သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး အတွက် ရန်ကုန်တွင် ဆက်ဆွေးနွေး


ရထားဝန်ကြီး၊ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း (အလယ်)၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဝဲ)၊ ကေအန်ယူ ကိုယ်စားလှယ် ဗိုလ်ချုပ် မူတူးဆေးဖိုး။
ရထားဝန်ကြီး၊ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း (အလယ်)၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဝဲ)၊ ကေအန်ယူ ကိုယ်စားလှယ် ဗိုလ်ချုပ် မူတူးဆေးဖိုး။

အပစ်ရပ်ရေးအပါအဝင် ငြိမ်းချမ်းရေးတွေ အတွက် KNU ကရင် အမျိူးသား အစည်းအရုံး ဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ထဲက ၆ချက်ကို အဓိက ထားပြီး ရန်ကုန်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ကရင် KNU ဖက်က တာဝန်ရှိသူက ပြောပါတယ်။

ပြည်နယ်အဆင့်မှာ ဆက်ဆွေးနွေးဖို့ ကျန်နေသေးတဲ့အချက်တွေကို ပြည်ထောင်စုအဆင့်အဖြစ် ဆွေးနွေးဖို့ အတွက် ရန်ကုန်ကို ရောက်နေတဲ့ KNU အဖွဲ့ နဲ့ လည်း ဒီကနေ့ ည ရန်ကုန်မှာ ညစာစားပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။

အပစ်ရပ် ငြိမ်းချမ်းရေး တွေ အတွက် အစိုးရ နဲ့ ဆွေးနွေးနေတဲ့ ကရင် KNU အဖွဲ့ဟာ ဧပြီလ ၄ ရက်နေ့ မှာ ဖားအံ နဲ့ ပြည်နယ် အဆင့် ဆွေးနွေးမှုတွေ အပြီး ဧပြီလ ၅ ရက် နေ့မှာ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဖို့ ရန်ကုန်ကို ရောက်လာ ကြတာဖြစ်ပါတယ်။ မနက်ဖြန် ဧပြီလ ၆ ရက် နေ့မှာတော့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ ပြည်နယ် အဆင့်မှာ မပြီးပြတ်သေးတဲ့ ဆွေးနွေးမှု တွေကို ဆက်လက် ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စု အဖြစ် ဆွေးနွေးမှု မှုတွေမှာတော့ KNU ဘက်က မူအားဖြင့် တောင်းဆိုထားတဲ့ အချက် ၁၁ ထဲက အချက် ၆ ချက် လောက်ကို အဓိက ဆွေးနွေးဖို့ ရှိတယ် လို့ ကေအန်ယူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စောရော်ဂျာခင်က မြန်မာပိုင်း ကို ပြောပါတယ်။

“ဆွေးနွေးပွဲက မနက်ဖြန်က စမယ်။ ၁၁ ချက် မူအားဖြင့် လက်ခံထားတာ အဲဒါ အသေးစိတ် ဆွေးနွေးဖို့ ကျနော်တို့ လာတယ်။ အခြေအတင်တော့ ရှိတော့ ရှိမှာပေ့ါ။ ပထမဦးဆုံး ဒီကို code of conduct ပေ့ါ။ နှစ်ဘက် လိုက်နာရေး စည်းကမ်းချက်တွေ အဲဒါကို ကျနော်တို့ အရင် စဆွေးနွေးမယ်။ ခြောက်ချက်ထဲ က လေးချက် က လူထု နဲ့ ပတ်သက်တဲ့ ကိစ္စပေ့ါ၊ ခုနှစ်ချက် ကတော့ demarcation နဲ့ ပတ်သက်တာရယ်၊ နောက်ပြီးတော့ Liaison office ကျနော်တို့ ဖွင့် ဖို့ ကိစ္စရယ်။ ဒါဘဲရှိပါတယ်။ ကျနော် ထင်တာတော့ အခုဟာက ညှိနှိုင်း တဲ့ အဆင့်ဘဲ ရှိနေသေးလို့ အပြတ်တော့ ပြောလို့ မရသေးပါဘူး။”

ဒါကတော့ ကေအန်ယူ အဖွဲ့ရဲ့ ဗိုလ်မှူးကြီး စောရော်ဂျာခင် ပြောပြခဲ့တာပါရှင်။ ရန်ကုန်ရောက် နေတဲ့ ကေအန်ယူ အဖွဲ့ကို မြန်မာ အစိုးရ ရဲ့ ငြိမ်းချမ်းရေး အဖွဲ့က စီစဉ်ပြီးတော့ ရန်ကုန်က ဆီဒိုးနား ဟိုတယ်မှာ ဧပြီလ ၅ ရက် နေ့ ညက အထူးညစာ စားပွဲ တစ်ခု လုပ်ပါတယ်။ အစိုးရ ထဲက တာဝန်ရှိတဲ့ ဝန်ကြီး တစ်ချို့ ကရင် နိုင်ငံရေး ပါတီ တွေ နဲ့ အတူ တခြားနိုင်ငံရေး အင်အားစု တွေ၊ တခါ သံရုံးဝန်ထမ်းတွေ နဲ့ သတင်းသမားတွေ နဲ့ ဆိုရင် ဧည့်သည် ၂၀၀ နီးပါးလောက် ရှိတယ် လို့ ဒီ ညစာ စားပွဲ ကို တက်နေတဲ့ ကရင် ပြည်သူ့ ပါတီက ဦးစောဆေးဝါး က ပြောပါတယ်။

“ကျနော် တို့ အခု ဆီဒိုးနားမှာ ရောက်နေတယ်။ ဒီ Ballroom မှာလေ။ ငြိမ်းချမ်းရေးမှာ တော့ မီးရထား ဝန်ကြီး ဦးအောင်မင်း က ဦးစီးတာပေ့ါ။ အဲဒီမှာ ဝန်ကြီး ဦးခင်ရီ ဆိုတာ ပါလာပါတယ်။ ဝန်ကြီး အပိုင်းမှာတော့။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေလည်း လာပါတယ်။ ဒီဘက် အစိုးရ ပိုင်းပေါ့နော်။ တခြား ဟိုဥစ္စာတွေ အများကြီးလာပါတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံး လာကြပါတယ်။ ကေအန်ယူ အပိုင်းက တော့ စီဖိုးရာ ပါတယ်လေ။ နော်မေဦးပါတယ်။ စောထူးထူးလေး ပါတယ်။ ဗိုလ်ချုပ် မူတူးဆေးဖိုး ပါတယ်။ သံတမန်တွေလည်း ပါတယ်။ သတင်းထောက်တွေလည်း ပါတယ်။ အများကြီးပါပဲကွာ။”

သမိုင်းဝင် ဒီတွေ့ဆုံမှုတွေကနေ ပြီးတော့ ထာဝရ တည်တံ့ပြီးတော့ ခိုင်မြဲတဲ့ ငြိမ်းချမ်းမှု တွေ ရဖို့ကို ကရင်လူထုကော မြန်မာ နိုင်ငံ ကပါ တကယ်လိုလား နေတယ် ဖြစ်တယ်လို့လည်း ဦးစောဆေးဝါး က သုံးသပ်ပါတယ်။

“ခါတိုင်းတော့ ဒို့လည်း တခါမှ မပါဝင်ခဲ့ ဖူးဘူးလေ။ ဒါပေမဲ ဒီတစ်ခေါက် ကတော့ ကရင် ပြည်သူ လူထုတွေ လည်း အကုန်ပါဝင် ပြီးတော့ ကူညီ အားပေးရမယ့် အနေအထား ရှိတဲ့ အတွက် ပိုပြီးတော့လည်း စိတ်ချရတယ်၊ ယုံကြည်ရတယ်၊ နွေးထွေးတာပေ့ါကွာ။ ပိုပြီးတော့လည်း မျှော်လင့်ချက် အများကြီး ထားပါတယ်။ ဘယ်လောက် အထိ မျှော်လင့်ထားလဲ ဆိုတော့ ဒို့က အလားအလာ တော်တော်ကောင်းတယ် လို့ဘဲ ပြောရမယ်လေ။ ဘာဖြစ်လို့လည်း ဆိုတော့ နိုင်ငံတော် ရဲ့ မူဝါဒ၊ နိုင်ငံရေး ပေါ်လစီက လည်း အပြောင်းအလဲ ဖြစ်တဲ့ ဟာ နဲ့ သွားကြုံကြိုက်တော့ အစိုးရ ရဲ့ ပေါ်လစီ နဲ့ ကေအန်ယူ ရဲ့ ပေါ်လစီက နည်းနည်း နီးစပ်လာတယ် ပေ့ါလေ။ အဲဒါကြောင့် ညှိနှိုင်း လို့ ရမယ့် အလားအလာ ရှိမယ် လို့ ယုံကြည်ပါတယ်။”

ကရင်ပြည်သူ့ ပါတီက ဦးစောဆေးဝါး ပါရှင်။

ဧပြီလ ၆ ရက်နေ့မှာတော့ ရထား ပို့ဆောင်ရေး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့နဲ့ ကရင် ကေအန်ယူ အဖွဲ့ က ရန်ကုန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ရက်တွေမှာတော့ ကရင် ကေအန်ယူ အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည် နဲ့ အတူ တခြား နိုင်ငံရေး အဖွဲ့တွေ ကို တွေ့ဆုံ ဖို့ ရှိသလို ပဲခူးတိုင်း အတွင်း က ကျောက်ကြီးမြို့ နဲ့ တနင်္သာရီ တိုင်း အတွင်းက ထားဝယ် မြို့တွေ လည်း သွားရောက် လေ့လာဖို့ စီစဉ် ထားပြီး ရန်ကုန်မှာ ၁၁ ရက် နေ့ အထိ နေမှာ ဖြစ်ပါတယ်။

XS
SM
MD
LG