သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီးလင်းက စစ်ကောင်စီစခန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူ


ကျောက်ကြီးမြို့နယ်တိုက်ပွဲအတွင်း KNU က သိမ်းဆည်းရမိသည့် စစ်ကောင်စီစခန်း လက်နက်ခဲယမ်းများ။ (ပုံဟောင်း) (ဓာတ်ပုံ - KNU)
ကျောက်ကြီးမြို့နယ်တိုက်ပွဲအတွင်း KNU က သိမ်းဆည်းရမိသည့် စစ်ကောင်စီစခန်း လက်နက်ခဲယမ်းများ။ (ပုံဟောင်း) (ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီစခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရမိကြောင်း KNLA/PDF စတဲ့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။ ဒီစခန်းဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗျူဟာစခန်းတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီစခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရမိကြောင်း KNU ဘက်က ပြောပါတယ်။ ဒီတိုက်ပွဲကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ အတူ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ BPLA တပ်ဖွဲ့တွေ၊ FFD (Force for Federal Democracy) ဒရုန်းတပ်ဖွဲ့တွေ စုပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအေးမင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“၁ ရက်နေ့မှာ အပြီးသတ်သိမ်းတယ်။ ဒါပေမဲ့ လက်ရှိမှာ စခန်းကို အလုံးစုံ သိမ်းလို့ရသွားပြီ။ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးကိုတော့ အခု ဆက်လက် ချေမှုန်းနေတယ်။ စုစုပေါင်း စစ်သုံ့ပန်းကတော့ လူ၂၀ ကျော်ပါတယ်။ တပ်ရင်းမှူးတို့ကတော့ လောလောဆယ် တနေရာမှာ ခိုနေပုံရတယ်။ အဲဒါကို ကျွန်တော်တို့ဘက်က လိုက်လံ ချေမှုန်းနေပါတယ်။”

ဒီစခန်းဟာ KNU တပ်မဟာ သုံးခု ကြားမှာရှိပြီး ဒီတပ်မဟာတွေကို ချေမှုန်းရာမှာလည်း အရေးပါသလို ဒီစခန်းကို သိမ်းလိုက်တဲ့အတွက်လည်း စစ်ကောင်စီဘက်က နောက်ထပ်စခန်းတွေ ထောက်ပို့နိုင်ဖို့နဲ့ ထိန်းချုပ်ဖို့ ခက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

“အဲဒီစခန်းကတော့ KNU တပ်မဟာ ၁ နဲ့ တပ်မဟာ ၃၊ တပ်မဟာ ၅ ကြားမှာရှိပြီး အရမ်းကို အရေးကြီးတဲ့ စခန်းဖြစ်ပါတယ်။ ဖာပွန်မြို့ကို ထောက်ထားတဲ့ ဗျူဟာလည်းဖြစ်တယ်။ ဖာပွန်ဗျူဟာအတွက် အရေးပါတဲ့စခန်း ဖြစ်ပါတယ်။ အင်အားကတော့ ၁၀၀ စွန်းစွန်းရှိတယ်။ အခုတော့ မရှိတော့ဘူးပေါ့။”

သထုံ၊ ဘီးလင်းတလျှောက်မှာ စစ်ကောင်စီတပ်စခန်း ၃၀ ထက်မနည်း ကျန်နေသေးသလို KNLA/PDF စတဲ့ ပူးပေါင်းတပ်တွေဘက်ကတော့ မဲပလီဗျူဟာ အပါအဝင် အရေးပါတဲ့ တပ်စခန်းတချို့ကို စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်းမှာ သိမ်းလိုက်နိုင်တယ်လို့ ဆိုပါတယ်။

“စစချင်းမှာတော့ ကြသောင်းဆိပ်ရွာက စခန်းပေါ့။ နောက်တခုက ဇီးကုန်းပေါ့။ နောက်က လယ်ဆော့လော့ စခန်းပေါ့။ အခု နောက်ဆုံး ဗျူဟာစခန်းပေါ့။ နောက် လှဂွန်းပျိုစခန်း၊ ပြီးတော့ ဒီ မဲပလီဗျူဟာကို သိမ်းလိုက်တာပေါ့နော်။”

မဲပလီစခန်း ကျသွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ မဲပလီစခန်းမှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၀၅ အခြေချ တပ်စွဲထားပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်ကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ အထိအခိုက်၊ ကျဆုံးစာရင်းနဲ့ စစ်လက်နက်ပစ္စည်း သိမ်းဆည်းရမိတာတွေနဲ့ ပတ်သက်လို့တော့ ပူးပေါင်းတပ်တွေဘက်က နယ်မြေရှင်းလင်းရေးပြီးမှ သတင်းအတိအကျ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

ဘီးလင်းက စစ်ကောင်စီစခန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူ
please wait

No media source currently available

0:00 0:03:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG