သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးခွဲမှုဖေါ်ထုတ်ရေး ပါဝင်ဖို့ KNU ကမ်းလှမ်း


ရန်ကုန်မြို့ ဗုံးတွေ့ရှိပြီးနောက် ရဲဝန်ထမ်းများ လုံခြုံရေး တင်းကျပ်စွာ ချထားစဉ်။ (အောက်တိုဘာ ၁၅၊ ၂၀၁၃)
ရန်ကုန်မြို့ ဗုံးတွေ့ရှိပြီးနောက် ရဲဝန်ထမ်းများ လုံခြုံရေး တင်းကျပ်စွာ ချထားစဉ်။ (အောက်တိုဘာ ၁၅၊ ၂၀၁၃)
တရုတ်မြန်မာ နယ်စပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ မနေ့က ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်း စုစုပေါင်း ဗုံး သုံးကြိမ်ပေါက်ကွဲခဲ့တာကြောင့် လူတယောက်သေဆုံးခဲ့ပါတယ်။ ဗုံးဖောက်ခွဲမှုရဲ့ လက်သည်ကို လောလောဆယ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသဖြင့် ဆက်တိုက်လို ဗုံးတွေပေါက်ကွဲခဲ့ပြီးဗုံးလန့်တာတွေလည်း မကြာခဏ ဖြစ်နေချိန် မှာပဲ အခုနမ့်ခမ်းဘက်မှာ ဗုံးထပ်ပေါက်တာပါ။ သတင်းအပြည့်အစုံ ကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

နမ့်ခမ်းမြို့ပေါက်ကွဲမှုဟာ ဒီကနေ့မနက် ၇နာရီလောက်က ပထမ တလုံးပေါက် ကွဲပြီး နောက်နာရီဝက်ခြားပြီးချိန်မှာ ဒုတိယ တလုံးပေါက်ကွဲခဲ့ တာဖြစ်ပါတယ်။ ဒီလို ပေါက်ကွဲတဲ့ အခြေအနေကို နမ့်ခမ်းမြို့က တာဝန်ကျ ရဲဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

" ဘုရားရှေ့မှာ လမ်းလယ်ခေါင် ကျွန်းမျော၊ ဖလားဝါးဘောက်မှာပေါ့ စည်ပင်တွေက သန့်ရှင်းရေး လုပ်ရင်း အမှိုက်ပုံထဲက ကွဲတာပဲ၊ အဲ့မှာပဲဗျ။ ဟိုဘက်ပန်းခုံ၊ ဒီဘက် ပန်းခုံပဲဗျ။ နာရီဝက်ခြား နှစ်လုံးကွဲတယ် မနက်က။ တစ်ယောက်သေသွားတယ်ဗျ။ တစ်ယောက်ဒဏ်ရာရတယ်။ "

မနေ့ည ၁၁နာရီအချိန်လောက်ကလည်း ဒီမနက်ပေါက်ကွဲတဲ့ မြို့လည်ဘုရား အနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကတော့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

"ဘာဖြစ်လို့ ဒီလိုမျိုးလုပ်လည်း မသိဘူး။ ကျနော်တို့က ငြိမ်းချမ်းရေးလည်း ရလာခါနီးပြီးဗျာ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး Nationwide Cease-Fire Agreement လက်မှတ်တောင် ထိုးခါနီးပြီ။ နောက်ပြီးရင် ဒါပြီးရင် Political Dialogue လည်း လာတော့မှာဟာကို ဘာဖြစ်လို့ အဲ့လိုလုပ်လည်း ကျနော်လည်း စဉ်းစားလို့မရဘူးဖြစ်နေတယ်။ အဲ့တာ မလုပ်သင့်ဘူးပေါ့ဗျာ။ နော် အပြစ်မဲ့ပြည်သူတွေကို အသက်အိုးအိမ် စည်းစိမ်ကို မထိခိုက်စေချင်ဘူးပေါ့။ ကျနော်တို့က "

ဒေသခံတွေကတော့ မနေ့ညက ဗုံးမပေါက်ကွဲခင်ကတည်းက နယ်စပ်ဂိတ် အဝင်အထွက်တွေကို လုံခြုံရေး ချထားတာတွေ ရှိခဲ့သလို့ ပေါက်ကွဲပြီးနောက် မှာလည်း လုံခြုံရေး တိုးမြှင့်ပြီး စစ်ဆေးရှာဖွေတာတွေ ဆောင်ရွက်နေတယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၃ရက်နဲ့ ၁၄ရက်နေ့တွေက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ်၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ကားမှတ်တိုင်၊ သာကေတမြို့နယ် အခွန်လွတ်ဈေးတွေမှာ ဗုံးပေါက်ကွဲခဲ့သလို အလုံမြို့နယ်က စားသောက်ဆိုင်တခုမှာ ချိန်ကိုက်ဗုံးတလုံးတွေ့ခဲ့ပါတယ်။

၁၄ရက်နေ့မှာ မန္တလေးမြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး တွေ့ခဲ့သလို ၁၅ရက်နေ့ကတော့ စစ်ကိုင်းမြို့မှာ ဗုံး၂လုံးပေါက်ကွဲခဲ့ပါတယ်။ ဒီအရင်ရက်တွေ ကတော့ ဖြူးမြို့မှာ ဗုံးတလုံးတွေ့ရှိခဲ့သလို တောင်ငူမြို့မှာ ဗုံးတလုံးပေါက်ကွဲပြီး လူ၂ဦးသေဆုံးခဲ့ရပါတယ်။ လောလောဆယ်မှာတော့ ရန်ကုန်၊ မန္တလေးမှာ ဗုံးထောင်သူလို့ သံသယရှိသူတွေကို ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်က ဒုရဲမှုးကြီး တဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အဓိကဗုံးခွဲသူအဖြစ်ယူဆပြီး ထိန်းသိမ်းထားတဲ့ စောမြင့်လွင် (ခ) မောထဟာ ကရင်အမျိုးသားအစည်းအရုံး KNU ကဖြစ်တယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိကြီး တဦးကို ကိုးကားပြီး ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်နဲ့ပတ်သက်ပြီး KNU က ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကတော့ အခုလို ပြောပါတယ်။

" အခုကျနော်တို့ မီဒီယာတွေမှာ ကြည့်တာတော့ အာဏာပိုင်တွေ ဖက်က ပြောတာတော့ KNU ကလို့ တိုက်ရိုက် ထုတ်ဖော်ပြောကြားတာ မရှိဘူး။ သို့သော် စုံစမ်းဖော်ထုတ်ဆဲလို့ သူတို့ပြောတယ်။ ကျနော်တို့ကလည်း အဲ့ဒီ့အပေါ် လေ့လာစုံစမ်းနေတယ်။ ကျနော်တို့ KNU အနေနဲ့တော့ ဒီလိုငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီလိုလုပ်ဖို့ အစီအစဉ်မရှိဘူး။ ဒါကို ကျနော်တို့ ကန့်လည်းကန့်ကွက်တယ်။ ကျနော်တို့ KNUဗဟိုရဲ့အစီအစဉ် မဟုတ်ဘူး။ ကျနော်တို့ လုံးဝ မသိဘူးဆိုတာ ပြောချင်တယ်။"

ဒီကနေ့ ဆက်သွယ်မေးမြန်းချိန်အထိ အစိုးရဖက်က KNU ကို ဆက်သွယ် လာတာ မရှိသေးကြောင်းနဲ့ ဆက်သွယ်လာခဲ့ရင် အစိုးရနဲ့အတူ ဗုံးခွဲတဲ့ တရားခံကို ပူးပေါင်းဖော်ထုတ်သွားမယ်လို့လည်း ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

"ဒီအဖြစ်မှန်ဖော်ထုတ်ရေးအတွက် ကျနော်တို့ KNU မှာလည်းတာဝန်ရှိတယ်လို့ KNU ဗဟိုအနေနဲ့ သဘောထားတယ်။ ဒါကြောင့်မို့ တကယ်လို့ အစိုးရက ကမ်းလှမ်းလာလို့ရှိရင် နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ အဖြစ်မှန်ကို ဖော်ထုတ်ပြီးတော့ အပြစ်ရှိတဲ့သူကို အပြစ်ရှိတဲ့အလျောက် ကျနော်တို့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။ ဒါ KNU ရဲ့ သဘောထားပဲဖြစ်ပါတယ်။"

ဒီလ ၁၁ရက်နေ့က လူ၂ယောက်သေဆုံးခဲ့ရ တဲ့ တောင်ငူမြို့ ပေါက်ကွဲမှုနဲ့ ပတ်သက်သူလို့ သံသယတဲ့ စောထွန်းထွန်းကိုတော့ ရှာဖွေနေဆဲဖြစ်ကြောင်း ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ၎င်းနဲ့ပတ်သက်တဲ့ သတင်းတွေကို ရဲတပ်ဖွဲ့ကို ပေးပို့ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်တာနက်သတင်းစာမျက်နှာမှာတော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနဲ့ ဖြူးမြို့တို့မှာ ချိန်ကိုက်ဗုံးတွေ့ရှိမှုနဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ဆေးဖော်ထုတ်နေကြောင်း၊ မကြာမီ သတင်းထုတ်ပြန်သွား မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
XS
SM
MD
LG