သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ KNU တွေ့ဆုံ


သမ္မတဦးသိန်းစိန်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးတို့ တွေ့ဆုံဆွေးနွေးစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)
သမ္မတဦးသိန်းစိန်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးတို့ တွေ့ဆုံဆွေးနွေးစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ခေါင်းဆောင်ပိုင်းတွေဟာ ဇန်နဝါရီလ ၅ ရက်နေ့မှာ သမ္မတဦးသိန်းစိန် အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေအပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတနဲ့ ကာကွယ်ရေးဦးစီချုပ်တို့နဲ့ တွေ့ဆုံမှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိတယ်လို့လည်း KNU ဗဟို အလုပ်အမှုဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ သမ္မတဦးသိန်စိန် နဲ့ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး ဦးဆောင်တဲ့ KNU ခေါင်းဆောင်ပိုင်းတွေဟာ ၂ နာရီ နီးပါးကြာအောင် တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကြီး အမြန်ဆုံးဖြစ်ပေါ်လာဖို့ ဆန္ဒရှိကြေင်း သမ္မတက ပြောကြားခဲ့တယ်လို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“သမ္မတကြီးဘက်ကတော့ KNU အနေနဲ့ အပစ်အခတ်ရပ်ပြီးတော့ စားပွဲဝိုင်းမှာဆွေးနွေးတာကို သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ နောက်ပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့၊ ပဋိပက္ခတွေချုပ်ငြိမ်းဖို့ စားပွဲဝိုင်းမှာ ဆွေးနွေးတဲ့နည်းလမ်းက အကောင်းဆုံးပဲဆိုတာကို သမ္မတကြီး အနေနဲ့မှတ်ယူပြီးတော့ ဒီအတိုင်းပဲ ကြိုးစားဆောင်ရွက်တယ်ဆိုတာကိုလည်း ပြောပါတယ်။ နောက်ပြီးတော့ လေးဝါးပွဲနဲ့ မြစ်ကြီးနားပွဲတွေ ပြီးသွားလို့ရှိရင် နေပြည်တော်မှာ ပြုလုပ်မယ့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကိုလည်း သူ့အနေနဲ့ စိတ်အား ထက်သန်စွာ ပါဝင်ဖို့ ဆန္ဒပြင်းပျနေပါတယ်လို့လည်း ပြောပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ရှေ့ကို ဆက်ပြီးတော့ ယုံကြည်မှုတည်ဆောက်ပြီး စားပွဲဝိုင်းမှာ ဖြေရှင်းကြဖို့ ကိစ္စရပ်တွေကိုလည်း ပြောပါတယ်ဗျ။”

နေလည်ပိုင်းမှာတော့ KNU ခေါင်းဆောင်ပိုင်းတွေဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ လည်း KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
ဒီလို တွေ့ဆုံမှုမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ရှိခဲ့တဲ့တွေ့ဆုံမှုလို့ ပြောနိုင်သလို လက်ရှိအချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ရပ်တည်ချက်ကိုလည်း KNU ကို ချပြပြောဆိုခဲ့တယ်လို့ သူကပြောပါတယ်။

“ကျနော် အဲဒါ လုံးဝ ပြောနိုင်ပါတယ်။ ကျနော်တို့က အပြုသဘောဆောင်တဲ့စိတ်ဓာတ်ဖြစ်တယ်။ တပ်မတော်ကတော့ အဓိက-ကတော့ နိုင်ငံတော်ကာကွယ်ရေးက သူတို့ အဓိကတာဝန်ရှိတယ်။ ထပ်ပြီးတော့လည်း ပြောပါတယ်။ အရင်အကြိမ်တွေမှာလည်း သူပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ပြင်နိုင်တယ်၊ နောက်ပြီးတော့ ဥပဒေကို ကာကွယ်ရမယ့်တာဝန်လည်း သူတို့မှာ ရှိတယ်ဆိုတာ အဲဒါ ထပ်ပြီးတော့ ပြောပါတယ်ခင်ဗျ။”

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်ဖို့ သဘောထားရှိပြီးတော့ ရရှိထားတဲ့ ငြိမ်းချမ်းးရေးတွေကိုလည်း ထိန်းသိမ်းဖို့ ဆန္ဒရှိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့တဲ့အကြောင်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ကာကွယ်ရေးဦးစီးချုပ် အဓိကပြောတာကတော့ ငြိမ်းချမ်းရေးဟာ နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်လို့ရှိရင် မရနိုင်စရာ အကြောင်းမရှိဘူး၊ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိတယ်ဆိုတာ အဓိကပြောပါတယ်ခင်ဗျ။ ကာကွယ်ရေးဦးစီးချုပ်က တွေ့တိုင်း ပြောတဲ့စကားတစ်ခွန်းရှိပါတယ်။ ငြိမ်းချမ်းရေးကို ရိုးသားမှုနဲ့ သစ္စာရှိမှုကို အခြေခံပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးဟာ မရနိုင်စရာ အကြောင်းမရှိဘူးဆိုတာ သူအမြဲတမ်းပြောပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ကရင်ပြည်နယ်က KNU ထိန်းချုပ်ရာ လော်ခီးလာဒေသမှာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး ၃ ရက်တာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
အခုလို KNU ထိန်းချုပ်နယ်မြေထဲမှာ ညီလာခံ ကျင်းပခါနီး သမ္မတနဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ မကြာခင်ကျင်းပမဲ့ ညီလာခံအတွက် များစွာအထောက်အကူ ပြုမယ်လို့ ရှုမြင်တဲ့အကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။
“ဘာကြောင့်လဲလို့ ပြောရင် ဒီတခေါက်ကျင်းပမှာက KNU ဧရိယာထဲမှာဖြစ်နေတယ်။ MCCT မှာလည်း KNU ရဲ့အထွေထွေအတွင်းရေးမှူး အနေနဲ့ကလည်း သူခေါင်းဆောင်အနေနဲ့ ပါနေတယ်။ သူတို့ကိုယ်တိုင်လည်း ဒီနေ့တက်ရောက်ဆွေးနွေးနိုင်ပြီးတော့ သမ္မတရဲ့ ငြိမ်းချမ်းရေး အပေါ်မှာထားတဲ့သဘောထားနဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေကို ကြားရတဲ့အတွက် သူတို့ကိုယ်တိုင်ကလည်း အရမ်းကို အားတက်တယ်ပေါ့လေ၊ အခု ကျနော်တို့ ဝန်ကြီးဦးအောင်မင်းနဲ့ ချင်းမိုင်မှာ ၂၉ ရက်နေ့က ဆွေးနွေးတဲ့အထိတော့ နှစ်ဘက် ဆွေးနွေးချက်တွေဟာ တဖြည်းဖြည်းနဲ့နီးလာပြီးတော့ ၈၀ % နီးပါးလောက် တူတယ်လို့ ပြောတဲ့အတွက် ကျန်တဲ့ ၂၀ % ကိုဆက်ပြီးတော့ ညှိနှိုင်းနိုင်ဖို့လည်း ဒီနေ့ အများကြီး အရေးပါပါတယ်။”

ကရင်အမျိုးသား အစည်းအရုံး KNU ဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ လကစပြီးတော့ အစိုးရနဲ့ အပစ်ရပ်စဲရေး သဘောတူထားတာပါ။ သမ္မတ ဦးသိန်းစိန် အပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ KNU ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံတာဟာ ၂ နှစ်အတွင်းမှာ ၄ ကြိမ် ရှိခဲ့ပါပြီ ခင်ဗျား။
XS
SM
MD
LG