ကရင်အမျိုးသားအစည်းအရုံး၊ဖာပွန်ခရိုင် ဒေသအခေါ် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ စခန်းကြီးတခုဖြစ်တဲ့ စကခ(၈) လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်များတပ်စွဲထားတဲ့ မထောစခန်း ကို KNLA/PDF စတဲ့ ပူပေါင်းတပ်တွေက နိုဝင်ဘာလ၂၂ရက်နေ့က သိမ်းပိုက်လိုက်တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ဖာပွန်ခရိုင် ဒေသအခေါ် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်းက စစ်ကောင်စီရဲ့ စခန်းကြီးတခုဖြစ်တဲ့ မထောစခန်းကို သိမ်းပိုက်ခဲ့ကြောင်းပူးပေါင်းတပ်ဘက်ကခေါင်းဆောင်တဦးကပြောပြပါတယ်။
" မထောစခန်းက ဖာပွန်ဗျူဟာအတွက် အဓိက ကျတဲ့စခန်းထဲမှာပါတယ်ပေါ့နော်၊ ကူးဆိပ်စခန်းသိမ်းပြီးတော့ဆက်ပြီးတော့သိမ်းလိုက်တာပဲပေါ့နော်၊ အရင်ဆုံးခေါပုတ်စခန်းကိုသိမ်းတယ် ပြီးတော့ကူးဆိပ်စခန်းကိုသိမ်းတယ်၊ ပြီးတော့မထောကိုသိမ်းတယ်။ မထောစခန်းကတော့ ဖာပွန် ကမမောင်းလမ်းကြောင်းမှာတော့ ကြီးတဲ့စခန်းလို့ပြောလို့ရပါတယ်။ ကျနော်သိသလောက်ကတော့အင်အား ၁၀၀လောက်ရှိပါတယ်။ အဓိကကတော့ KNU KNLA ဦးဆောင်မူ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေပေါင်းပြီးသိမ်းလိုက်တာပေါ့။ ဒရုန်းနဲ့ပတ်သက်လို့ရှိရင် FFT ဒရုန်းတပ်ဖွဲ့ ဒရုန်းပိုင်းဆိုင်ရာရော မြေပြင်မှာပူးပေါင်းလုပ်ဆောင်တာတွေလည်းရှိပါတယ်။"
ဒီစခန်းဟာ တခုတည်းကျန်တော့တဲ့ ဖာပွန်ဗျူဟာအတွက် ထောက်ပို့လုပ်ပေးနေတဲ့ စခန်းကြီးတခုဖြစ်တယ်လို့လည်းပြောပါတယ်။
" ခမရ ၄၀၇ ၄၀၈ ၄၀၄ ဒီတပ်တွေက ပေါင်းထားတာဖြစ်တယ်။ ကူးဆိပ်ကိုသိမ်းတော့လည်းကူးဆိပ်က လူတွေက အဲဒီစခန်းမှာသွားပေါင်းတာရှိတယ်။ ဒီစခန်းကတော့တပ်မဟာ ၅နယ်မြေထဲမှာတော့ စခန်းကြီးတခုဖြစ်ပါတယ်။"
တိုက်ပွဲအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေနဲ့ စစ်ကောင်စီရဲ့ မထောစခန်းက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကိုတော့မကြာခင်ထုတ်ပြန်သွားမယ်လို့လည်းကေအန်ယူဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ဖာပွန်ခရိုင်ထဲက အင်အား ၁၀၀ကျော်ရှိတဲ့ ခေါပုတ် စခန်းကို လည်း KNLA/PDFပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့သလို ရိက္ခာလက်နက်တွေသယ်ဆောင်ရာမှာလုံခြုံရေးစခန်းတခုဖြစ် ကူးဆိပ်တံတားလုံခြုံရေးစခန်းကိုတော့ နိဝင်ဘာလက ၉ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
KNU တပ်မဟာ ၅ ထိမ်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA /PDF အပါအဝင် ပူးပေါင်းတပ်တွေကပိတ်တို့ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
Forum