သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်တွင်း အဓိက လမ်းမကြီး ပိတ်မယ်လို့ KNDF ကြေညာ


= =[[ Zawgyi ]]= =

ကယားပြည်နယ်တွင်း အဓိက လမ်းမကြီး ပိတ်မယ်လို့ KNDF ကြေညာ

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ကယားပြည်နယ်ထဲက လွိုင်ကော်ကနေ ဒီးမော့ဆိုမြို့၊ ဒေါသမကြီးမြို့တို့ကိုဖြတ်ပြီး ဘောလခဲအထိပေါက်တဲ့ လမ်းမကြီးကို ဒီဇင်ဘာ ၃၀ သောကြာနေ့ကစပြီး ရက်အကန့်အသတ်မရှိ လမ်းပိတ်သွားမယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်တွေ အရပ်သားအယောင်ဆောင်ပြီး သွားနေလို့ လမ်းကိုပိတ်မှာဖြစ်တယ်လို့ ပြောပါတယ်။ ဒေသတွင်းသွားလာရေးအတွက် အရေးပါတဲ့ လမ်းမကြီးပိတ်မယ်လို့ ကြေညာထားတဲ့အတွက် အသွားအလာအခက်အခဲနဲ့ စားကုန်သောက်ကုန်ပြတ်လတ်မှုတွေ ရှိလာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြ ထားပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ကနေ ဒီးမော့ဆိုမြို့နယ်ကိုဖြတ်ပြီး ဘော်လခဲအထိ သွားနိုင်တဲ့ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိပါတယ်။ စစ်ကောင်စီတပ်တွေက အရပ်သားတွေလို ဝတ်ဆင်ပြီး သွားလာနေတဲ့အတွက် အဲဒီလမ်းကို ဒီဇင်ဘာလ(၃) ရက်၊ သေကြာနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်သွားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ ကျွန်တော်တို့ပြည်နယ်မှာရှိနေတဲ့ နယ်ခံတပ်တွေလေ။ သူတို့သွားလာလှုပ်ရှားတဲ့နေရာမှာ သူတို့သွားနေကျ စကစရဲ့ ဝတ်စုံနဲ့ယူနီဖောင်းအပြည့်နဲ့သွားလာလှုပ်ရှားမှုမလုပ်တော့ဘဲနဲ့ အရပ်သားပြည်သူလူထုလိုအယောင်ဆောင်ပြီးတော့မှ သွားလာလှုပ်ရှားတာများတယ်။ ပြီးတော့ ကင်းထောက်တဲ့နေရာမှာဆိုလို့ရှိရင်လဲ အရပ်သားဝတ်စုံနဲ့သွားလာပြီးတော့မှ ကင်းထောက်တာတွေများတာပေါ့နော်။ အဲဒီအပေါ်မှာမူတည်ပြီးတော့မှ ကျွန်တော်တို့ဒေသ ဒေါသမကြီးနဲ့ဘော်လခဲ သွားတဲ့လမ်းကိုကျွန်တော်တို့ပိတ်ချရခြင်းဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့တွေကအန္တရာယ်လဲရှိသလို ပြည်သူလူထုတွေ အတွက်အန္တရာယ်ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ပိတ်ရခြင်းဖြစ်တယ်ပေါ့။ ’’

ခုလို လွိုင်ကော်၊ ဒီမော့ဆို၊ ဒေါသမကြီး၊ ဘော်လခဲ လမ်းမကြီးကို အသွားအလာ မလုပ်နိုင်အောင် လုပ်မယ်လို့ KNDF အဖွဲ့ကပြောပေမဲ့ ဒေသခံတွေရဲ့ကျန်းမာရေးကိစ္စနဲ့ပက်သက်ပြီး သွားလာမှုကိုတော့ တနည်းနည်းနဲ့စီစဉ်ပေးသွားမယ်လို့ပြောပါတယ်။

“ ကျန်းမာရေးက အထူးဘဲ စိုးရိမ်ရတဲ့ အနေအထားမှာ ဆိုလို့ရှိရင်တော့ ကျနော်တို့တနည်းတဖုံနဲ့ ပြန်ပြီးတော့မှ စီစဉ်ပေးရမှာဖြစ်တယ်။ ’’

တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီ တပ်တွေက တပ်အပြောင်းအလဲလုပ်တာ၊ တပ်အင်အား ဖြည့်တင်းတာ၊ ရိက္ခာ ပို့ဆောင်တာတွေမှာ လွိုင်ကော်- ဒီမော့ဆို- ဒေါသမကြီး- ဘောလခဲ လမ်းပိုင်းကို အသုံးပြုနေတာကြောင့် အခုလိုရက်အကန့်အသတ်မရှိ ပိတ်ပင်တာလို့လည်း ပြောပါတယ်။ အဲဒီဒေသမှာ သွားလာရေးအတွက် အဓိကဖြစ်တဲ့ ဒီလမ်းကြောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်တာကြောင့် ကုန်စည်ပြတ်လတ်မှုဖြစ်ပေါ်ပြီး ဒေသခံတွေအတွက် အခက်ခဲရှိလာမယ်လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

“ KNDF က ပိတ်တာပေါ့ဗျာ အဲဒီလမ်းကို။ ဖရူဘက်က သွားတဲ့ လမ်းတလမ်းရှိတယ်။ ကျွန်တော်တို့ဒေါသမကြီးက သွားတဲ့ လမ်းတလမ်းရှိတယ်။ နှစ်လမ်းစလုံး ကားတွေ မထွက်ရတော့ဘူးလေ။ ပိတ်ထားလိုက်ပြီး။ အဲဒီဘက်က စားသောက်ကုန်တွေမသွားရတော့ လူတွေအတွက် ဒုက္ခရောက်တာပေါ့ဗျာ။ ကုန်ဈေးနှုန်းကြီးတာထက် ကုန်တွေပြတ်သွားမှာပေါ့။ စားကုန်သောက်ကုန် ပြတ်သွားမှာပေါ့ အဲဒီဘက်တွေ။ ရက်အကန့်သတ် မရှိဘူးရေးထားတယ်။ မြန်မြန်ပြန်ဖွင့်မယ်ဆို တမျိုးပေါ့။ ဒီထက်မက ကြာနေမယ်ဆိုရင်တော့ အခက်ခဲဖြစ်မှာပေါ့လေ။ ’’

ခုလို KNDF အဖွဲ့က လမ်းပိတ်မယ်လို့ ပြောထားတဲ့အတွက် ဒေသခံပြည်သူတွေက ဒီလမ်းမကြီးပေါ်မှာ သွားလာဖို့ စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၉) ရက်နေ့ကလည်း စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်ဘက်ကို ယာဉ်အဝင်နဲ့ ရိက္ခာတင်ပို့မှု စစ်ကောင်စီကနေ ပိတ်ပင်ခဲ့တုန်းက ဒေသခံတွေ စားနပ်ရိက္ခာ တင်ဆောင်မှု အခက်ခဲရှိခဲ့ကြပါတယ်။

လက်ရှိ ကယားပြည်နယ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။ နိုဝင်ဘာ(၂၅) နဲ့ (၂၆) ရက်နေ့တွေတုန်းကလည်း ရှားတောမြို့နယ် ပွန်ချောင်းအနီးက စစ်ကောင်စီ တပ်စခန်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDFပူးပေါင်းတပ်တို့ကနေ တိုက်ခိုက်ခဲ့လို့တိုက်ပွဲ (၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

= ={{ Unicode }}= =











XS
SM
MD
LG