သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ကိုယ်စားလှယ်အဖွဲ့ တပ်ချုပ်နဲ့တွေ့မည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် (မတ် ၇၊ ၂၀၁၄) - ဓာတ်ပုံ-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖေ့ဘုတ်စ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် (မတ် ၇၊ ၂၀၁၄) - ဓာတ်ပုံ-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖေ့ဘုတ်စ်
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ ဗဟိုကော်မတီအဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်နာယကတို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

အခုလို လာရောက်တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး လောလောဆယ် သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ ဒီခရီးစဉ်ဟာ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စရပ်တွေကို အဓိက ဆွေးနွေးဖွယ် ရှိနေပါတယ်။ ဒီသတင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ အဖွဲ့ဟာ တနင်္လာနေ့က KNU ဌာနချုပ်ကနေ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ရန်ကုန်မြို့ကနေ နေပြည်တော်ကို ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ လက်ရှိလာရောက်တဲ့ KNU အဖွဲ့မှာတော့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဂျော်နီတို့ ဦးဆောင်ပြီး ဗဟိုကော်မတီဝင်နဲ့ ရုံးအဖွဲ့ဝင် ၁၀ ဦးလောက် လိုက်ပါခဲ့တာ ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးကတော့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီလောက်မှာ နေပြည်တော်ကို ရောက်ရှိနိုင်ပြီး မနက်ဖြန်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖွယ်ရှိကြောင်း၊ နိုင်ငံတော်သမ္မတနဲ့ကတော့ ကြာသာပတေးနေ့လောက်မှာ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းနဲ့ကတော့ နေပြည်တော်ရောက်ပြီးမှ စီစဉ်မှာဖြစ်တာကြောင့် ရက်အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

အခုလို KNU ဥက္ကဌနဲ့ ကိုယ်စားလှယ်အဖွဲ့က နိုင်ငံ့အကြီးအကဲတွေနဲ့ တွေ့ဆုံမယ့် သတင်းနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို မေးမြန်းရာမှာတော့ -

“ကျနော်တို့ ပြောလို့မရသေးပါဘူးခင်ဗျ။ ကျနော်တို့ အချိန်အခါကျရင်တော့ ပြောပါမယ်၊ ဒီကိစ္စတွေက။”

KNU ဥက္ကဌခေါင်းဆောင်တဲ့ အဖွဲ့ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ၅ ကြိမ်၊ နိုင်ငံတော်သမ္မတနဲ့ ၄ ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ အရင်အကြိမ်တွေတုန်းက အခုလို နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာတော့ ငြိမ်းချမ်းရေးကိစ္စနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေကို အလေးထား ဆွေးနွေးခဲ့တယ်လို့ KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့ များသောအားဖြင့်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ တပ်ရဲ့ပါဝင်မှု ပါဝင်ဖို့အတွက်တော့ ကျနော်တို့က အဓိကကျမယ်လို့ ဒါကိုဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ တပ်နေရာ ချထားရေးကိစ္စ၊ အထူးသဖြင့် လူထုနေရပ်မှာတို့၊ နောက်ပြီးတော့ ဘာသာရေး၊ သာသနာရေး ဝန်းထဲမှာနေတဲ့ တပ်နေရာ ချထားရေးကိစ္စကို ပြန်လည်သုံးသပ်ဖို့ ဒါတွေပါပဲ ကျနော်တို့ ဆွေးနွေးတာတွေကတော့။ ဒါတွေကတော့ များသောအားဖြင့် ငြိမ်းချမ်းရေး အတွက်ပဲလေ။ ဖွဲ့စည်းပုံကတော့ တပ်ချုပ်နဲ့တွေ့တဲ့ အခါမှာလည်း ပြောတာပဲ။ သူကတော့ ဖွဲ့စည်းပုံဆိုတာ ဖျက်သိမ်းတာကတော့ လက်မခံဘူးတဲ့။ ဒါပေမဲ့ ပြင်လို့ရှိရင်တော့၊ အများက သဘောတူလို့ရှိရင်တော့ ပြင်တာကတော့ သူလက်ခံပါတယ်တဲ့။ ဒါပေမဲ့ တချို့ကတော့ တပ်ချုပ်က ဖွဲ့စည်းပုံပြင်လို့ လုံးဝမရဘူး ဆိုတာတော့ ကျနော်သူပြောတာတော့ တခါမှ မကြားဘူးဖူးပေါ့နော်၊ သူနဲ့တွေ့တဲ့အချိန်တိုင်းမှာ။”

လက်ရှိခရီးစဉ်မှာတော့ ပဒိုစောကွယ်ထူးဝင်း လိုက်ပါခဲ့ခြင်းမရှိသလို ဒီခရီးစဉ်မှာ ဘာတွေဆွေးနွေးမယ် ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ပြီးခဲ့တဲ့ လကုန်က KNU ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှာတော့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ကရင်တတ်သိပညာရှင်တွေ၊ အမျိုးသမီးတွေအပါအဝင် ကရင်အမျိုးသားတိုင်း ပါဝင်နိုင်ဖို့အတွက် သဘောတူ ဆုံးဖြတ်ထားပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကိုတော့ ကရင်လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့ ၆၆ ဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါတယ်။

KNU အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲကြိုးကြားဖြစ်ပွားခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းမှာတော့ တိုက်ခိုက်တာတွေ လုံး၀ ရပ်ဆိုင်းခဲ့ပါတယ်။
XS
SM
MD
LG