သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင်တွင်း တိုက်ပွဲပြင်းထန်၊ စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာ


 မြဝတီရိုင်တွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)  
မြဝတီရိုင်တွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)  

[[Zawgyi/Unicode]]

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ဒေသခံ PDF ပူးပေါင်း တပ်ဖွဲ့တွေကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် သောင်ရင်းမြစ်အနီးနဲ့ ဝေါလေချောင်းတဝိုက်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၁,၀၀၀ ကျော် ထပ်မံ တိမ်းရှောင်လာပါတယ်။ မြဝတီခရိုင်တွင်းက စစ်ဘေးဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကေအန်ယူ ထိန်းချုုပ်ရာတပ်မဟာ (၆) နယ်မြေအတွင်းမှာ စစ်ကောင်စီက သူတို့ရဲ့ သေဘောဘိုးစခန်းနဲ့ ဘလက်ဒိုကျေးရွာမှာ ပြန်ပြီးအခြေချနိုင်ဖို့အတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် အနီးတဝိုက်က ကျေးရွာတွေပေါ်ကို လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီအတွက် သေဘော့ဘိုးကျေးရွာနဲ့အနီးတဝိုက်က ကျေးရွာသားတထောင်ကျော်ဟာ ဘေးလွတ်ရာကို ထပ်ပြီးထွက်ပြေးနေရတယ်လို့ ဒေသခံကျေးရွာသားတဦးကပြောပါတယ်။

“အဲဒီနေ့က တညလုံးလေကြောင်းကနေ ရဟတ်ယဉ်နဲ့လာပစ်တာတွေရှိတယ်။ နောက် ဒရုန်းတွေနဲ့ ဒီဘက်ကပြန်ကြဲတာတွေရှိတယ်။ ဘလက်ဒိုနဲ့ သေဘော့ဘိုးစခန်း နေရာ၂ နှစ်ခုကို သူတို့ကပြန်လိုချင်နေကြတယ်။ ရွာထဲမှာလက်နက်ကြီး ကျတာရှိတယ်။ အိမ်တွေပေါ်ကျတာတွေရှိတယ်။ သေဘော့ဘိုးထဲက အိမ်တွေဆိုရင် ပျက်စီးကုန်တာရှိတယ်။ နှစ်ဖက်တိုက်ပွဲတွေနဲ့ နှစ်ဖက်ပစ်ကြတာ။ ဝေါ်လေချောင်းဘက်မှာဆိုရင် ဒုက္ခသည်တွေက စစ်ဘေးရှောင်တွေ အကုန်လုံးတစုတည်းမဟုတ်ဘူး။ စခန်းအကြီးကြီးတွေနဲ့မဟုတ်ဘူး။ ကိုယ့်နည်းကိုယ်ဟန်တွေနဲ့ အစုတွေနဲ့နေနေကြတာ။ အားလုံးပေါင်းလိုက်ရင်တော့ လူဦးရေ တထောင်ကျော်ရှိပါတယ်။”

သောင်ရင်းမြစ်တလျှောက်မှာတော့ တဲတွေထိုးပြီးနေနေကြတဲ့ဒုက္ခသည်တွေလည်း ထောင်နဲ့ချီရှိနေပါတယ်။တချို့ကျေးရွာသားတွေကတော့ တိုက်ပွဲတွေမဖြစ်ဘူးဆိုရင် အိမ်တွေကိုပြန်နေလိုက်၊ တိုက်ပွဲတွေဖြစ်ရင် ပြန်ပြေးလိုက်နဲ့ နေကြသူတွေရှိသလို သူတို့အိမ်ယာတွေမှာ စစ်တပ်က စခန်းချနေထိုင်နေတာတွေ၊ သူတို့ ပစ္စည်းတွေ အသုံးအဆောင်တွေမရှိတော့တာတွေ၊ နေအိမ်ပြန်တဲ့အခါ အဖမ်းခံရတာတွေကြောင့် လေးကေ့ကော်အနီးက ကျေးရွာသားတွေဟာ နေရပ်မပြန်နိုင်ကြသူတွေလည်း ရှိနေတာပါ။ သူတို့တွေကတော့ အခုချိန်မှာ အနွေးထည်၊ စောင်နဲ့ စားနပ်ရိက္ခာတွေ လိုနေကြတယ်လို့လည်း ပြောကြပါတယ်။ အဓိကတော့ဆန်၊ ဆီ၊ ဆား စတဲ့အခြေခံရိက္ခာတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်ဒုက္ခသည်တဦးကပြောပြပါတယ်။

“ခက်ခဲတာကတော့ အဲဒီရိက္ခာပေါ့။ ဆန်တို့ ဆီတို့က ကျမတို့မှာလည်းခက်ခဲနေပါတယ်။ အခြေခံအစားအစာကတော့ အဓိက လိုနေကြတယ်။ ဒုက္ခသည်တွေကလေ။”

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် တနှစ်နီးပါးအတွင်းမှာ အနီးတဝိုက်ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒုက္ခသည်တွေဟာ သောင်ရင်းမြစ်အနီးမှာ ခိုလှုံနေထိုင်ကြရပါတယ်။ မိုးတွင်းကာလမှာလည်း နေစရာအမိုးအကာတွေ အခက်အခဲရှိသလို အခုဆောင်းအဝင်ကာလမှာလည်း စောင်တွေ၊ အနွေးထည်တွေ လိုအပ်နေကြပါတယ်။ အဓိကလိုအပ်တာကတော့ စားနပ်ရိက္ခာဖြစ်ပြီး ဖျားနာသူတွေအတွက် ဆေးဝါးတွေလည်းလိုအပ်နေတယ်လို့ ဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲကာလ တနှစ်နီးပါးအတွင်းမှာ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရတာတွေကြောင့် စစ်ဘေးရှောင်တွေ၊ ကျေးရွာသားတွေ သေဆုံးဒဏ်ရာရတာတွေလည်းရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]








XS
SM
MD
LG