သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ခေါင်းဆောင်မန်းငြိမ်းမောင် မတရားအသင်းပုဒ်မနဲ့ ထောင်ချခံရ


KNU ခေါင်းဆောင်မန်းငြိမ်းမောင် မတရားအသင်းပုဒ်မနဲ့ ထောင်ချခံရ
KNU ခေါင်းဆောင်မန်းငြိမ်းမောင် မတရားအသင်းပုဒ်မနဲ့ ထောင်ချခံရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်ကို မတရားအသင်းအဖွဲ့ ပုဒ်မ အပါအဝင် အခြားစွဲချက်တွေနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ပြီးနောက် အခု ရန်ကုန် အင်းစိန် အကျဉ်းထောင်အတွင်းမှာ ပြစ်ဒဏ်ကျခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောပါတယ်။ ဖဒိုမန်းငြိမ်းမောင်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ AAPP ပြောခွင့်ရသူကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

KNU ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်ဟာ အခုနှစ် ဇူလှိုင်လအတွင်း ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုအသွား လမ်းခရီးမှာပဲ ပျောက်ဆုံးသွားတာဖြစ်ပြီး အခု သူ့ကို မြန်မာအာဏာပိုင်တွေဘက်က ဖမ်းဆီး ထောင်ချလိုက်ပြီဆိုတဲ့ အချိန်အထိ မြန်မာအစိုးရဘက်က သူ့နဲ့ပတ်သက်လို့ တစုံတရာ ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။ ပုဒ်မ (၁၇/၁) မတရားအသင်း အက်ဥပဒေအပါအဝင် အခြားစွဲချက်တွေနဲ့ မကြာခင် ရက်ပိုင်းအတွင်းကပဲ ပြစ်ဒဏ်ချမှတ်ပြီး အခု ရန်ကုန် အင်းစိန်ထောင်အတွင်းမှာ အကျဉ်းချ ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဗွီအိုအေကို ပြောပါတယ်။

“ဖဒိုမန်းငြိမ်းမောင်ကို ထောင် ၁၀ နှစ်ကျော် ချလိုက်တယ်လို့ ကျနော်တို့ ကြားပါတယ်။ သူ့ကို (၁၇/၁)၊ (၁၇/၂) မတရားအသင်းဝင် ဖြစ်မှုရယ်၊ မတရားအသင်းနဲ့ ဆက်သွယ်မှုရယ်၊ နောက်ပြီးတော့ တရားမဝင် ပက်စ်ပို့ စာအုပ် ကိုင်ဆောင်မှုပေါ့။ အဲဒါတွေနဲ့ ထောင်ချထားတယ်လို့ ကျနော်တို့ သိရပါတယ်။ အခုဆိုရင် သူဟာ အင်းစိန်အကျဉ်းထောင် တိုက်နံပါတ် (၃) မှာရှိတယ်လို့လည်း ကျနော်တို့ သိထားရပါတယ်။”

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးဆိုတော့ သူ့ကို မြန်မာအာဏာပိုင်တွေဘက်က ဖမ်းဆီးစစ်ဆေးတဲ့အချိန်မှာ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိမလား ဆိုပြီးတော့ စိုးရိမ်မှုတွေ အတော်များများ ကျနော်တို့ ကြားရပါတယ်။ ဆိုတော့ အခုလက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ရော ကိုဘိုကြည်တို့ ဘယ်လိုသိထားသလဲခင်ဗျ။ -

“ကျန်းမာရေးအခြေအနေကတော့ ကျနော်တို့ အသေးစိတ်ကတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သူ ဆေးစာဝယ်ပြီးတော့ သူ့အတွက် ဆေးသွင်းပေးနေရတယ်လို့ ကျနော်တို့ သိထားရတယ်။ နောက်ပြီးတော့ သူက အသက်ကလည်း ၇၀ လောက်ဖြစ်နေပြီ။ အဖမ်းခံရတာကလည်း အခုအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်တုန်းကလည်း ကိုကိုးကျွန်းကို အပို့ခံထားရတဲ့ တကယ့်ကျွန်းပြန် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ယောက် ဖြစ်ပါတယ်။ ဆိုတဲ့အခါကျတော့ အသက်ကလည်း ကြီးနေပြီ၊ နောက်တစ်ခုက နှိပ်စက်ညှင်းပမ်းခံထားမှုတွလည်း ရှိတဲ့အခါကျတော့ သူ့ရဲ့ကျန်းမာရေးကိုတော့ ကျနော်တို့ အတော်လေး စိုးရိမ်ပါတယ်။”

အခု ဒီရက်ပိုင်းတွေအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ KNU လည်း ပါတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်း ဆွေးနွေးတာတွေ ရှိတယ်လို့ ကြားနေရပါတယ်။ အဲဒီတော့ ဒီအချိန်မှာ အခုလို သူ့ကို မတရားအသင်းဝင် အဖြစ်နဲ့ ဖမ်းဆီးထောင်ချတယ်ဆိုတော့ ဒီအလားအလာက တိုင်းရင်းသားတွေ၊ အထူးသဖြင့် KNU နဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ငန်းတွေမှာ ထိခိုက်နိုင်ချေရှိလားခင်ဗျ။ -

“တိုင်းရင်းသားခေါင်းဆောင်တွေကို အခုလိုမျိုး ဖမ်းဆီးပြီးတော့ နှိပ်စက်တဲ့ကိစ္စက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုံး၀ အထောက်အကူ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီလိုမျိုး နှိပ်စက်ညှင်းပမ်းမှုတွေ လုပ်နေမယ့်အစား တကယ်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တာက အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ အဲဒီအပြင်ကို နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ပါဝင်နေတာဖြစ်တဲ့အတွက် ဒီ နိုင်ငံရေးအကျဉ်းသားတွေ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ သူတို့ကို အမြန်ဆုံးလွှတ်ပေးတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။”

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာက ပြည်တွင်းရော၊ ပြည်ပ ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ အဓိက လိုလားချက်တစ်ရပ်လို ဖြစ်နေပါတယ်။ တလောကပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း နိုင်ငံရေးလုပ်တဲ့ သူတွေ လွတ်လာနိုင်တယ်ဆိုပြီး ထပ်ပြီးတော့ပြောတာ ရှိပါတယ်။ အဲဒီတော့ အခု လောလောလတ်လတ် ထောင်ချခံရတဲ့ ဖဒိုမန်းငြိမ်းမောင် အပါအဝင် နိုင်ငံရေးလှုပ်ရှားလို့ ပြစ်ဒဏ်ကျခံရသူတွေ ပြန်လွတ်လာနိုင်ချေ အနေအထားကရော ဘယ်လိုရှိလဲ။ -

“အခုချိန်ထိတော့ သူတို့ဘက်ကနေ ဦးသိန်းစိန် အစိုးရဘက်ကနေပြီးတော့ နိုင်ငံရေး အကျဉ်းသားရှိတယ် ဆိုတာကို အသိအမှတ် မပြုသေးဘူး။ အဲဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ဂတ်ဟာ သိပ်ပြီးကောင်းမွန်တဲ့ အလားအလာမျိုး မရှိဘူး။ နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသား အကုန် ပြန်လွတ်လာမယ်လို့ ကျနော်တို့ မျှော်လင့်လို့ မရနိုင်သေးပါဘူး။”

ဖဒိုမန်းငြိမ်းမောင် အခုလို ဖမ်းဆီး ထောင်ချခံရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်ကတော့ သီးခြား အတည်ပြုချက် တုံ့ပြန်ချက် မရသေးပါဘူး။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံအသွား လေကြောင်းခရီးမှာ ပျောက်ဆုံးသွားတာနဲ့ ပတ်သက်လို့လည်း သူဘယ်လိုဖြစ်တယ်၊ ဒီကနေ မြန်မာအာဏာပိုင်တွေ ဘယ်လို ဖမ်းဆီးရမိတယ် ဆိုတာလည်း အသေးစိတ် ဘာမှမသိရသေးပါဘူး။

ဖဒိုမန်းငြိမ်းမောင်ဟာ KNU ရဲ့ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သလို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း တာဝန်ရှိသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အရင်တုန်းကလည်း နိုင်ငံရေးပုဒ်မနဲ့ ကိုကိုးကျွန်းမှာ အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီ ကိုကိုးကျွန်းကနေ လှေနဲ့ထွက်ပြေးခဲ့တဲ့ သူ့ရဲ့ကိုယ်တွေ့ ဖြစ်ရပ်ကိုလည်း မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ ဆိုပြီး ပြည်ပမှာ စာအုပ်ထုတ်ဝေခဲ့ဖူးပါတယ်။

XS
SM
MD
LG