သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြစဉ်။ (ဇန်နဝါရီလ ၁ ရက်၊ ၂၀၁၃)။
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြစဉ်။ (ဇန်နဝါရီလ ၁ ရက်၊ ၂၀၁၃)။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးတို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ အခုလို တွေ့ဆုံတဲ့အခါမှာ ကေအန်ယူ နဲ့ ပြည်ထောင်စု အစိုးရကြား ငြိမ်းချမ်းရေး ခိုင်မာဖို့ ဆွေးနွေးမှုတွေ ရှိခဲ့သလို ပြည်တွင်းမှာ တိုင်ပွဲတွေဖြစ်နေတဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး ပြုလုပ်တဲ့အခါ ကေအန်ယူက ကူညီကြဖို့ နိုင်ငံတော်သမ္မတ က ပန်ကြား ခဲ့ကြောင်း ကေအန်ယူ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နေပြည်တော်မှာ နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိနေတဲ့ ကေအန်ယူ ခေါင်းဆောင် ပိုင်းတွေဟာ ဒီကနေ့မှာ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ခုလို တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာ ကေအန်ယူနဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့နဲ့ ရရှိထားတဲ့ ငြိမ်းချမ်းရေးကိုလည်း အစဉ်တည်မြဲဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကေအန်ယူ ဗဟိုအလုပ်မှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးရတာ အင်မတန်မှ ကောင်းပါတယ်ခင်ဗျ။ ကျနော်တို့ နှစ်ဦးနှစ်ဘက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့အခါကျတော့ ကျနော်တို့ ရှေ့သွားမယ့် ငြိမ်းချမ်းရေး ခရီးစဉ်တွေ၊ အပစ်အခတ် ရပ်စဲရေး ခိုင်မြဲအောင် ကျနော်တို့ လုပ်မယ်၊ ငြိမ်းချမ်းရေး ခရီးစဉ်တွေကို ကျနော်တို့ အခက်အခဲ၊ ဘယ်လို စိန်ခေါ်မှု၊ စမ်းသပ်မှုတွေ ဖြစ်ဖြစ် နှစ်ဦးနှစ်ဘက် ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ် ဆိုပြီးတော့ အဲဒီလို အမြင်ချင်း တူကြပါတယ်ခင်ဗျ။”

ကေအန်ယူ နဲ့ ငြိမ်းချမ်းရေး အစဉ် တည်မြဲဖို့ ဆွေးနွေးချိန်မှာပဲ ပြည်တွင်းမှာ ငြိမ်းချမ်းရေး မရဘဲ အပစ်အခတ်တွေ ရှိနေတဲ့ ကချင် ကေအိုင်အေ နဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းရာမှာလည်း ကေအန်ယူ အနေနဲ့ ကူညီဖို့ နိုင်ငံတော် သမ္မတက ပန်ကြားခဲ့တယ်လို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“အစိုးရဘက်ကလည်း ကျနော်တို့ကို အကူအညီ တောင်းပါတယ်။ ကချင်နဲ့ ပဋိပက္ခဖြစ်စဉ် ဖြစ်တဲ့အပေါ်မှာ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ကျနော်တို့ ဝိုင်းဝန်ပြီးတော ဒါကိုတော့ ကျနော်တို့ရဲ့ လုပ်အားတွေကို အကူအညီ တောင်းခံပါတယ်၊ နိုင်ငံတော် သမ္မတကြီးက။ ဒီအပေါ်မှာ ကျနော်တို့ကလည်း ဘဝတူ ညီနောင် တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေ၊ ဒုက္ခသုက္ခတွေကို ကျနော်တို့ တထောင့်တနေရာကနေ ဝိုင်းဝန်းဖြေရှင်းဖို့ ဆိုပြီးတော့ ကျနော်တို့ ကေအန်ယူ ဥက္ကဋ္ဌ ကလည်း သဘောထား ပေးပါတယ်ခင်ဗျ။”

၁ နှစ်ကျော်ကြာ အပစ်ရပ်စဲထားပြီးဖြစ်တဲ့ ကေအန်ယူ နဲ့ ဒီကနေ့ တွေ့ဆုံပွဲဟာ အတော်ပဲ ခရီးရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှုစင်တာက အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“ကေအန်ယူ (၁၅) ကြိမ်မြောက် ကွန်ဂရက်ကနေပြီးတော့ ကျနော်တို့ ရွေးချယ်ပစ်လိုက်တဲ့ ဥက္ကဋ္ဌကြီး မူတူးဆေးဖိုးနဲ့ အဖွဲ့ဝင် ၆ ဦး ပါတဲ့ အဖွဲ့ကနေပြီးတော့မှ ဒီကနေ့ ၄ နာရီမှာ နိုင်ငံတော်သမ္မတ အဆောက်အဦးမှာ တွေ့ပါတယ်။ အဲဒီတော့ ညနေ ၄ နာရီကနေ ၅ နာရီခွဲအထိ တနာရီခွဲကြာ တွေ့ပါတယ်။ အဲဒီတော့ စစချင်း၊ တွေ့ဆုံပွဲ အခမ်းအနားမှာ ကေအန်ယူ ဥက္ကဋ္ဌ ကနေပြီးတော့ နှစ်သစ်ကူးမှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေ သမ္မတကြီးအနေနဲ့ ပိုမို ဆောင်ရွက်ချင်တဲ့ အပေါ်မှာ၊ ကရင်ရိုးရာ သင်တိုင်း အပြာရောင်ပေါ့နော်၊ ငြိမ်းချမ်းရေး အထိန်းအမှတ် အပြာရောင်ကို သူကိုယ်တိုင် သမ္မတကြီးကို ဝတ်ဆင်ပေးပါတယ်။ အဲဒါပြီးတော့မှ သူတို့ ဆွေးနွေးပွဲတွေ စပါတယ်။”

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စတွေ နိုင်ငံရေး စကားပြောတာတွေကိုပါ လုပ်ဆောင်ဖို့ အလွန်ပဲ နီးစပ်နေပြီလို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
နယ်မြေဒေသ တည်ငြိမ်နေပြီဖြစ်တဲ့ ကရင်ပြည်နယ်အတွင်းမှာ ဒေသတွင်း ဖွံဖြိုးရေးတွေကို မကြာမီ လုပ်ဆောင်ဖို့ရှိတယ် လို့လည်း ကေအန်ယူ ခေါင်းဆောင်ပိုင်းတွေက ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲဟာ အချိန် ၁ နာရီ ကျော် ကြာမြင့်ခဲ့ပြီး နိုင်ငံတော်သမ္မတနဲ့ ရင်းရင်နှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေ ပြောနိုင်ခဲ့လို့ အလွန် ဝမ်းသာမိတဲ့အကြောင်း ဖဒို မန်းငြိမ်းမောင် က ပြောပါတယ်။

ဒီကနေ့ နိုင်ငံတော်သမ္မတနဲ့ ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး တွေ့ဆုံပွဲ မှာ ကေအန်ယူဘက်က ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေနဲ့ ပြည်ထောင်စု အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုသိန်း၊ ဦးခင်ရီ တို့ အပါအဝင် မြန်မာငြိမ်းချမ်းရေးဖော်ဆောင်မှု စင်တာက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
XS
SM
MD
LG