သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ဥက္ကဋ္ဌ သမ္မတ ကာချုပ်တို့နဲ့ သီးခြားစီတွေ့ဆုံ


သမ္မတဦးသိန်းစိန်နဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ နေပြည်တော်မှာ ဇွန်လ ၄ ရက် ၂၀၁၄ မှာ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - မှူးဇော်)
သမ္မတဦးသိန်းစိန်နဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ နေပြည်တော်မှာ ဇွန်လ ၄ ရက် ၂၀၁၄ မှာ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - မှူးဇော်)
နေပြည်တော်ကို ရောက်ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ တရက်တည်းမှာပဲ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အချိန်အတော်ကြာ တွေ့ဆုံဆွေးနွေးပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး အကောင်အထည်ဖော်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဒီနှစ်မကုန်မီ စတင်နိုင်ဖို့ အဓိက ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲ ၂ ခုမှာတော့ မြန်မာနိုင်ငံမှာ လတ်တလော အရေးတကြီး ဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်တွေကို ဆွေးနွေးတာတော့ မရှိခဲ့ပါဘူး။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ အဖွဲ့ဟာ သမ္မတရဲ့ ယာတောနေအိမ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့ ညနေ ၅ နာရီကနေ ၆ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ နေပြည်တော်မှာ ဇွန်လ ၄ ရက် ၂၀၁၄ မှာ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - မှူးဇော်)
သမ္မတဦးသိန်းစိန်နဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ နေပြည်တော်မှာ ဇွန်လ ၄ ရက် ၂၀၁၄ မှာ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - မှူးဇော်)

ဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတက ဒီနှစ်မကုန်မီ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အလေးထား ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။

“အဓိကကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့ဗျာ အခုဆောင်ရွက်နေတဲ့ NCCT နဲ့ပေါ့လေ အဲ ကျနော်တို့ဆွဲနေတဲ့ Single Text ကို အမြန်လေ ကျနော်တို့ ဒါ ပြီးမြောက်ပြီး အမြန်လက်မှတ်ရေးထိုးနိုင်ဖို့၊ ပြီးရင်တော့ Political Dialogue ကို ရှေ့ကိုလေ နော် မြန်မြန်ပေါ့ တကယ့်ကို စနိုင်ဖို့ဆိုတာကိုလည်း KNU ဘက်က ဆွေးနွေးပါတယ်ခင်ဗျ။ နိုင်ငံတော်သမ္မတကလည်း ဒါနဲ့ပတ်သက်ပြီး ပြန်လှန်ဆွေးနွေးပါတယ်။”

လောလောဆယ်မှာတော့ NCCT ခေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းကို ရေးဆွဲနေကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံပွဲမှာ နှစ်ဘက် ဆွေးနွေးခဲ့တာတွေကို ဆွေးနွေးပွဲကို ပါဝင်ခဲ့တဲ့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က အခုလို ပြောပါတယ်။

“သမ္မတကြီးကတော့ ငြိမ်းချမ်းရေးကို ရအောင် ဆောင်ရွက်သွားမယ်ဆိုတာကို သမ္မတကြီးက သဘောထားကို ထပ်လောင်း ပြောဆိုသွားပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ အခြေအနေတခု၊ အဆင့်တခု၊ ကတိကဝတ်တခုကို နောက်ကြောင်းပြန်လှည့်လို့ မရတဲ့အဆင့်ထိကို သမ္မတကြီး ဆောင်ရွက်သွားစေချင်တယ်လို့ ကျနော်တို့ကတော့ အကြံပြုခဲ့ပါတယ်ခင်ဗျ။”

နိုင်ငံတော်သမ္မတနဲ့ KNU ဥက္ကဌတို့ ဒီတကြိမ်တွေ့ဆုံတာကတော့ ၅ ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပါတယ်။ KNU ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်သမ္မတနဲ့ မတွေ့ဆုံမီ ဒီမနက် ၁၀ နာရီကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးခဲ့တာတွေကို ပဒိုမန်းငြိမ်းမောင်က အခုလို ပြောပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုတွေကို အားရကျေနပ်မှုရှိတယ်လို့ သူ့ရဲ့သဘောထားကို ပြောပြပါတယ်။ နောက်တခု သူ အဓိကထားပြီး ပြောတာကတော့ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်တဲ့နေရာမှာ အခြေခံကျတဲ့ အယူအဆ ၃ ဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ဒီအခြေခံ ၃ ရပ်ကို တပ်မတော်က တက်တက်ကြွကြွ လိုက်ပါလုပ်ဆောင်မယ်လို့ သူ့ရဲ့ တပ်မတော်ရဲ့ သဘောထားကို ပြောကြားပါတယ်ခင်ဗျ။ နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကိုလည်း အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ချင်တဲ့ဟာကို သူက အထူးပြုပြောကြားတယ်။ အပစ်အခတ်ရပ်စဲရေး ရအောင် ဆောင်ရွက်တဲ့နေရာမှာလည်း တနိုင်ငံလုံးနဲ့ ရရှိအောင် ဖြစ်စေချင်တဲ့ဆန္ဒကို ပြောပြပါတယ်ခင်ဗျ။”

KNU ဘက်က ဆွေးနွေးခဲ့တာတွေကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ KNU အနေနဲ့က ငြိမ်းချမ်းရေးကိုရရှိတဲ့အထိ ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ ကျနော်တို့ KNU ရဲ့ သဘောထားကိုလည်း ကျနော်တို့ ဥက္ကဌကြီးက ပြောကြားပါတယ်ခင်ဗျ။ ကျနော်တို့ ဒီ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့နေရာမှာလည်း ကျနော်တို့က ရိုးရိုးသားသား စိတ်စေတနာနဲ့ ဆောင်ရွက်တာဖြစ်တယ်။ နိုင်ငံရေးအပေါ်မှာ အမြတ်ထုတ်ချင်ဖို့ သဘောထား ဘာမှမရှိဘူး။”

ဒီဆွေးနွေးပွဲမှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း တို့ ဦးဆောင် ပါဝင်တက်ရောက်ပါတယ်။ ဒီဆွေးနွေးပွဲကတော့ KNU ဥက္ကဌနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်။
KNU ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ၊ တပ်မတော်ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စကိုတော့ ဆွေးနွေးတာ မရှိခဲ့ဘူးလို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တဲ့နေရာမှာရော၊ သမ္မတကြီးနဲ့ တွေ့တဲ့နေရာမှာရော ကျနော်တို့ အဲ့ဒါ ဘယ်ဘက်ကမှ ဒီအပေါ်မှာ ဆွေးနွေးတာမရှိပါဘူးခင်ဗျ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်မှာ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတာ သမ္မတကြီးကလည်း နိုင်ငံတော်အစိုးရရဲ့ သဘောထားကို ပြောပြီးပြီ။ အဲ့ဒီအပေါ်မှာ ကျနော်တို့လည်း သဘောတူပါတယ်။ ကျနော်တို့ပြောပြောနေတဲ့ --- ညီလာခံပေါ့နော်၊ အဲ့ဒီညီလာခံကြီးမှာ ကျနော်တို့ မျက်နှာစုံညီ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အခြေခံဥပဒေကအစ သဘောထားကွဲလွဲမှုတွေကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ကျနော်တို့ ဆွေးနွေးမယ်ဆိုရင် ဒီအခက်အခဲတွေက မကျော်လွှားနိုင်စရာအကြောင်း မရှိဘူးလို့ ကျနော်တို့ကတော့ အဲ့ဒီလိုပဲ ယုံကြည်ပါတယ်ခင်ဗျ။”

မနက်ဖြန်မနက် ၇ နာရီမှာတော့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ KNU အဖွဲ့ဟာ ၂၀၁၂ ခုနှစ် မှာ အပစ်အခတ် ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး အပစ်ရပ်ပြီးနောက်မှာတော့ တိုက်ပွဲတွေဖြစ်ပွားတာ မရှိသလောက် ဖြစ်ခဲ့ပါတယ်။ ဒါဟာ အခုလို နိုင်ငံ့အကြီးအကဲတွေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးတာရဲ့ ရလဒ်အဖြစ်လည်း သုံးသပ်တာတွေ ရှိနေပါတယ်။
XS
SM
MD
LG