မြန်မာနိုင်ငံက တိုင်းရင်းသားပြဿနာတွေ ပြေလည် ငြိမ်းချမ်းဖို့အတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စတွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်အခတ် ရပ်စဲရေးအဖွဲ့တစ်ခု ဖြစ်တဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသားအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်သလို KNLA ဘက်ကလည်း အစိုးရနဲ့ သူတို့ကြား ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူထားတဲ့ အချက်တွေကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက် သောကြာနေ့ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည် နဲ့ အပစ်ရပ် KNU KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြတာပါ။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေ တွေ့ဆုံကြတာ ဖြစ်ပြီး KNLA ငြိမ်းချမ်းရေး ကောင်စီ ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ထိန်မောင်နဲ့ အတူ အဖွဲ့ဝင်တွေလည်း ပါသွားခဲ့ကြပါတယ်။
ဒီလို တွေ့ဆုံမှုတွေအတွင်း တိုင်းရင်းသားဒေသတွေမှာ ပြေလည်မှုရကာ ငြိမ်းချမ်းရေး အစစ်အမှန်ရဖို့ ကိစ္စတွေနဲ့အတူ တိုင်းရင်းသားဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ KNLA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တီမိုသီ (Timothy) က ပြောပါတယ်။
“ကျနော်တို့ ကချင်ကိစ္စကိုပေါ့နော်၊ ကချင်မှာဖြစ်နေတဲ့ ကိစ္စကို ၀ိုင်းဝန်းပြီးတော့ ဘယ်လိုလုပ်ပြီးတော့ ကျနော်တို့ ကချင်တို့၊ တခြား တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခ ဖြစ်နေတာကို အစိုးရနဲ့ ကျနော်တို့ ဘယ်လို ၀ိုင်းဝန်း ညှိပြီးတော့ ပြောကြမလဲ ဆိုတာကို ပြောကြပါတယ်။ ကျနော်တို့ ရှေ့ ဘယ်လို လက်တွဲပြီးတော့ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုး၊ တိုင်းရင်းသားတွေ အကျိုးကို ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရော၊ အစိုးရရော၊ ကျနော်တို့ အားလုံး ဘယ်လို လက်တွဲပြီးတော့ ကျန်နေတဲ့ တိုင်းရင်းသားတွေ ရောပေါ့နော်။ သူတို့လည်း တွေ့ချင်မှာပဲ။ ကေအန်ယူ တို့ ပဒို ထူးဖော တို့လည်း တွေ့ချင်တယ်။ နောက်ပြီးတော့ ကချင်ဘက်ကလည်း တွေ့ချင်တယ်ဆိုတော့ အားလုံး ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာကတော့ အားလုံး တစ်နေ့ကျရင် တွေ့ပြီးတော့ ညီညီညွတ်ညွတ်နဲ့ သွားဖို့ ကျနော်တို့ ပြောကြပါတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က နေပြည်တော်မှာ အစိုးရနဲ့ KNU KNLA ငြိမ်းချမ်းရေး ကောင်စီတို့ ပဏာမအဆင့် သဘောတူညီချက် လက်မှတ် ထိုးခဲ့ကြတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။
“သူ့ကိုတော့ ကျနော်တို့ ပြတယ်လေ။ ကျနော်တို့ ဘယ်လို သဘောတူညီချက်တွေ လုပ်လာတယ်။ အဆင့် ၇ ဆင့် သဘောတူညီချက် ရှိတယ်။ နောက်ပြီးတော့ ရှေ့ ကျနော်တို့ ဘယ်လိုသွားမလဲ ဒေါ်အောင်ဆန်းစုကြည်က မေးတယ်။ ကျနော်တို့အနေနဲ့ ပြောရတာကတော့ အရင်ဆုံး ကျနော်တို့ လုပ်ရာမှာက လူထုရဲ့ စားဝတ်နေရေးရယ်၊ လူထုရဲ့ ကျနော်တို့ ကရင်ပြည်က တိုင်းရင်းသားတွေရော၊ အကုန်လုံး ပြည်တွင်းမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ်။ အစိုးရဆီက ခွင့်တောင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေး ဘယ်လိုလုပ်သွားမလဲ၊ လူထုရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ ကျနော်တို့ တိုင်းရင်းသားတွေ ပြန်လာပြီးတော့ နွေးနွေးထွေးထွေးနဲ့ ကိုယ့်တိုင်ပြည်မှာ နေရအောင် ဘယ်လိုလုပ်မလဲ။ အဲဒါတွေပေါ့ ကျနော်တို့ ဆွေးနွေးကြတယ်။”
KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ပြောခွင့်ရသူ ဒေါက်တာ တီမိုသီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်ရေး သဘောတူညီချက်တွေ ရဖို့ လိုက်ပြီး ညှိနှိုင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပေမဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့ကမှ ပဏာမအဆင့် အပစ်ရပ် သဘောတူထားတဲ့ ကရင် KNU အဖွဲ့နဲ့ အစိုးရ စစ်တပ်ကြား ဖေဖော်ဝါရီလ ၉ရက်နေ့ ညနေပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာရှိတယ်လို့ KNLA အဖွဲ့က ဗိုလ်မှူးကြီး စောထက်နသန်က ပြောပါတယ်။
“မနေ့ ညနေ ၆ နာရီမှာ ဘီလင်း မြို့နယ်ထဲက လှကွန်းပျု ဘက်နားလောက်မှာ အစိုးရတပ်ဘက်ကတော့ တပ်ပြောင်းတာပေါ့။ တပ်ပြောင်းပြီး ပြန်ဆင်းလာတဲ့ တပ်တွေနဲ့ တိုးပါတယ်ခင်ဗျ။ KNU ဘက်ကတော့ ပြောပါတယ်။ တစ်လမ်းတည်း သွားပါဆိုပြီး ငြိမ်းချမ်းရေးကာလမှာ လမ်းတစ်ကြောင်းပဲ ပေးပါတယ်။ လမ်းတစ်ကြောင်းတည်း ပေးတော့ တက်သွားတဲ့ အချိန်တုန်းကတော့ လမ်းတစ်ကြောင်းက မှန်တယ်ခင်ဗျ။ ပြန်လာတဲ့အခါမှာ လမ်း မှားနေမလား ဆိုပြီးတော့ ကျနော်တို့ မပြောတတ်ဘူးခင်ဗျ။ အဲဒါနဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပျောက်ကျားတိုက်ပွဲတွေ ဖြစ်တာပါခင်ဗျ။ ဒါပေမဲ့ အခုချိန်မှာတော့ ငြိမ်းချမ်းရေး လုပ်နေတဲ့အချိန်မှာဖြစ်တော့ တော်တော်များများကတော့ စိတ်မကောင်းကြဘူး။ အရပ်သားတွေကတော့။”
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထဲကဆိုရင်တော့ အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ကချင်နဲ့ အပစ်ရပ် သဘောတူညီချက်တွေ ရဖို့ ညှိနှိုင်းမရသေးတာက လွဲရင် ကျန် တော်တော်များများနဲ့ သဘောတူညီချက်တွေ ရထားတာ ရှိပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဒီလို သဘောတူညီချက်တွေကို ခိုင်ခံ့တဲ့ သဘောတူညီချက်တွေ ဖြစ်ဖို့ လိုသလို တိုင်းရင်းသားတွေနဲ့ အဓိက ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေကိုလည်း ဖြေရှင်းတာတွေ လုပ်ဖို့လိုမယ်လို့ တခြား တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ထောက်ပြနေကြတာလည်း ရှိပါတယ်။