သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီ နယ်ခြားစောင့်တပ် စစ်တပ်ကို ပထမဆုံး ပြန်တိုက်ခိုက်


ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်က စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ ကလလတ ကရင်နီတပ်ဟာ အခုတော့ စစ်တပ်ကို ပထမဆုံး ပြန်လည်တိုက်ခိုက်နေပါတယ်။ ကလလတလို့ အတိုကောက်ခေါ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF အနေနဲ့ ဇွန်လ ၁၃ ရက်နေ့ထဲက စပြီး သူတို့ အခြေပြု လှုပ်ရှားနေတဲ့ ဒေသတွေမှာ စစ်တပ်ကို တိုက်ခိုက်ပြီး သမိုင်းစာမျက်နှာသစ် ဖွင့်လိုက်တာ ဖြစ်တယ်လို့ ဒီနေ့ ဇူလိုင် ၁ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

သူတို့အဖွဲ့အနေနဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြတ်ပြတ် သားသားရပ်တည် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ စစ်တပ်နဲ့ လက်တွဲခဲ့တဲ့ နယ်ခြားစောင့်တပ်တွေထဲမှာ KNPLF ကလလတဟာ ပထမဦးဆုံးအကြိမ် စစ်တပ်ကို ပြန်လည်တိုက်ခိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။

အရင်စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး နောက်ပိုင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို တဖွဲ့ထဲ တိုက်လို့မရနိုင်လို့ အားလုံးနဲ့တွဲတိုက်နိုင်မဲ့အချိန် ပြင်ဆင်ပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ KNPLF ပြောခွင့်ရဲ့ တွဲဖက်အတွင်းရေးမှူး ရဲဘော်လောရင်းစိုးက VOA ကို ပြောကြားပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ ထုတ်ပြန်ချက်မှာလည်း အာဏာသိမ်းတာ လုံးဝဆန့်ကျင်ရှုတ်ချကြောင်း၊ ပြည်သူ့ဆန္ဒမဲရလာဒ်ကို သူတို့အဖွဲ့အနေနဲ့ အသိအမှတ်ပြုနဲ့ ရပ်တည်မယ်လို့ ပြောကြားထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလို ကလလတ KNPLF က စစ်မျက်နှာပြင်ဖွင့် တိုက်ခိုက်နေပြီလို့ ကြေညာလိုက်ချိန်မှာပဲ ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေ ကျယ်ပြန့် ပြင်းထန်နေပါတယ်။ နယ်ခြားစောင့် တပ်စခန်းတွေနဲ့ အနီးအနားက စစ်တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တဲ့ ကလလတတပ်တွေကို လာတိုက်ခိုက် စစ်ကောင်စီ ရဲ့ တိုက်ဂျက်လေယာဉ်တစင်းကို သောကြာနေ့က ပစ်ချနိုင်ခဲ့တယ်လို့ ပြောခွင့်ရ လောရင်းစိုးက VOA ကို ပြောပါတယ်။ ဘောလခဲမြို့၊ ရွာသစ်မြို့နယ်ခွဲအတွင်းမှာ ပစ်ချခဲ့တာ ဖြစ်ပါတယ်။

"လေယာဉ် ပျက်ကျတာတော့ မဟုတ်ဘူး။ ပစ်ချလိုက်တာ။ အရင် နယ်ခြားစောင့်တပ်ဆိုတဲ့ ၁၅၀၀ တပ်ရင်းက ဗိုလ်မှူး ဦးစီးပြီးတော့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို ပြန်လည်ပြီး ခုခံတဲ့အခါမှာ သူတို့က ထိခိုက်နစ်နာမှုများတော့ လေယာဉ်ကို အနီးကပ်တက်လာတော့ ရှိတဲ့လက်နက်နဲ့ စုပြုံပစ်လိုက်တာ အဲဒီမှာ ထိုးဆင်းသွားတာကို တွေ့ရတယ်။"

ဒါပေမဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုလို ပစ်ချခံခဲ့ရတာ မဟုတ်ပါဘူးလို့ VOA ကို မနေ့က ငြင်းဆိုထားခဲ့ပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်သူတွေအပါအဝင် ရွာသစ်နဲ့ မယ်စဲ့တဝိုက် တိုက်ပွဲတွေကို စောင့်ကြည့်နေသူတွေကတော့ တိုက်ပွဲပြင်းထန်မှုကြောင့် မြန်မာစစ်သား ၁၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး၊ တိုက်လေယာဉ်တွေ အနီးကပ်သုံးခဲ့တာကြောင့် ဒုတပ်ရင်းမှူးပါ ထိုင်းဖက်ကိုထွက်ပြီး ခိုလှုံလက်နက်ချခဲ့ရတယ်လို့ ပြောနေပါတယ်။

XS
SM
MD
LG