သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ကူညီငွေပေးမှု Kirin ဘီယာကုမ္ပဏီစုံစမ်းမည်


တိုကျိုရှိ Kirin ကုမ္ပဏီရုံးချုပ်ဆိုင်းဘုတ်
တိုကျိုရှိ Kirin ကုမ္ပဏီရုံးချုပ်ဆိုင်းဘုတ်

ဂျပန်ဘီယာကုမ္ပဏီ Kirin က ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံကို လှူဒါန်းခဲ့တဲ့ အလှူငွေတွေ.. မြန်မာစစ်တပ်လက်ထဲ ရောက်သွားတာမျိုး ရှိ မရှိ Kirin က စုံစမ်းစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း Kirin ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ လုပ်ငန်းခွဲ Myanmar Brewery ကနေ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခအတွင်း ဘေး ဒဏ်သင့်သူတွေအတွက် လှူဒါန်းခဲ့တဲ့ ငွေ တွေဟာ အဲဒီဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို အားပေးရာ ရောက်နိုင်တယ် ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မေးခွန်းထုတ်ခဲ့ပြီးတော့ ဂျပန်အစိုးရအနေနဲ့ ဒီကိစ္စကို စုံစမ်းဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

Myanmar Brewery ထံကနေ ပေးအပ်တဲ့ အလှူငွေ ဒေါ်လာ ၆,၀၀၀ ကို မြန်မာ စစ်တပ် က လက်ခံရယူတဲ့ အခမ်းအနားကို ရုပ်မြင်သံကြားကနေ ပြသခဲ့တာပါ။ တိုကျိုမြို့ အခြေစိုက် Kirin ကုမ္ပဏီ ကတော့ မြန်မာနိုင်ငံကို လှူဒါန်းခဲ့တဲ့ ငွေတွေကို ဘယ်လို ပုံစံမျိုး အသုံးပြုခဲ့သူလဲ ဆိုတာ သူတို့ သေချာ မသိတဲ့အကြောင်းနဲ့ ဒီကိစ္စမှာ ပိုပြီး စနစ်တကျ စစ်ဆေး ဆောင်ရွက်တာမျိုး ရှိခဲ့သင့်တယ် ဆိုတာကို လက်ခံထားပြီး အခုကိစ္စ စုံစမ်း စစ်ဆေးမှု တွေ မပြီးမချင်း မြန်မာနိုင်ငံကို နောက်ထပ်ငွေကြေးလှူဒါန်းတာတွေ ရပ်ဆိုင်း ထားမယ့်အကြောင်း ပြောပါတယ်။ စုံစမ်းစစ်ဆေးတာတွေ ဘယ်အချိန်ပြီးမယ် ဆိုတာတော့ သေချာ မသိရသေးပါဘူး။

Kirin ကုမ္ပဏီအနေနဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေအတွင်း ဘေးဒုက္ခ ကြုံရသူတွေ အတွက် ဆန်နဲ့ဆီ ဒေါ်လာ ၂၀၀၀ ဖိုး တိုက်ရိုက်လှူဒါန်းခဲ့တာ ရှိသလို၊ အရပ်ဘက် စေတနာ့ဝန်ထမ်းတွေကနေတဆင့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဒေါ်လာ ၂၂,၅၀၀ လှူဒါန်းခဲ့တာဖြစ်ပြီး အဲဒီငွေတွေကတော့ စစ်တပ်လက်ထဲ ရောက်သွား နိုင်ဖွယ် မရှိဘူးလို့ ယူဆတဲ့အကြောင်း ကုမ္ပဏီက ပြောပါတယ်။

XS
SM
MD
LG