သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNPP နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံမှု အလားအလာကောင်း


NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ မြန်မာငြိမ်းချမ်းရေး ကော်မရှင် (PC)တို့ဒီကနေ့ ကယားပြည်နယ်အတွင်းတွေ့ဆုံညှိနှိုင်း
NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ မြန်မာငြိမ်းချမ်းရေး ကော်မရှင် (PC)တို့ဒီကနေ့ ကယားပြည်နယ်အတွင်းတွေ့ဆုံညှိနှိုင်း

NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ မြန်မာငြိမ်းချမ်းရေး ကော်မရှင် (PC)တို့အကြား ဒီကနေ့ ကယားပြည်နယ်အတွင်းတွေ့ဆုံညှိနှိုင်းမှုမှာ အလားအလာကောင်း တယ်လို့ KNPP ဘက်ကပြောပါတယ်။ ဒီကနေ့မှာ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး ကိစ္စရပ်တွေဆွေးနွေး ခဲ့သလို မနက်ဖြန်မှာလဲ တပ်ပိုင်းဆိုင်ရာကိစ္စရပ်အပါအဝင် တခြားကိစ္စရပ်တွေဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကပြောပြပေးမှာ ဖြစ်ပါတယ်။

NCAအပစ်ရပ်လက်မှတ်ထိုးနိုင်ရေးကိစ္စနဲ့ပက်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ကကိုယ်စား လှယ်အဖွဲ့ နဲ့ငြိမ်းချမ်းရေးကော်မရှင် (PC)ကိုယ်စားလှယ် အဖွဲ့တို့ဟာ ဒီကနေ့ ကယားပြည်နယ် လွိုင်ကော် မြို့ပြည်နယ်ခန်းမမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

ပထမနေ့ ဒီကနေ့ဆွေးနွေးမှုအခြေအနေကိုတော့ KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ (PNC)ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးကအခုလိုပြောပါတယ်။

"ဒီနေ့အစည်းအဝေးက အဓိကကျွန်တော်တို့က ဒီ KNPPနဲ့အစိုးရကြားမှာ အရင်ကချုပ်ဆို ထားတဲ့ နှစ်ဖက်သဘောတူ ညီချက်မှာပါတဲ့ စောင့်ကြည့်ရေးကိစ္စတွေကို ကျွန်တော်တို့အဓိကဆွေးနွေးခဲ့ပါတယ်။ အဲဒီစောင့်ကြည့်ရေးမှာဆိုလို့ ရှိရင် ပြည်နယ်အဆင့်စောင့်ကြည့်ရေး ဒေသစောင့်ကြည့်ရေးတွေပေါ့နော် ကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။ စောင့်ကြည့်ရေးနဲ့ပက်သက်ပြီးတော့မှ အကောင်အထည်ဖေါ်နိုင်မှုတွေပေါ့နော်။ အကောင်အထည်မဖေါ် ရသေး တဲ့ကိစ္စတွေကို ဆက်လက်အကောင်ထည်ဖေါ်နိုင်ဖို့ တချို့ကိစ္စတွေက အကောင်ထည်ဖေါ်လက်စ ရှိနေတယ်။ ဒါပေ မဲ့ဆက်ပြီးတော့ အကောင်အထည်မဖေါ်နိုင်ဘူး။ အဲဒါတွေကိုလဲအကောင်အထည်ဖေါ်ဖို့ကိစ္စ ကျွန်တော်တို့ဆွေး နွေးပြီးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ကျေနပ်အားရမှုရှိပါတယ်။ အပြန်အလှန် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတာ ပေါ့နော်။ ဆွေးနွေးမှုကိုအောင်မြင်မယ် လို့ကျွန်တော်တို့မျှော်လင့်ပြီးတော့ နှစ်ဖက်အကြားမှာ ယုံကြည်မှုတည် ဆောက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။"

ဒီကနေ့တွေ့ဆုံမှုမှာ အားရမှုတွေရှိပြီး ဆွေးနွေးရေးအောင်မြင်မယ် လို့ယုံကြည်ကြောင်း KNPPဘက်ကပြော ပါတယ်။

မနက်ဖန်ရက်မှာတော့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်အပါအဝင် တခြားကိစ္စရပ်တွေဆက်လက် ဆွေးနွေးသွားမယ်လို့ နဲနယ်ပလိုးကအခုလိုပြောပါတယ်။

"မနက်ဖန်ကျတော့ အဓိကကတော့ ဒီတပ်ပိုင်းဆိုင်ရာကိစ္စတွေ ကျွန်တော်တို့ ဆက်ဆွေးနွေးဖို့ရှိတယ်။ ပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူညီကိစ္စ။ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ပြီးတော့NGOနဲ့INGOတွေရဲ့ ပြည်နယ် အတွင်း လုပ်ငန်းဆောင်ရွက်မှုနဲ့ပက်သက်တဲ့စိန်ခေါ်မှုကိစ္စတွေကျွန်တော်တို့ ဆက်ဆွေးနွေးဖို့ရှိပါတယ်။"

ဒီကနေ့ဆွေးနွေးမှုမှာငြိမ်းချမ်းရေးကော်မရှင် (PC)ကိုယ်စားလှယ်ဘက်က ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်ပြီး ဒေါက်တာကျော်တင့်ဆွေ ဦးသိန်းဇော် ဦးခင်ဇော်ဦးတို့ပါဝင်သလို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ဗိုလ်ချုပ်ဘီထူးခေါင်းဆောင်ပြီး အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့် ခူးဒယ်နီရယ်တို့ပါဝင်ပါတယ်။ ဒါ့အပြင်ကယားပြည်နယ်အစိုးရအဖွဲ့အပြင် နယ်မြေခံတပ်မတော်ဘက်ကအကြီးအကဲတွေလဲတက်ရောက်ခဲ့ ပါတယ်။

နယ်မြေခံတပ်မတော်အနေနဲ့က KNPPကို NCAအပစ်ရပ်လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တယ်လို့ KNPPပြောရေး ဆိုခွင့်ရှိသူ နဲနယ်ပလိုးကပြောပါတယ်။

ဒီလိုနှစ်ဖက်တွေ့ဆုံမှုကနေရရှိလာတဲ့သဘောတူညီချက်တွေကိုအကောင်အထည်ဖေါ်မှုကနေ ယုံကြည်မှု ခြေလှမ်းစတင်နိုင်မယ်လို့ KNPPပြောရေး ဆိုခွင့်ရှိသူ နဲနယ်ပလိုးကပြောပါတယ်။

"KNPPကတော့တနိုင်ငံလုံးအပစ်ခတ်ရပ်စဲနိုင်ရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်သွားမှာပေါ့နော်။ ဆိုတော့ အခု နှစ်ဦးနှစ်ဖက်သဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ပြီးတော့ ဒီအကောင်အထည်ဖေါ်မှုကနေ ယုံကြည် မှုတွေပိုကောင်းလာတဲ့အနေထားမျိုးမှာ ဆိုလို့ရှိရင်KNPPအနေနဲ့ ရှေ့ဆက်တလှမ်းသွားနိုင်မယ်လို့ မျှော်လင့် ပါတယ်။"

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဟာ UNFCခေါ်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင် ဖြစ်ပြီး ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်း မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ အစိုးရနဲ့NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးစဉ်က မပါဝင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့၂၀၁၇ခုနှစ် မှာ KNPPတပ်သား(၃)ဦးနဲ့ အရပ်သားတဦးကို မြန်မာ့တပ်မတော်ကနေ သတ်ဖြတ်ခဲ့မှုနဲ့ စပ်လျင်းပြီး KNPPနဲ့တပ်မတော်အကြားဆက်ဆံရေးတင်းမာလာခဲ့သလို NCAအပစ်ရပ်စာချုပ်လက်မှတ်ရေးမှာ အဟန့်အတားတခုလိုဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ KNPP အဖွဲ့ဟာလည်း မတ်လ ၇ ရက်နေ့မှာ အစိုးရနဲ့ပထမဆုံးအကြိမ် အလွတ်သဘောတွေ့ဆုံခဲ့အပြီး အခုလိုNCA လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းပွဲကျင်းပနိုင်တာဖြစ်ပါတယ်။

UNFCခေါ်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ထဲမှာ ရခိုင်အမျိုးသားကောင်စီ ANCအဖွဲ့ ကလွှဲပြီး(NCA)လက်မှတ်ရေးထိုးပြီးခဲ့ပြီး ဖြစ်ပါတယ်။

ဒီကနေ့ (KNPP)ကကိုယ်စားလှယ်အဖွဲ့နဲ့ငြိမ်းချမ်းရေးကော်မရှင် (PC)ကိုယ်စားလှယ်အဖွဲ့တို့ (NCA) လက် မှတ်ထိုးနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီကလွှဲပြီး NCAလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၉)ဖွဲ့ကနေ လေ့လာသူအဖြစ်တက်ရောက်ခဲ့ပါတယ်။

နှစ်ဖက်တွေ့ဆုံမှုကနေ ရရှိလာမဲ့ရလဒ်အပေါ်မူတည်ပြီး(NCA)လက်မှတ်ထိုးဖို့အတွက် ဆုံးဖြတ်သွားမယ်လို့ (KNPP) တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG