သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU အုပ်ချုပ်ရေးစနစ် အစားထိုးသွားမယ်လို့ KNU တပ်မဟာ ၅ ထုတ်ပြန်


KNU တပ်ဖွဲ့ဝင်များ
KNU တပ်ဖွဲ့ဝင်များ

[[Zawgyi/Unicode]]

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက် ဆုံးထား ထွက်ခွာသွားဖို့ တပ်မဟာ ၅ က စာထုတ်ပြန်ထားပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ဌာနတွေမှာ KNU အုပ်ချုပ်ရေးစနစ်နဲ့ အစားထိုးသွားမယ်လို့လည်း KNU တာဝန်ရှိသူတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ တပ်မဟာ ၅ ကြား နေ့စဉ်လို့ တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲတွေ ကျယ်ပြန့်လာမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

KNU- ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ ၅ ထိန်းချုပ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီယန္တရားလည်ပတ်လို့ မရနိုင်အောင်လို့ဆိုပြီး တပ်မဟာ ၅ နယ်မြေထဲမှာရှိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၀ ရက်အတွင်း အမြန်ဆုံးပြန်လည်ထွက်ခွာသွားဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သူတို့အုပ်ချုပ်နေတဲ့ ဖာပွန်ခရိုင်ထဲကနေ ထွက်သွားဖို့ အသိပေးတာဖြစ်တယ်လို့ KNU တပ်မဟာ (၅) ပြောခွင့်ရ ပဒိုမန်းမန်းကပြောပါတယ်။

“အဓိကကတော့ ဒီနေရာတွေဟာ အရင်ကတည်းက ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့အတွက်ကြောင့်ကော်သူးလေအုပ်ချုပ်ရေးစံနစ်နဲ့ ပြန်လည်ပြီးတော့မှ ဆက်လက်စီမံဆောင်ရွက်နိုင်ဖို့အတွက် စစ်ကောင်စီကခန့်ထားတဲ့ဝန်ထမ်းတွေထွက်ခွါဖို့အတွက် ကျနော်တို့က အသိပေးထုတ်ပြန်ခြင်းပဲ ဖြစ်ပါတယ်။ အဓိက က စစ်ကောင်စီကနေပြီးတော့မှ ထပ်မံပြီးတော့ တာဝန်ပေးခန့်အပ်လိုက်တဲ့ ဒီ အထွေ ထွေအုပ်ချုပ်ရေးပိုင်းမှာရှိတဲ့ တခြားသော ဌာနတွေပေါ့နော်။ အုပ်ချုပ်ရေးမှူးတို့ စည်ပင်မှူးတို့ပေါ့။ တခြားသောဌာနတွေမှာပါ ထပ်မံခန့်အပ်တယ်ဆိုတဲ့ ဒီအပေါ် မှာ ကျနော်တို့ အဓိကပြောဆိုခြင်းဖြစ်ပါတယ်။”

လက်ရှိဖာပွန်မြို့နယ်ထဲမှာ ကျန်းမာရေး ပညာရေးကအစ KNU ရဲ့ အုပ်ချုပ်မှုစနစ်နဲ့ လည်ပတ်နေတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

“ဒီဘက်မှာ ကျန်းမာရေးနဲ့ပညာရေး တော်တော်များများ ၉၀ % နီးပါးက ကော် သူးလေ ကျန်းမာရေးနဲ့ ပညာရေးဌာနအောက်မှာပဲ သွားနေတာ။ ခုထက်ထိ လည်ပတ်နေတုန်းဖြစ်ပါတယ်။ ဆေးရုံ ဆေးခန်းတွေမှာလည်း လည်ပတ်နေတယ်။ ပညာရေးဆို ကျောင်းတွေလည်း ဆက်ဖွင့်နေပါတယ်။ မြန်မာအစိုးရရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ပက်သက်ရင်လည်း တော်တော်များများက နွေဦးတော်လှန်ရေးမှာ ပါဝင်ပြီးတော့မှပဲ CDM တွေဘက်ကလည်း အများကြီးရှိပါတယ်ပေါ့နော်။ KNU အုပ်ချုပ်နယ်မြေမှာကတော့KNU ရဲ့ ကျန်းမာရေး၊ ပညာရေးဌာနအောက်မှာပဲ သွားမှာပဲ ဖြစ်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် တနိုင်ငံလုံးရှိ ပြည်သူလူထုတွေနည်းမျိုးစုံနဲ့ ဆန္ဒပြတော်လှန်နေစဉ်မှာKNU/ KNLA တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရေးအတွက် အခုလို သတိပေး ထုတ်ပြန်တာလို့ ပြောပါတယ်။ အစိုးရဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိထွက်ခွာခွင့်ရက်ပေးထားပြီးနောက်ဆုံးရက်မတိုင်ခင် ရေလမ်းခရီးနဲ့ အတားအဆီးမရှိ မိမိနေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ကြောင်းနဲ့ ဖာပွန်မြို့ခံ ဝန်ထမ်းတွေဖြစ်နေရင်လည်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခြင်းကို ရှောင်ရှားကြဖို့ KNU/KNLA တပ်မဟာ (၅) ရဲ့ ဇန်နဝါရီလ ၂၉ ရက် နေ့စွဲနဲ့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့်မြို့တွင်းတိုက်ပွဲတွေ ကျယ်ပြန့်လာမှာကို စိုးရိမ် နေတယ်လို့ ဖာပွန်မြို့ခံတဦးကပြောပါတယ်။

“(၁၀) ရက်နေ့နောက်ပိုင်း ဘယ်လိုဆက်ဖြစ်လာမလဲမသိဘူး။ အခုကတည်းကကြောက်နေရပြီ။ တွက်လို့ရတယ်လေ။ စစ်မီးတောက်ဖို့ရှိတာပေါ့။ ကျနော်တို့ ကမာမောင်းနဲ့ဖာပွန်ကြား။ အဲဒီလိုမျိုးဖြစ်ပြီးဆိုရင် ဖာပွန်ရောတက်လာနိုင် တာပေါ့။ စစ်ဖြစ်မှာကြောက်တယ်။”

လက်ရှိမှာလည်း ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၅) တို့ကြား တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တပ်မဟာ (၅) ပြောခွင့်ရ ပဒိုမန်းမန်းကပြောပါတယ်။

“နေ့စဉ်နဲ့အမျှဖြစ်တယ်လို့ပဲ ကျနော်ကပြောချင်ပါတယ်။ မနေ့ညကလည်း ကျနော်တို့ ဒီဘက် ဒီကူးကိုဘက် အခြမ်းဆိုလို့ရှိရင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာ။ ထိုင်းနိုင်ငံထိ ကျရောက်တာရှိတယ်။ ဒီ(---)အနီးနားမှာဖြစ်နေတဲ့တပ်စခန်းကလည်းပဲ လက်နက်ကြီးနဲ့ ပစ်ချတာ။ ကျေးရွာ ရွာသားတွေလည်း မိသားစု (၃) ယောက် လောက် ထိခိုက်ဒဏ်ရာရနေတာတော့ ရှိတာပေါ့နော်။”

ဇန်နဝါရီလ ၂၉ ရက်ညနေပိုင်းမှာ ဖာပွန်မြို့နယ်ထီးလော်သိထာကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်လို့လသားအရွယ် ကလေးငယ်တဦးနဲ့ အသက်၂၀ အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး ရွာသား ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ တယ်လို့ KNU ကနေ ထုတ်ဝေတဲ့ မူတြော်သတင်းစဉ်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဖာပွန်မြို့နယ် စစ်တပ်ကနေခြေကုပ်ယူထားတဲ့ ဒါးကွင်း စခန်းကို KNLA တပ်မဟာ (၅) နဲ့ PDF ပူးပေါင်းအဖွဲ့တွေကနေ ဇန္နဝါရီ (၃၀) ရက် ညပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေအသုံးပြုပြီး သာလွန် အင်အားနဲ့အ လစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် ဖားပွန်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်ရိက္ခာပို့ဖို့အတွက် ကားလမ်း ဖောက်လုပ်ရေးကိစ္စနဲ့ပက်သက်ပြီး ၂၀၁၈ ခုနှစ် မတ်လထဲက စလို့ KNU ကရင် အမျိုးသားအစည်းအရုံးတပ်မဟာ ၅ အဖွဲ့နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးလာခဲ့တာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာခဲ့တာပါ။နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံရွာသား (၇) သောင်းခန့်ဟာ ထိုင်း မြန်မာနယ်စပ်ဒေသတွေအပါအဝင် ဘေးလွတ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။

============

[[Unicode]]














#MyanmarMilitaryCoup #KarenFighting #KNUMyanmar #VOABurmese


============

XS
SM
MD
LG