သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကုန်တင်ယဉ်တန်း ကရင်လက်နက်ကိုင်အဖွဲ့ တားဆီး


မြဝတီမြို့အတွင်း KNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၄။ ဓာတ်ပုံ-ကရင်အမျိုးသားမီဒီယာ)
မြဝတီမြို့အတွင်း KNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၄။ ဓာတ်ပုံ-ကရင်အမျိုးသားမီဒီယာ)

မြန်မာနိုင်ငံကနေ တရားဝင်ခရီးသွားလက်မှတ်နဲ့ ထိုင်းနိုင်ငံ မဲဆောက်ဖက်ခြမ်းကို သွားလာလုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားခရီးသွားတွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းရဲတွေက နည်းမျိုးစုံနဲ့ဖမ်းဆီး ငွေညှစ်နေတဲ့လုပ်ရပ်ကို မရပ်တန့်ဘူးဆိုရင် စက်တင်ဘာ လ (၁၈) ရက်နေ့ နောက်ပိုင်း ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမှာဖြစ်တယ်လို့ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ ရဲ့ ဗိုလ်မှူးကြီးတိုက်ဂါးက ပြောပါတယ်။ မြဝတီမြို့ကို ဝင်လာတဲ့ ထိုင်းကုန်တင် ယာဉ်တန်းကို ဗိုလ်မှူးကြီးတိုက်ဂါး ဦးဆောင်တပ်ဖွဲ့က စနေနေ့တုန်းက ၂ နာရီကြာ တားဆီးခဲ့ပြီးနောက် ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြပေးထားပါတယ်။

ထိုင်းမြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံတွင်းကို သွားလာနေထိုင် လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲက ဖမ်းဆီးငွေညှစ်တဲ့ လုပ်ရပ်ပေါ် မခံရပ်နိုင်တာကြောင့် အစီး (၃၀) လောက်ရှိတဲ့ ထိုင်းကုန်တင်ယာဉ်တန်းကို သူတို့ရဲ့ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က စနေနေ့ မနေ့တုန်းက မြဝတီမြို့မှာ မနက် (၁၁) နာရီကနေ မွန်းလွဲ (၁) နာရီအထိ နှစ်နာရီနီးပါးကြာ ပိတ်ဆို့တားမြစ်ခဲ့ကြောင်း ငြိမ်းချမ်းရေးကောင်စီ လက်နက်ကိုင်အဖွဲ့ရဲ့ ဗိုလ်မှူးကြီးတိုက်ဂါးက VOAကို ပြောဆိုပါတယ်။

မြဝတီမြို့အတွင်း မော်တော်ဆိုင်ကယ်တွေ တင်လာတဲ့ ထိုင်း ကုန်တင်ယာဉ်တစီးကို တွေ့ရစဉ်။။ (စက်တင်ဘာ ၁၄၊ ၂၀၁၄။ ဓာတ်ပုံ-ကရင်အမျိုးသားမီဒီယာ)
မြဝတီမြို့အတွင်း မော်တော်ဆိုင်ကယ်တွေ တင်လာတဲ့ ထိုင်း ကုန်တင်ယာဉ်တစီးကို တွေ့ရစဉ်။။ (စက်တင်ဘာ ၁၄၊ ၂၀၁၄။ ဓာတ်ပုံ-ကရင်အမျိုးသားမီဒီယာ)

“ကျနော်တို့ရဲ့ပြည်သူလူထုတွေ၊ ကျနော်တို့ရဲ့ကရင်တွေ၊ ဗမာတွေ အကုန်လုံး ပြည်သူ ဆင်းရဲသားတွေကို ယိုးဒယားရဲတွေက ပိုက်ဆံတောင်းတယ်၊ ကောက်တယ်။ ပိုက်ဆံမပေးရင် သူတို့က အချုပ်ထဲမှာထည့်တယ်၊ မူးယစ်ဆေးဝါးနဲ့စွပ်စွဲတယ်၊ သေနတ်မှုနဲ့ စွပ်စွဲတယ်ပေါ့နော်။ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး သေနတ်မှုနဲ့ စွပ်စွဲတာပေါ့။ ဒါက ကရင်တယောက်အနေနဲ့ ကျနော် ထိုင်ကြည့်လို့ မနိုင်ဘူး၊ ကိုယ်ချင်းစာတယ်လေ။ ဒါကြောင့် ကျနော်ကိုယ်တိုင် ဦးစီးပြီးတော့ ကားတွေအကုန်လုံးကို ကျနော် တားထားတယ်။”

ဗိုလ်မှူးကြီးတိုက်ဂါး ပြောဆိုသလို ထိုင်းနိုင်ငံဖက် မဲဆောက်မြို့မှာ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကရော ဟုတ်ပါရဲ့လား။ မဲဆောက်မြို့မှာ နေထိုင်သူ ကိုမိုးကြိုးက ခုလို ရှင်းပြပါတယ်။

“မဲဆောက်မှာက ထိုင်း မှုခင်းရဲ ရှိတယ်၊ ထိုင်းလဝကရဲ ရှိမယ်၊ ပြီးတော့ ယာဉ်ထိန်းရဲ ရှိတယ်။ အဲဒီ ရဲအမျိုးမျိုးကနေပြီးတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို နေ့စဉ်နဲ့အမျှ စက်ဘီးစီးလာရင်လည်း စက်ဘီးစီးလာတဲ့အလျှောက်၊ လမ်းလျှောက်ရင်လည်း လမ်းလျှောက်တဲ့အလျှောက်၊ လိုင်းကားစီးရင်လည်း လိုင်းကား စီးတဲ့အလျှောက် လက်မှတ်စစ်ဆေးတယ်ဆိုပြီးတော့ ဖမ်းဆီးပြီးတော့ ငွေညှစ်နေတာတွေက တော်တော်ကြာခဲ့ပြီးတော့ အခု နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်ဗျ။ ပိုက်ဆံမရမချင်းကို ပြန်မလွှတ်ပေးရုံမကဘဲနဲ့ နောက်ဆုံး ဘယ်လိုမှ ပိုက်ဆံမရတော့ဘူးဆိုတဲ့အခါမှာ ရဲစခန်းအချုပ် သို့မဟုတ် လဝကရဲစခန်းအချုပ်ထဲကို ဖမ်းဆီးငွေညှစ်တောင်းခံနေတာကို ခံနေရတာ တော်တော် ကြာခဲ့ပြီလို့ ပြောလို့ရတယ်ဗျ။”

ထိုင်းကားတွေ လက်နက်နဲ့ အတားဆီးခံရပြီးနောက် အဲဒီနေရာကို မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင် ဇော်နဲ့ မြန်မာရဲ တာဝန်ရှိသူတွေ ရောက်လာပြီး ထိုင်းယာဉ်တန်းကို ပြန်လွှတ်ပေးဖို့နဲ့ ပြဿနာတွေကို ထိုင်းမြန်မာ နယ်ခြားကော်မတီက ဆက်လက်ဖြေရှင်း သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်မှူးကြီးတိုက်ဂါးနဲ့အဖွဲ့က ဒီကိစ္စကို အဆုံးဖြတ်ပေးနိုင်မယ့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆွေးနွေးလိုကြောင်း တောင်းဆိုခဲ့ပါတယ်။ ဒီကနေ့မှာတော့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးဌာန ဝန်ထမ်းတချို့သာ လာရောက်ခဲ့တာကြောင့် ပြဿနာတွေ ပြေလည်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ကရင်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသားတွေပေါ် ထိုင်းရဲ တွေက ဆက်ပြီး ဖမ်းဆီးငွေညှစ်တာတွေ မရပ်ဘူးဆိုရင် အခုလာမယ့် စက်တင်ဘာ(၁၈)ရက် နောက်ပိုင်း သူတို့ရဲ့ KNU/KNLA ကရင် ငြိမ်းချမ်းရေးကောင်စီက ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု လုပ်သွားမယ်လို့ ဗိုလ်မှူးကြီးတိုက်ဂါးက ပြောပါတယ်။

“အခုက သူတို့ ခရိုင်အုပ်ချုပ်ရေးမှူး ယိုးဒယားနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဗမာနဲ့တွေ့ပြီး သူတို့ ထမင်းစား၊ ရေသောက်၊ လက်ဖက်ရည်သောက်၊ ပြီးရင် ပျော်ကြ၊ ပျော်ပြီးရင်ပြန်။ ဘာမှလည်း အကျိုးမရှိဘူး။ သူတို့ အရေးယူပေးမယ်၊ ပြောပေးမယ်ပေါ့နော်- ကျနော်တို့ ပြည်သူအတွက်။ သူတို့က ဘာမှ မပြောပေးဘူးဗျ။ ပါးစပ်က ပြောပြီး ပြန်တာပဲဟာ။ အခု အချိန်ပေးထားတာ ၁၈ ရက်နေ့ သူတို့မလုပ်ရင် ကျနော်တို့ တခုခုတော့ ပြန်ပြီးလုပ်ရမယ်။ အခုက ယိုးဒယားနဲ့ဗမာနဲ့က သူတို့စီးပွားရေးအတွက်ပဲ ပိုက်ဆံယူပြီးတော့ သွားလာနေတာ။ ကျနော်တို့တိုင်းရင်းသားတွေက ခံရတာပေါ့ နယ်စပ်မှာ။ ကျနော်တို့ ကရင်တွေက ဘယ်သူမှ မလုပ်လို့ ကျနော်ကိုယ်တိုင်လုပ်မှာပေါ့။ အခုအချိန်က။”

သူတို့ ဘာတွေဘယ်လို လုပ်သွားမလဲဆိုတဲ့ အစီစဉ်အသေးစိတ်ကို ဗိုလ်မှူးကြီးတိုက်ဂါးက ပြောမသွားခဲ့ပါဘူး။ မြဝတီမြို့မှာ အခုလို အခြေအနေ ဖြစ်သွားတာကြောင့် ဒေသခံတွေ သတိထားနေထိုင်နေရကြောင်း စုံစမ်းသိရပါတယ်။

XS
SM
MD
LG