သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အကြောင်းပြ ကိုယ်ကျိုးရှာသူတွေ ရှိဟု KNU အရာရှိ ဝေဖန်


 KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီရဲ့ ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲ။ သတင်းဓာတ်ပုံ- အောင်ရဲမောင်မောင်(VOA)
KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီရဲ့ ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲ။ သတင်းဓာတ်ပုံ- အောင်ရဲမောင်မောင်(VOA)
ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ဖြစ်စဉ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ တိုးတက်မှုမရှိဘဲ တဝဲလည်လည်ဖြစ်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တစ်ချို့က ပြောပါတယ်။ ဒါ့အပြင်
ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ဖော်ဆောင်နေ ချိန်မှာ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေလည်း ဆောင်ရွက် လာတာကို တွေ့မြင်ရတယ်လို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီရဲ့ ဗဟို ကော်မတီဝင်တစ်ဦးက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်တိုင်သတင်းသွားယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားဖော်ဆောင်နေ တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဟာ တစ်ပြည်လုံးငြိမ်းချမ်းရေး ကို ရောက်ဖို့ထက် လမ်းခုလတ်မှာတင် အချိန်ကြာနေတဲ့ သဘောတွေ အခုနောက်ပိုင်း သိသိသာသာတွေ့လာရတယ်လို့ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ရဲ့ ဗဟို ကော်မတီဝင် ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီက ဒီကနေ့ ရန်ကုန်မြို့ My Garden စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

" ကျနော်တို့ငြိမ်းချမ်းရေးကောင်စီအနေနဲ့က ခုနက ကျနော်ပြောသွားသလိုပဲ လိုရင်းကိုမရောက်ပဲနဲ့ ရှည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးမှုတွေ ပြန်ဖြစ် လာတာကို ကျနော်စိုးရိမ်တာပါ။ ဒါကို အကြံညဏ်ပြုနေတာပါ။ ဒါကို အစိုးရဘက်ကရော၊ တိုင်းရင်းသားဘက်ကပါ အရမ်းကြီး သတိထားရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုတိုနဲ့လိုရင်းကိုမရောက်ဘဲနဲ့ တခါတည်း ရှုပ်ထွေးပြီးတော့ စစ်တွေပြန်ဖြစ်မှာတို့၊ တယောက်နဲ့တယောက် ယုံကြည်မှုတွေ ပျက်ပြားမှာတို့ မုန်းတီးမှုတွေ ပွားလာနိုင်တယ်။ ဒါတွေက။"

ပြည်တွင်းငြိမ်းချမ်းရေးကို အကြောင်းပြပြီးတော့ အချို့ လက်နက်ကိုင် အဖွဲ့တွေ ထဲက ပုဂ္ဂိုလ်တွေဟာ ကိုယ်ကျိုးရှာမှုတွေ ရှိနေတယ်လို့လည်း သူရဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို ဗန်းပြပြီး ကိုယ်ကျိုးရှာနေသလဲ ဆိုတဲ့ ဗွီအိုအေရဲ့ မေးမြန်းမှုကိုတော့ ဒေါက်တာ တင်မိုသီ က တိတိကျကျ ပြန်လည် မဖြေကြားခဲ့ပါဘူး။

" ကျနော်တို့ သတင်းရထားတာတွေရှိတာပေါ့နော်။ ဒါ အာဏာပိုင်တွေကိုလည်း ကျနော်ပြောထားပြီးပြီ။ ဒါကိုတော့ ကျနော် မထုတ်ပြောချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ဥပဒေတွေနဲ့ သွားပြီးတော့ ပတ်သတ်နေတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ ကျနော်တို့ရဲ့ငြိမ်းချမ်းရေးကောင်စီရဲ့ အဖွဲ့အစည်းအပေါ်မှာ ရောင်ပြန်လိုလို ဘာလိုလို သဘောတွေနဲ့ အဲ့တာမျိုးတွေ လုပ်ပြီးတော့ ကိုယ်ကျိုးရှာနေတဲ့သူ ဒါတွေကလည်း ဘယ်လိုပြောရမလဲဆိုတော့ ငြိမ်းချမ်းရေးရဲ့ ဆူးညှောင့်ခလုတ်တွေဖြစ်တယ်။ နောက်ပြီးတော့တခုကလည်း ဥပဒေစိုးမိုးရေး အပိုင်းမှာ ဒါတွေကလည်း မရှိသင့်ဘူးလေနော်။"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လိုချင်တယ်လို့ သမ္မတ ဦးသိန်းစိန် က မကြခဏပြောဆိုလေ့ ရှိပေမဲ့ ကချင်ဒေသ အပါအဝင် ပလောင် လို တိုင်းရင်းသားဒေသတွေ မှာလည်း အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြားမှာ အပစ်အခတ် တိုက်ပွဲတွေ ရှိနေပါသေးတယ်။

အခုလို ဖြစ်ရပ်တွေ ရှိနေသေးတာကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် ရာမှာ အပေါင်းလက္ခဏာ ဆောင်နေပြီလို့ အတိအကျ မပြောနိုင်သေး သလို၊ ငြိမ်းချမ်းရေး လုပ်နေသူတွေဟာ စားပွဲဝိုင်းပေါ်မှာပဲ ထိုင်ပြီး ဆောင်ရွက်နေတာကြောင့် မြေပြင် အခြေအနေတွေ နဲ့ ဒုက္ခသည်တွေ ဘယ်လောက်ထိ ဒုက္ခရောက်နေပြီဆိုတာကို သူတို့မသိကြတဲ့ အတွက် ဖြစ်တယ်လို့ ကေအိုင်အေ အကြံပေး လည်း ဖြစ်၊ မြန်မာ့ စစ်ရေး လေ့လာအကဲဖြတ်လည်း ဖြစ်တဲ့ ဦးအောင်ကျော်ဇော် က သုံးသပ်ပါတယ်။

" ကျနော်ထင်တယ်။ အချိန်ကြာလေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်က ကြာလေဖြစ်မယ်။ ကြာလေ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲ တာတွေဖြစ်မယ်။ ဖြစ်လာတော့ တပ်ကသာ သေနက်သံ ဒုန်းခနဲ ရပ်လိုက်၊ ပြောရဆိုရ အင်မတန်ကောင်းလာမယ်။ တပ်က မရပ်ဘူး။ ဟိုမှုနည်းနည်း၊ ဒီမှာ နည်းနည်း ဖြစ်နေတာ။ အဲ့တော့ နှစ်ဘက်အောက်ခြေ စစ်သား များအဖို့က အတော့်ကို ဒုက္ခရောက်ပါတယ်။ နှစ်ယောက်စလုံး အကျအဆုံးတွေလည်း အင်မတန်များပါတယ်။

IDP မှာဖြစ်နေတဲ့ IDP ရဲ့အခြေအနေကို သိရင် ငြိမ်းချမ်းရေးဟာ မဖြစ်မနေ အမှန်တကယ် မြန်မြန်လိုအပ်နေပြီဆိုတာ လူတိုင်းသိဖို့ကောင်းပါတယ်။ အခု သူတို့ NPC ရော အစိုးရဘက်က လုပ်နေတဲ့ အဖွဲ့အစည်း တော်တော်များများ က ဘယ်လိုခေါ်မလဲ အပေါ်ယံ သဏ္ဍန်ပဲ၊ အပြောတွေများပြီး လက်တွေ့ ဘာမှ ဖြစ်မလာဘူး။"

နှစ်ပေါင်း ၆၀ တိုင်တိုင် မရပ်နိုင်သေးတဲ့ ပြည်တွင်းစစ်ကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ရောက်မှ အပြီးသတ်ဖို့ ကြိုးစားတာဟာ ၂ ကျော် ၃ နှစ်နီးပါး ပဲ ရှိသေးတဲ့ အတွက် တစ်နိုင်ငံလုံး သေနက်သံတိတ်ဖို့ဆိုရင် ဒီထက်အချိန်ပိုယူဖို့ လိုလိမ့်မယ်လို့ သုံးသပ်သူကတော့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကောျင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် ABSDF) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဆန်နီ ဖြစ်ပါတယ်။

" လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်က တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတော့ အပြီးသတ်ဖို့ ကျနော်တို့အားလုံး ဝိုင်းကြိုးစားနေပါတယ်။ ကြိုးစားမှုမှာ အချိန်တွေယူပြီး ကြိုးစားနေကြတယ်။ တတိုင်းပြည်လုံး အခြေခံကိုသွားရတဲ့အတွက်ကြောင့် အချိန်ယူရမယ်လို့ ကျနော်တို့ ဒီလိုပဲ နားလည်ပါတယ်။ "

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ တိုင်းရင်းသား
လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ညီလာခံကို ကေအန်ယူ ထိန်းချုပ် နယ်မြေ လောခီးလား ခေါ် လေးဝါး စခန်းမှာ ကျင်းပခဲ့တာပါ။ နိုင်ငံရေး မူဘောင်တွေ ချမှတ်ပြီးတိုင်းရင်းသားတွေ အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ဆဲရေးမှာ ပါဝင်လက်မှတ်ထိုးမယ်ဆိုပြီးတော့ သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ့နောက်ပိုင်းအစိုးရ နဲ့ ဆက်လက်တွေ့ဆုံရမဲ့ ဘားအံဆွေးနွေးပွဲကိုတော့ လက်ရှိအချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် အကြိမ်ကြိမ်ရက်ရွေ့ဆိုင်းထားရပြီး အချိန်ထိ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

ဘားအံတွေ့ဆုံပွဲမှာတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်မယ့် အချက်တွေကို ညှိနှိုင်းပြီး နှစ်ဘက် သဘောတူညီချက်ရရှိရင် နေပြည်တော်မှာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက အသိသက်သေတွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးကြမှာ ဖြစ်တယ်လို့ အစီအစဉ်တွေ ချမှတ်ထားကြတာပါ။
XS
SM
MD
LG