သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရောမြို့အနီးက တောင်ကလေးရဲစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်


KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နားက တောင်ကလေးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး သေနတ် ၈ လက် နဲ့ ကျည်တွေ သိမ်းဆည်းရမိပုံ။ (နိုဝင်ဘာ ၂၁၊ ၂၀၂၂/ Crd: KIC/CJ)
KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နားက တောင်ကလေးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး သေနတ် ၈ လက် နဲ့ ကျည်တွေ သိမ်းဆည်းရမိပုံ။ (နိုဝင်ဘာ ၂၁၊ ၂၀၂၂/ Crd: KIC/CJ)


[[Zawgyi/Unicode]]

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းဝင်းမှာ စခန်းချ ချခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပြီး တောင်ကလေးရဲစခန်းကို ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။ အခုလို ရဲစခန်းတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ကျိုက်မရောက်မြို့နယ်ထဲက တောင်ကလေးရဲစခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၁ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ကျိုက်မရောမြို့နယ် ဟာ KNU တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေထဲမှာရှိပြီး စစ်ကောင်စီတပ်တွေက တောင်ကလေးရဲစခန်းမှာ စခန်းချထားချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။

“တောင်ကလေးစခန်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲမှာပေါ့နော်- KNU ရဲ့သတ်မှတ်ချက်ကတော့ တပ်မဟာ (၆) နယ်မြေထဲမှာပေါ့၊ KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီမနက်မှာ စခန်းကိုသွားသိမ်းတော့ စစ်ကောင်စီဘက်က ၁၀ ယောက်ကျဆုံးတယ်။ လက်နက် ၈ လက်ရတယ်။ သူတို့က အဲဒီစခန်းကို ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ပစ်ကူပေးတာပေါ့နော်။ လေကြောင်း ပစ်ကူပေးတယ်။ စခန်းကိုသိမ်းပြီးမှာ စစ်ရဟတ်ယာဉ် ၃ စီးနဲ့ ပစ်ကူပေးတဲ့အခါကျတော့ ကျနော်တို့ဘက်ကလည်း ဆုတ်ခွါလိုက်တယ်။”

စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးသတင်းနဲ့ပတ်သက်လို့ နယ်မြေအာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ အခုဆိုရင် စစ်အာဏာသိမ်းပြီးကတည်းက KNU တပ်မဟာ (၆) ထိန်းချုပ်ရာ ကော့ကရိတ်၊ တောင်ကြာအင်း၊ တောင်ကလေး စတဲ့နေရာဒေသတွေက ရဲစခန်းတွေကို ဝင်ရောက် တိုက်ခိုက်မှုတွေ ၅ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လည်း ပြောပြပါတယ်။

“ KNU တပ်မဟာ ၆ ထဲမှာဆိုရင် ကော့ကရိတ်စခန်းတွေ တောင်ကြာအင်းစခန်းစတဲ့။ စခန်း ၅ ခု၊ ၆ ခုလောက်ရှိတယ်။”

စစ်ကောင်စီဘက်ကလည်း မြေပြင်မှာ အခုလို တိုက်ခိုက်ခံရတာတွေ ရှိတဲ့အတွက် လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ KNU တပ်မဟာ (၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာလည်း အခုလို စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တိုင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့တုန်းကတော့ တနေ့တည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု (၁၄) ကြိမ် လုပ်ခဲ့ကြောင်း KNU ကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ညောင်လေးပင်ခရိုင် ဒေသခံတွေဟာ အခုထိ အိုးအိမ်စွန့်ခွါပြီး တောထဲမှာနေထိုင်နေရတယ်လို့ ဒေသခံတဦးလည်းပြောပြပါတယ်။

“စခန်း ၃ ခုကို KNU ကသိမ်းတော့ သူတို့က လက်နက်ကြီးနဲ့ထုတယ်။ လေယာဉ်နဲ့လည်းဗုံးကြဲတာပေါ့နော်၊ လူပေါင်းသောင်းကျော် အခုထိ ထွက်ပြေးနေရတယ်။ စစ်တောင်းမြစ် အနောက်ဖက်ကမ်းကိုထွက်ပြေးနေကြတယ်။ တောထောင်ထဲမှာလည်းပုန်းနေကြတယ်။ အခုထိ အိမ်ကိုမပြန်ရဲကြဘူး။ ဘုန်းကြီးကျောင်းလည်းမီးလောင်တယ်။ အိမ်တွေလည်းမီးလောင်တယ်။ ဆေးရုံတရုံလည်း မီးလောင်သွားတယ်။ တနေ့တည်းနဲ့ ၁၄ ကြိမ်ပေါ့။ မကြာမကြာလာပြီး ဗုံးကြဲတယ်။ တခါလာရင် ၂ နှစ်စီးနဲ့ ၁၄ ကြိမ်လောက်ဗုံးကြဲတယ်။ ရွာသားတွေကတော့ စစ်တောင်းမြစ် အနောက်ဖက် ဆွေမျိုးတွေရှိတဲ့နေရာတွေဘက်ကို ထွက်ပြေးတော့လည်း စစ်တပ်ကပိတ်ထားတယ်။ အဲဒီတော့ ပေးမကူးတော့လည်း တောထဲမှာပဲနေနေရတာပေါ့။”

KNU တပ်မဟာ (၆) ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ကျိုက်မရောမြို့နယ်၊ တောင်ကလေးရဲစခန်းတိုက်ပွဲကတော့ မနက် ၅ နာရီလောက်ကနေ မနက် ၁၁ နာရီလောက်ထိ ၆ နာရီနီးပါးကြာခဲ့ပြီး KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်နဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ KNU ဘက်က ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]











XS
SM
MD
LG