သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU-မြန်မာ Code of Conduct သဘောတူလက်မှတ် ရေးထိုး


KNU နဲ့ မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှစ်ဘက်တပ်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းသဘောတူလက်မှတ်ရေးထိုးအပြီး တွေ့ရစဉ်။ ( ဓာတ်ပုံ/ညိုအုန်းမြင့်။ ၀၉၊၀၄၊၁၂။)
KNU နဲ့ မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှစ်ဘက်တပ်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းသဘောတူလက်မှတ်ရေးထိုးအပြီး တွေ့ရစဉ်။ ( ဓာတ်ပုံ/ညိုအုန်းမြင့်။ ၀၉၊၀၄၊၁၂။)
ကရင်ပြည်နယ်၊ ဖားအံမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကြား ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်အနေနဲ့ဆိုရင် ပထမဆုံးခြေလှမ်းပဲဖြစ်တယ်လို့ KNU က ပြောလိုက်ပါတယ်။ အပစ် အခတ် ရပ်စဲရေးနဲ့ ပြည်သူလူထုရဲ့ အာမခံချက်ရရှိဖို့အတွက် ဒီတခေါက် ထည့်သွင်းဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီနေ့ပဲ ကျင်းပပြီးစီးသွားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုသူရစိုးက သတင်းပေးပို့ထားပါတယ်ရှင်။

ကျနော်တို့ ဒီမှာ ပြောသွားတာဆိုရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ နှစ်ဘက် တပ်တွေ လိုက်နာ ရမယ့် အချက် ၃၄ ချက်ပါတဲ့ ကျင့်ဝတ်စည်းကမ်း Code of Conduct မူကြမ်းကို သဘောတူ လက်မှတ် ရေးထိုး တာပါ။ အခု ဒီ နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးဦးအောင်မင်းက အခုလို ရှင်းပြပါတယ်။

“စစ်မြေပြင်မှာ နှစ်ဘက်တပ်များလိုက်နာရမယ့် စည်းကမ်း၊ ပြည်သူလူထုအပေါ်မှာ ထားရှိရမယ့် စည်းကမ်း၊ အဲဒီစည်းကမ်းတွေနဲ့ပတ်သက်ပြီးတော့မှ အသေးစိတ်ဆွေးနွေးတာ။ အဲဒီတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်တဲ့အခါမှာ ဒီစည်းကမ်းချက်တွေ မရှိဘဲနဲ့ လက်တန်း လုပ်မယ်ဆိုလို့ရှိရင် ခရီးလည်းမရောက်ဘူး။ နောက်ကြောင်းလည်း ပြန်လှည့် သွားနိုင်တယ်၊ ဒါကြောင့်မို့လို့ ဒီ စည်းကမ်းတွေကို သတ်မှတ်တာဖြစ်တယ်။

ကမ္ဘာမှာလည်း ဒီ Peace Process တွေမှာ ဆင့်ကဲ ဆင့်ကဲ၊ ဒီလို စည်းကမ်းချက်တွေ သတ်မှတ်ပြီးတော့ကာမှ ဆက်လုပ်ရတာ ဖြစ်တယ်။ ဒီစည်းကမ်းမရှိဘဲနဲ့ ဆက်လုပ်လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ဒီနေ့ကတော့ အဲဒီ စည်းကမ်းချက်တွေ Code of Conduct တွေကို ဆွေးနွေး တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီမှာလည်း အပိုင်း နှစ်ပိုင်း တွေ့ရမယ်၊ ပထမပိုင်း ကတော့ နှစ်ဘက်တပ်များ လိုက်နာရမယ့် စည်းကမ်းတွေ ပါသလို ဒုတိယအပိုင်းကတော့ တပ်တွေ ရွှေ့ပြောင်းတာတို့၊ တပ်တွေ နေရာချထားတာတို့ အဲဒီအပိုဒ်တွေ ပါမှာ ဖြစ်တယ်။”

သူက ဒီ KNU ပိုင်တဲ့ နယ်မြေထဲမှာကိုပဲ အစိုးရတပ်ရင်းပေါင်း ၈၀ ကျော် ရှိနေတယ်။ နောက် နယ်ခြားစောင့် တပ် ၁၃ ခု ရှိတယ်။ နောက်ပြီး တပ်စခန်းပေါင်းက ၃၂၀ ရှိတယ်ပေါ့။ အဲဒီမှာ နှစ် ဘက် လိုက်နာရမယ့်ကျင့်ဝတ် စည်းကမ်းတွေ မရှိတဲ့အခါကျတော့ ဒေသခံ ကျေးရွာ သုံးပုံနှစ်ပုံက ကြုံသလို နေနေရတယ်ပေါ့နော်။ လုံခြုံမှု မရှိဘူးဆိုတဲ့အကြောင်း နော်မေဦးက ပြောသွားပါတယ်။

ဦးအောင်မင်းပြောတာကတော့- ဒါတွေဟာ အသေးစိတ်ဆွေးနွေးပြီးရင်တော့ အဆင်ပြေသွားမှာပါ တဲ့။ တဘက် ကလည်း တပ်တွေက နောက်ဆုတ်၊ တဘက်ကလည်း တပ်တွေက ရှေ့တိုးလာ၊ တဘက်ကလည်း နောက်ဆုတ်တယ်။ စစ်တပ် စည်းကမ်းတွေ သေချာ အသေးစိတ် ပြဌာန်းပြီးတဲ့ အခါကျရင် အခြေအနေ ကောင်းသွားမှာပါ လို့ ပြောသွားတယ်။ ဒီ သုံးကြိမ်မြောက် တွေ့ဆုံပွဲ အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တော့ ဘယ်အဆင့်ရောက်ပြီလဲဆိုတာကို KNU ပြောရေး ဆိုခွင့်ရှိသူ နော်မေဦးကို ကျနော် မေးကြည့်တဲ့အခါ နော်မေဦးက အခုလိုပဲ ဖြေသွားပါတယ်။

“အပစ်အခတ်ရပ်စဲရေးဆိုတာက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် ပထမဦးဆုံးအဆင့်ပဲ၊ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးမှာမှ နှစ်ဦးနှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ တပ် အရွှေ့အပြောင်းတွေ၊ ပြည်သူလူထု ဘဝလုံခြုံဖို့ အာမခံနိုင်ဖို့ အရွှေ့အပြောင်းဆိုတာကို ဆွေးနွေးနေ တယ်။ ဆိုတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် တခုလုံးအနေနဲ့ကြည့်ရင် ပထမအဆင့်ပဲ ရှိသေးတာပေါ့။”

KNU ပြောရေးဆိုခွင့်ရှိသူ နော်မေဦး ပြောပြသွားတာပါ။ KNU နဲ့ မြန်မာအစိုးရတို့ သုံးကြိမ်မြောက် တွေ့ဆုံပြီး တိုးတက်အောင်မြင်မှုတွေ ရှိခဲ့ပေမဲ့လည်း ဆုံးခန်းတိုင်အောင် ဆက်လက် ဆွေးနွေးသွားမယ်လို့ KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။

“ဆွေးနွေးရမယ့် အချက်အလက်တွေက ကျမတို့ ရှေ့ရှုကြည့်ပြီးတော့ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပြည်သူလူထုအကျိုး အာမခံရရှိဖို့အတွက် အဲဒါတွေကို ညှိနှိုင်းပြီးတော့ ဆွေးနွေးတာဖြစ်တယ်။ အဲဒီ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ KNU အနေနဲ့ပဲဖြစ်စေ၊ အစိုးရအနေနဲ့ပဲဖြစ်စေ ကျမတို့ လိုလားနေတဲ့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ တတိယအကြိမ်မြောက် လာဆွေးနွေးတာဖြစ်တယ်။

ဒီဆွေးနွေးချက်မှာ ကျမတို့ ဆက်လက်ဆွေးနွေးပြီးတော့ ဆွေးနွေးတဲ့ agenda တွေ ရှိသေးတယ်။ ဒီမှာ တတိယအကြိမ်မြောက်ပဲ ရှိသေးတယ်။ ဆက်လက်ပြီးတော့ ဆွေးနွေးရမယ့် အချက် အလက်တွေ ရှိသေးတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် တဆင့်ပြီးတဆင့်တော့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။”

ဒီ ဆယ်ရက်ကြာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KNU တို့ ဆွေးနွေးပြီးတဲ့အခါကျတော့ စက်တင်ဘာ လ ၄ ရက်နေ့ ညနေမှာ ဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။ နောက်ထပ် ဆွေးနွေးမှုနဲ့ ပတ်သက်လို့တော့ စက်တင်ဘာလမှာ မိုင်းရှင်းလင်းရေးနဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးနိုင်ဖို့ တင်ပြသွားပါတယ်။
XS
SM
MD
LG