သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတာအိုလမ်း ပြန်ဖွင့်နိုင်ဖို့ ကချင် PCG ညှိနှိုင်းနေ


ကချင်တပ် KIA တပ်သားများ။
ကချင်တပ် KIA တပ်သားများ။

ကချင်ပြည်နယ် မြစ်ကြီးနား - ပူတာအိုလမ်း ပြန်လည် သွားလာနိုင်ရေးအတွက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တင်ပြထားကြောင်း PCG က တာဝန်ရှိသူက ပြောပါတယ်။ လောလောဆည်မှာ မြစ်ကြီးနားနဲ့ဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့်ပူတာအိုမြို့မှာ လောင်စာဆီနဲ့ စားသောက်ကုန်တွေ ဈေးမြင့်တက်နေပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းပိုင်းက ဆွမ်ပရာဘွမ် မြို့အနီး မိုင်တိုင်အမှတ် ၁၁၁ က ဇနန်သံပေါင်ဘေလီတံတားကို ဇန်နဝါရီလကုန်ပိုင်းကကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖျက်ဆီးခဲ့တဲ့နောက် အဆက်အသွယ် ပြတ်တောက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလ ၆ရက်နေ့မှာတော့ လမ်းပြန်လည် အသုံးပြုနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရက ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကို ခေါ်ယူဆွေးနွေးခဲ့သလို PCG ကလည်း KIO ကိုတင်ပြထားကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောပါတယ်။

“ တနေ့က ကချင်ပြည်နယ် အစိုးရကနေပြီးတော့ ကျနော်တို့ PCG ကို ခေါ်ပြီးတော့ ပူတာအိုလမ်း ပိတ်ထားတယ်။ပိတ်ထားတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ လမ်းပေါ်မှာ KIA အဖွဲ့တွေလည်းရှိတယ်။ အဲဒီအတွက် ကြောင့်မို့ အများပြည်သူသွားတဲ့လမ်းပေါ်မှာ စိုးရိမ်ကြောင့်ကျမှုတွေရှိတယ်။ တံတားတွေ ချိုးလိုက်တဲ့ အခါကျတော့ ကားတွေ သွားလာဖို့ ခက်ခဲတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ပူတာအိုမှာရှိတဲ့ ပြည်သူလူထုတွေက အများသွားလာတဲ့လမ်းပေါ်မှာ မနေဖို့ အတွက် အဲဒါ လမ်းမှာရှိတဲ့ဟာကို ဖယ်ပေးဖို့အတွက် သက်ဆိုင်ရာ KIO ဗဟိုလည်း တင်ပြပေးပါဆိုပြီး ကျနော်တို့ကို ပြောတဲ့အပေါ်မှာ ကျနော်တို့လည်း KIO ဗဟိုကို တင်ပြထားတယ်ဗျ။ ”

KIO ဖက်က အကြောင်းပြန်ကြားလာမယ်လို့ မျှော်လင့်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောပါတယ်။

“ မနေ့ကပဲ KIO ဗဟိုကို တင်ပြတယ်။ KIO ကနေတော့ ဒီနေ့တော့ အကြောင်းတော့ ပြန်မယ်လို့ ကျနော်တို့ စောင့်စားနေတယ်။ ဘာမှတော့ အကြောင်းပြန်လာတာတော့ မရှိသေးဘူး။ အခုလောလောဆည်တော့။ ”

ဒီသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ဆွမ်ပရာဘွမ် မြို့နယ်အတွင်းမှာ ဇန်နဝါရီ လလည်လောက်ကစတင်ပြီး အစိုးရတပ်မတော် နဲ့ KIA အကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် စစ်ရေးလိုအပ်ချက်အရ တံတားကို ဖျက်ဆီးလိုက်တာ ဖြစ်ကြောင်းလည်း KIA ဖက်က ပြောဆိုထားပါတယ်။

မြစ်ကြီးနားနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့နောက် ပူတာအိုမြို့မှာ လောင်စာဆီနဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာခဲ့ကြောင်း မြို့ခံတဦးဖြစ်တဲ့ ဦးဖုန်ဗေးကပြောပါတယ်။

“ ကုန်ဈေးနှုန်းကတော့ အကုန်တက်တယ်။ အဓိကကတော့ ဓါတ်ဆီပေါ့။ ဓါတ်ဆီက တပုလင်း ၂ထောင်တဲ့။ တပုလင်းဆိုတာလည်း ပုလင်းမပြည့်ဘူး။ ပုလင်းဝက်လောက်ပဲရှိတယ်။ အဲဒါကို တပုလင်းခေါ်ပြီးမှ ၂ထောင်နဲ့ ရောင်းတာ။ တဂါလံကို ၂သောင်းကျော်ပြီပေါ့။ ၂သောင်း ကျော်ကျော်လောက်ရှိတယ်။ အခုကျတော့ လုပ်ငန်းတွေ တော်တော်များများ ရပ်ဆိုင်းသွားတဲ့ သဘောမှာ ရှိတယ်။ အသွားအလာကစ လမ်းပေါ်မှာ ဆိုင်ကယ်စီးတာ သိပ်မတွေ့တော့ဘူး။ တောကနေ ထင်းဆိုက်ဖို့ ထင်းသယ်တာကစ ဆိုင်ကယ်နဲ့။ ကုန်ပစ္စည်း ဟိုသယ်ဒီသယ်လည်း ဆိုင်ကယ်ပဲ သုံးကြတယ်လေ။ အဲဒီခါကျတော့ ဆီက တအားတက်သွားတဲ့အခါကျ အခက်အခဲရှိတာပေါ့။”

ဘိလပ်မြေလည်း ဝယ်ယူလို့ မရတော့ဘဲ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်း နေရတယ်လို့လည်း ပြောပါ တယ်။

ဗုဒ္ဓဟူးနေ့ကတော့ မြစ်ကြီးနားနဲ့ပူတာအိုအကြား တံတား ဖျက်ဆီးခံတာရတာကို အမြန်ဆုံးပြုပြင်ဖို့အတွက် ကချင်ပြည်နယ်လွှတ်တော်မှာ အရေးကြီး အဆိုအဖြစ် တင်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးချက်မှာ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ် ၅မြို့နယ်က ပြည်သူတွေအတွက် မြစ်ကြီးနား - ဆွမ်ပရာဘွမ်နဲ့ ပူတာအို လမ်းကြောင်း တခုတည်းကို အဓိက အားထားနေရတာ ဖြစ်ကြောင်းနဲ့ ဒီလမ်းပိုင်းကို အမြန်ဆုံး ပြုပြင် သွားလာနိုင်ရေးအတွက် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးသင့်ကြောင်းလည်း တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တနိုင်းမြို့နယ်ဖက်မှာသာ တိုက်ပွဲတွေ ကြိုးကြားဖြစ်ပွားနေ ပေမဲ့ ကချင်ပြည်နယ် အတွင်းက နေရာ ဒေသအတော်များများမှာ တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်နေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG