သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ဆွေးနွေးပွဲ KNU အကောင်းမြင် မျှော်လင့်


အပစ်ရပ်ဆွေးနွေးပွဲ KNU အကောင်းမြင် မျှော်လင့်
အပစ်ရပ်ဆွေးနွေးပွဲ KNU အကောင်းမြင် မျှော်လင့်

မြန်မာအစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့အကြားမှာ ရေရှည်တည်တံ့မယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်ရနိုင်ဖို့ ဆွေးနွေးနေကြတာမှာ တိုးတက်မှုတွေ ရှိနေပြီလို့ KNU တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအန်န်ယူ ထိပ်ပိုင်း ခေါင်းဆောင်တွေပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ဒီကနေ့ပဲ ထပ်မံ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အဲဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်း
ပို့ထားပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ KNU ကိုယ်စားလှယ်အဖွဲ့တို့ အခုတကြိမ် တွေ့ဆုံ ဆွေးနွေးတာဟာ တတိယ အကြိမ်ရှိသွားပြီ ဖြစ်ပြီး ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နှစ်ဘက်စလုံးက ကြိုးပမ်းနေသလို ဆွေးနွေးပွဲတွေအပေါ် ကျေနပ် အားရပါတယ်လို့ KNU ခေါင်းဆောင် တဦးဖြစ်တဲ့ စောဒေးဗစ်ထောက ပြောပါတယ်။

"ကျနော်တို့ နှစ်ဖက် ဆွေးနွေးမှုက အားရတယ်လို့ပဲ ပြောရမှာပေါ့။ နောက်တော့ ပွင့်ပွင့်လင်းလင်းလည်း ရှိပါတယ်။ ယုံကြည်မှုကိုလည်း ပိုပြီးတော့ ခိုင်မာလာစေတာပေါ့နော်။ ဝန်ကြီး ဦးအောင်မင်းနဲ့ ဆိုရင် ကျနော်တို့ KNU အဖွဲ့အနေနဲ့ အခုဟာ တတိယအကြိမ် ဖြစ်နေပြီပေါ့ တွေ့ဆုံကြတာ။ ပိုပြီးတော့လည်း ရင်းနှီးလာတဲ့ အပိုင်းလေးတွေ ရှိတယ်၊ ပွင့်လင်းလာတဲ့ အပိုင်းလေးတွေလည်း ရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က ခိုင်ခိုင်မာမာ ဖြစ်စေချင်ပါတယ်။ ဒါမှလည်း ဒီဟာကနေပြီးတော့မှ တဆင့် ထာဝရ ငြိမ်းချမ်းရေးကို ကျနော်တို့က သွားနိုင်မှာ ဖြစ်တယ်။ အပစ်အခတ် ရပ်စဲရေး တစ်ခုကို လုပ်ခဲ့လို့ရှိရင် အခြေမခိုင်ပဲနဲ့ နောက်ပြန်သွားတဲ့ ဟာမျိုးကိုလည်း ကျနော်တို့ မလိုလားဘူး။"

အခုလက်ရှိ ဆွေးနွေးခဲ့ကြတာတွေဟာ လာမယ့် ဇန်နဝါရီလအတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့မှာလုပ်မယ့် ဆွေးနွေးပွဲ အတွက် အကြို ညှိနှိုင်းကြတာ ဖြစ်သလို နေ့ရက်သတ်မှတ်ရေးကိစ္စ။ တပ်ဖွဲ့တွေ အချင်းချင်းအကြား နားလည်မှုရဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံး ထားရှိရေး၊ လက်နက်ကိုင်ဆောင်ပြီး တနေရာနဲ့ တနေရာ သွားလာမယ်ဆိုရင် ကြိုတင် အသိပေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပြီး ဒီကိစ္စတွေဟာ အပစ်အခတ် ရပ်စဲနိုင်ရေးမှာ အခြေခံအချက်တွေ ဖြစ်လို့ ဒါတွေကနေ စပြီး လုပ်ရမယ်ဆိုတာ သဘောတူထားကြတယ်လို့ စောဒေးဗစ်ထောက ပြောပါတယ်။

နိုင်ငံရေးအရ ဆွေးနွေးတာမျိုးကိုတော့ လူမျိုးစု တိုင်းရင်းသားအားလုံး ပါတဲ့ ဆွေးနွေးမှုမျိုးဖြစ်ဖို့ KNU ဘက်က လိုလားတယ်လို့ လည်းဆိုပါတယ်။

"ကျနော်တို့ဖက်ကတော့ အခု လောလောဆယ် ဒီ အပစ်အခတ် ရပ်စဲရေး တဆင့်ကနေပြီးတော့ ကျနော်တို့ သွားတဲ့အခါကျရင် နိုင်ငံတော်ဖက်ကနေပြီးတော့ ဘယ်လို နိုင်ငံရေးကိစ္စကို ဆွေးနွေးမလဲဆိုတာကို ကျနော်တို့ဖက်ကနေပြီးတော့ တချက်တော့ ကြည့်ရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီ
တိုင်းရင်းသားတွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ အထူးသဖြင့် ဒီ သဘောထားတွေကတော့ သိပ်ပြီးတော့ မကွာကြဘူး။ ခံရတဲ့ ခံစားချက်တွေကလည်း သိပ်ပြီးတော့ မကွာကြတဲ့အတွက်ကြောင့် ဒီ နိုင်ငံရေး အခြေခံတွေအပေါ် မူတည်ပြီးတော့ ဆွေးနွေးမယ်ဆိုရင် အားလုံး ပါဝင်နိုင်တဲ့ အနေအထားမျိုး ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။"


တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှာ ဝန်ကြီး ဦးအောင်မင်းနဲ့အတူ အဖွဲ့ဝင် ၉ ဦးပါဝင်ပြီး KNU ဘက်ကတော့ အဖွဲ့ဝင် ၇ ဦး ပါဝင်ပါတယ်။

ဇန်နဝါရီလ၊ ဘားအံမြို့မှာ တွေ့ဆုံ ဆွေးနွေးကြရင်တော့ KNU ဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် ၃ ဦးနဲ့အတူ အောက်ခြေတပ်မှူးတချို့လည်း ပါဝင်ဖို့ရှိတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရဟာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရယူနိုင်ဖို့ ဆွေးနွေးပွဲတွေကို လုပ်လာ နေတာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တချို့နဲ့ အပစ်ရပ် သဘောတူညီချက်တွေ ယူထားပြီးဖြစ်သလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေလုပ်ဖို့ မကြာခင်ကပဲ အကြောင်း ကြားထားပါတယ်။

အခုလို အပစ်ရပ်ဆွေးနွေးပွဲတွေ လုပ်နေပေမဲ့လည်း ကချင်ပြည်နယ်မှာရော ကရင်ပြည်နယ် အတွင်းမှာပါ တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲရှိပြီး ဒေသခံ အရပ်သားတွေ သေကျေပျက်စီးရ၊ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးရတာတွေ ရှိနေဆဲဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်တာတွေလည်း ရှိနေတုန်းပဲလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောထားပါတယ်။

သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီး အပြောင်းအလဲတချို့ လုပ်လာတယ်ဆိုပေမဲ့လည်း လူမျိုးစု တိုင်းရင်း သားဒေသတွေမှာ ဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တောင်းဆို တိုက်တွန်း နေသလို ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းကလည်း အဓိကလိုလားနေတဲ့ ကိစ္စတခုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG