သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ဖာပွန်ခရိုင်တွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်


KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း ဆေးရုံကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပုံ။ (Photo.KNU Mutraw News)
KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း ဆေးရုံကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပုံ။ (Photo.KNU Mutraw News)

[[Zawgyi/Unicode]]

ကရင်အမျိုးသားအစည်းအရုံး KNU မူတရော်(ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) နယ်မြေထဲကို စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၂ရက် မနက် ၁ နာရီခန့် က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။ KNU လေးကေ့ကော်အနီး ဖလူးကြီး၊ ဖလူးလေးရွာတွေဘက်ကိုလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေကို ထိုင်း-မြန်မာနယ်စပ်ကနေ VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးKNU မူတရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေထဲကို စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၂ ရက် မနက် ၁ နာရီခန့်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

“မနက် (၁) နာရီလောက်မှာ လာပစ်သွားတယ်။ ညကြီးမင်းကြီးမှာ လာပစ်တာ။ အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထားပြီး လာလုပ်တာ။ အထူးသဖြင့် ဆေးရုံတွေ ကျောင်းတွေဆိုတာ မသိတာလည်းမဟုတ်ဘူး။ သိသိကြီးနဲ့ လာပစ်တာ။ တမင်တကာလည်း ပစ်တာကိုး။ ထိလိုက်ရင်လည်း ဆေးရုံတွေ စာသင်ကျောင်းတွေလေ။ အဲဒါတွေက လုံးဝမလုပ်သင့်ဘူးလေ။ ကျနော်တို့ကလည်း တောင်းဆိုထားတာရှိတယ်။ လေယာဉ်မပျံသန်းရဇုံဖြစ်ဖို့ တောင်းဆိုချက်အတိုင်း မဖြစ်မနေလုပ်သွားတာရှိတယ်။”

လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ ဒွယ်လိုမြို့နယ်ရှိ ဝါးခါ့ဒဲဆေးရုံနဲ့ လယ့်ဂေးထာ့ကျေးရွာထဲကို ဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအန်ယူဘက်က ပြောပါတယ်။

KNU တပ်မဟာ (၆) ထိန်းချုပ်ရာ မြဝတီခရိုင် လေးကေ့ကော်အနီးက ဖလူးကြီး၊ ဖလူလေးရွာတွေဘက်ကိုလည်း မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံ ရွာသားတွေ တွေ သောင်ရင်းမြစ်တလျှောက်ကို ထွက်ပြေးလာနေကြတယ်လို့လည်းပြောပါတယ်။

“ဖလူးဘက်မှာတော့နေတိုင်းလိုလိုဖြစ်တယ် ဒီမနက်လည်း ပစ်တယ်။ ကျေးရွာတွေဒီအနီးနားကကျေးရွာတွေက မနေရဲတော့ဘူးဆိုရင် ထပ်ထွက်ပြေးမှာပဲ။”

ကရင်အမျိုးသားအစည်းအရုံးက ၂၀၂၁ ခုနှစ် တိုက်ပွဲသတင်း နှစ်ချုပ်ထုတ်ပြန်ရာမှာ တပ်မဟာ ၇ ခုရှိတဲ့အနက် တပ်မဟာ ၆ ခုမှာတိုက်ပွဲတွေ ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှာလည်း ဖလူးကြီး ဖလူးလေးရွာတွေဘက်မှာ လက်နက်ကြီးတွေနဲ့ပစ်တာတွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာတွေကြောင့် နေရပ်ကိုပြန်နေကြတဲ့ ဒုက္ခသည်တွေဟာ သောင်ရင်းမြစ်တလျှောက်ဘက်ဆီ ပြန်ထွက်ပြေးလာနေပြီး စစ်ဘေးရှောင်ဒုက္ခသည်ဦးရေတွေ ပိုတိုးလာကြောင်း မြန်မာဘက်ခြမ်းက ဒုက္ခသည်တွေအတွက် အစားအသောက်တွေကူညီပေးနေသူတဦးကလည်းပြောပြပါတယ်။

“ကျနော်တို့သွားကူညီတဲ့နေရာက သောင်းရင်းမြစ်တောက်လျောက်ပေ့ါ။ သွားလှူတဲ့နေရာက ၅ နေရာရှိတယ်။ ပထမနေရာမှာတော့ လူဦးရေ ၄၀၀ လောက်ရှိတယ်။ ဒုတိယနေရာမှာတော့ လူဦးရေ ၆၀၀ လောက်ရှိတယ်။ တတိယနေရာမှာ လူဦးရေ ၄၅၀ လောက်ရှိတယ်။ စတုတ္ထနေရာမှာတော့ ၅၅၀ ရှိတယ်။ ပဉ္စမနေရာမှာတော့လူဦးရေ ၉၀ လောက်ရှိတယ်။ စုစုပေါင်းလူဦးရေ ၂,၁၀၀ ဝန်းကျင်ရှိနေပါတယ်။”

ဒါကတော့ကျနော်တို့သွားကူညီတဲ့နေရာ ၅ နေရာပေါ့။ အဲဒီနေရာတွေကတော့ မြန်မာဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေပါ။ ဒါ့အပြင် ကျနော်တို့ သွားမကူနိုင်သေးတဲ့နေရာတွေမှာတော့ လူဦးရေ ၁,၅၀၀ လောက်ရှိတယ်။ဒါကတော့ ထိုင်းဘက်ခြမ်း မယ့်ကိုကင်းရွာရဲ့တဘက်ကမ်း သောင်ရင်းမြစ်တလျှောက်က ဒုက္ခသည်တွေပါ။”

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်အတွင်းမှာ ခိုလှုံနေတဲ့ လွှတ်တော်အမတ် ၂ ဦးနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ် ရှားသူတွေ၊ အကြမ်းမဖက်အာဏာဖီဆန် CDM လုပ်ထားတဲ့ဝန်ထမ်းတွေပါတဲ့ လူ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၄ ရက်မှာ ဝင်ရောက် ဖမ်းဆီးရာကနေ နောက်တရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်၊ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေဟာတိုက် ပွဲတွေဖြစ်ခဲ့ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာအပြင် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်မှု ၄ ရက်ဆက်တိုက်လုပ်ခဲ့တာကြောင့် လေးကေ့ကော်၊ ဖလူးကြီး၊ ဖလူးလေး၊ မင်းလက်ပံ၊ ထီးမဲ့ဝါးခီး၊ မယ့်ထော်သလေး-စတဲ့ ကျေးရွာတွေကထွက်ပြေးလာသူ စစ်ဘေးရှောင်ဒုက္ခသည် ၂ သောင်းလောက်ရှိပါတယ်။ တချို့လည်း ထိုင်းဘက်ကိုထွက်ပြေးလာပြီး တချို့ကတော့ သောင်ရင်းမြစ်တလျှောက် မြန်မာဘက်ခြမ်းမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]















===========

XS
SM
MD
LG