သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နှစ်သစ်ကူးအခမ်းအနား စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု KNUရှုတ်ချ


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် ကော်သူးလေ ထုတ်ပြန်ချက်။
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် ကော်သူးလေ ထုတ်ပြန်ချက်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့က ကရင်ပြည်နယ် ဒူးသထူခရိုင် ယိုကလားနဲ့ ထီးဖဒိုထာကြား မူတြော်ခရိုင်အတွင်းက နိုဖောထီးကျေးရွာမှာ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပပြီး ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွေ ဆင်နွှဲနေချိန် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် ကော်သူးလေက ဒီကနေ့ ဒီဇင်ဘာလ ၃၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အပျက်အစီးသတင်းကို အသေးစိတ်မထုတ်ပြန်ထားသေးပေမဲ့ ကရင်လူမျိုးများအထွဋ်အမြတ်ထားရတာ ကရင်နှစ်သစ်ကူးနေ့မှာ ပွဲတော်တက်ရောက်သူတွေကို သွေးစွန်းညစ်ထေးစေပြီး သေကြေပျက်စီးအောင်ရည်ရွယ်တဲ့လုပ်ရပ်အပေါ် KNU အနေနဲ့ ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဘက်က ကရင်လူမျိုးများ ယဉ်ကျေးမှုထိန်းသိမ်းရန် တိုက်တွန်းသည်လို့ ဆိုထားပေမဲ့ ဒီတိုက်ခိုက်မှုဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ယဉ်ကျေးမှုထိန်းသိမ်းရေးတွေကို စစ်ဘောင်အတွင်း ထားရာနေ၊ စေရာသွားသဘောကိုသာဆောင်ကြောင်း KNU က ဆိုပါတယ်။

အခုနိုင်ငံတဝန်းက ပြည်သူလူထုရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲတွေရဲ့ အဓိက တရားခံဟာ စစ်တပ်သာဖြစ်ပြီး တပ်ဗိုလ်တပ်မှူးတွေအနေနဲ့ အမှားကိုဝန်ခံ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ အမှန်တရားနဲ့ တရားမျှတမှုကို အကောင်အထည်ဖော်ပြီး ပြည်သူလူထုကို အကာအကွယ်ပေးတဲ့စစ်တပ်အဖြစ် အသွင်ပြောင်းဖို့ကိုလည်း KNU က တိုက်တွန်းထားပါတယ်။

၂၇၆၄ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပချိန် စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုဟာ Crimes Against Humanity လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တာမို့ စစ်တပ်အနေနဲ့ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို တာဝန်ယူတာဝန်ခံပြီး တရားမျှတမှုကိုဖော်ထုတ်တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီး သမိုင်းဆိုးကို ပြုပြင်ဖို့ KNU အနေ နဲ့ ဖိတ်ခေါ်ပါကြောင်း ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီရဲ့ သဘောထားကို ထုတ်ဖော်အပ်ပါတယ်ဆိုပြီး ဗဟိုဌာနချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကရင်နှစ်သစ်ကူးအခမ်းအနား စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု KNUရှုတ်ချ
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG