သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ထိပ်တန်းခေါင်းဆောင် ဖဒိုစောဒေးဗစ်ထော ကွယ်လွန်


ကရင်အမျိုးသား အစည်းအရုံး ထိပ်တန်း ခေါင်းဆောင် ဖဒိုစောဒေစ်ဗစ်ထော။ (ဓာတ်ပုံ - KIC)
ကရင်အမျိုးသား အစည်းအရုံး ထိပ်တန်း ခေါင်းဆောင် ဖဒိုစောဒေစ်ဗစ်ထော။ (ဓာတ်ပုံ - KIC)
ကရင်အမျိုးသားအစည်းအရုံး (KNU) တရာရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော ဟာ နှလုံး အဆုတ် ဆီးချိုရောဂါတွေနဲ့ ရန်ကုန်မြို့က မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ည ၁၀ နာရီ ၃၇ မိနစ်မှာ ဖဒိုစောဒေးဗစ်ထော ကွယ်လွန်သွားခဲ့ကြောင်း သူ့ကို အနီးကပ် ကြည့်ရှုပေးနေတဲ့ ဒေါက်တာ စိုင်မွန်သာက ပြောပါတယ်။

ကေအန်ယူအနေနဲ့ မြန်မာအစိုးရနဲ့ ဧပြီလအတွင်းက အပစ်ရပ်ပြီးနောက် ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့ သဘောတူခဲ့ပြီးတဲ့နောက် ဖဒို ဒေးဗစ်ထော ဟာ ဘားအံမြို့မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက်၊ စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ကို အလည်လာရောက်စဉ်မှာ ကျန်းမာရေး မကောင်းတဲ့အတွက် SSC ဆေးရုံကို တက်ရောက် ကုသခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာ တပ်မတော်ခုတင် ၁,၀၀၀ ဆေးရုံကို ရွှေ့ပြောင်းပြီး ဆေးကုသမှု ခံယူနေခဲ့ရတာ ဖြစ်ပါတယ်။

မကြာခင်က ဖွင့်လိုက်တဲ့ ဘားအံမြို့ ဆက်ဆံရေးရုံးကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ကရင်အမျိုးသား အစည်းအရုံးရဲ့ တရားရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော၊ တပ်မဟာ (၇) တပ်မှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ တပ်မဟာ (၆) ခရိုင် ဥက္ကဋ္ဌ ဖဒို စောရွှေမောင်းနှင့် တပ်မဟာ (၄) မှ တပ်မှူးတွေ သွားရောက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကေအန်ယူ ဗဟိုသဘောထား မပါဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဖဒိုဒေးဗစ်ထောနဲ့ ဗဟိုကော်မတီဝင် ၃ ဦးကို ရားထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ကရင်အမျိုးသား အချင်းချင်း ဆွေးနွေးမူတွေ လုပ်နေတယ်ဆိုတဲ့ သတင်း ထွက်လာခဲ့ပါတယ်။

ဖဒိုစောဒေးဗစ်ထောကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၁ နာရီကျော်မှာ ရန်ကုန်ကနေ ခွဲကပေါင် ဆေးခန်း လူနာတင်ကားနဲ့ သယ်ဆောင်လာခဲ့ပြီး မနက်ပိုင်းမှာ ကရင်ပြည်နယ် ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဈာပန အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တခုဖြစ်တဲ့ တပ်မဟာ (၇) က ကရင်ခေါင်းဆောင်တွေ မြှုပ်နှံရာ နေရာမှာပဲ ကျင်းပမှာဖြစ်တယ်လို့ ဗွီအိုအေ ကို ပြောပါတယ်။
XS
SM
MD
LG