေမဲ့ အောင်မြင်မှုတော့ မရသေးပါဘူး။ လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ လာမယ့် ဆွေးနွေးပွဲမှာတော့ အရင်ဆွေးနွေးပွဲတွေက သဘောတူထားတဲ့ တပ်နေရာချထားရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပရေးဆိုတဲ့အချက်ကို အလေးထား ဆွေးနွေးကြမယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

KIOနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့မှာ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG