သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း


ဗိုလ်ချုပ် စောလားပွယ် သတင်းစာရှင်းလင်းပွဲ လုပ်ပုံ။
ဗိုလ်ချုပ် စောလားပွယ် သတင်းစာရှင်းလင်းပွဲ လုပ်ပုံ။

ထိုင်းမြန်မာ နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာမယ့် အရေးကို ကြားဝင်ဖြေရှင်းပေးဖို့ အတွက် ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ (KNU) ဘက်က ဖြေရှင်းပေးဖို့ အဆင့်သင့်ရှိပါတယ် လို့ ကမ်းလှမ်းလိုက်ပါတယ်။ လက်နက်ကိုင် ကရင်ဗုဒ္ဓဘာသာ တပ်မတော် ဒီကေဘီအေ (DKBA) တပ်မဟာ (၅) က ခေါင်းဆောင်တွေကို ထိုင်းနဲ့ မြန်မာ အာဏာ ပိုင်တွေက မူးယစ်ဆေးဝါး မှောင်ခိုမှု စွပ်စွဲချက်တွေ နဲ့ အလိုရှိကြောင်း ကြေငြာခဲ့ပြီးတဲ့ နောက်မှာ တင်းမာမှု တွေကလည်း ကြီးထွားလာခဲ့တာပါ။

ထိုင်း အစိုးရ က တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ ဒီကေဘီအေ (DKBA) ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်ချုပ် စောလားပွယ် ကို မူးယစ်ဆေးဝါးမှာ ပါဝင် ပတ်သက်နေမှု နဲ့ ဘတ်ငွေ တစ်သန်း ဆုကြေးငွေ ပေးပြီး အလိုရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ထိုင်း မြန်မာ နယ်စပ်မှာ သွားရေး လာရေး ကိစ္စတွေ တင်းမာမှု တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဗိုလ်ချုပ် စောလားပွယ် ဘက် ကလည်း မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းပယ်နေသလို ထိုင်းဘက် ကလည်း သူတို့မှာ အခိုင်အလုံ သက်သေတွေ ရှိတယ် ဆိုပြီး ပြောဆိုနေတာပါ။ နှစ်ဘက် စလုံးက လက်ခံမယ် ဆိုရင် အမှန် အတိုင်း ဖြစ်အောင်လို့ ကေအန်ယူ ဘက်ကနေ ဝင်ရောက် ဖြေရှင်းပေးဖို့ ဆန္ဒ ရှိတဲ့ အကြောင်း ကေအန်ယူ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူး စောလငွေ က ပြောပါတယ်။

“ကျနော် တို့ အနေနဲ့ ကတော့ မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ရှင်းတယ်။ လက်ဆေးနိုင်တယ်လို့ သူတို့က ပြောတာကိုး။ ဟိုဘက်ကလည်း မဟုတ်ဘူး။ မင်းတို့ ပတ်သက်တယ် ဆိုပြီး ငါတို့မှာ အခိုင်အလုံ ရှိတယ် ဆိုပြီး ပြောတဲ့ ကိစ္စတွေ မှာ ကျနော် တို့က ဖြေရှင်းဖို့ ဆိုလို့ ရှိရင် ကျနော် တို့ ကေအန်ယူ အနေနဲ့ ထိတွေ့ ဆက်ဆံဖို့ ဆိုရင် တဘက်က ကျနော်တို့ အမျိုးသား ဖြစ်တယ်။ နောက်ပြီး ကျနော် တို့ နဲ့ ပတ်သက်တဲ့၊ ဆက်လက်ပြီးတော့ ညှိနှိုင်းပြီးတော့ ပေါင်းစပ် ဖို့ အဖွဲ့အစည်း တစ်ရပ်ဖြစ်တယ်။ ဒီဘက်မှာ ဆိုလို့ ရှိရင်လည်း ကျနော်တို့ နဲ့ မကင်းရာ မကင်းကြောင်း တကယ့်ကို နောက်ကြောဖြစ်တဲ့ အစိုးရ အဖွဲ့အစည်း ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ ကို ချဉ်းကပ်လာရင်တော့ ကျနော်တို့ ပါဝင်နိုင်ခွင့် ရှိတဲ့ အလျောက်၊ ပေးတဲ့ အလျောက်ပေါ့၊ တစ်ဘက်ကတော့ ကျနော်တို့ကို ယုံကြည်အားကိုးတဲ့ အလျောက် ကျနော်တို့ က ပြေလည်ရာ ပြေလည်ကြောင်း ကိစ္စအတွက် ဆိုရင်တော့ ကျနော်တို့က ပါဝင်ဖို့ ဝင်မလေးပါဘူး။”

တင်းမာမှု ဖြစ်နေတဲ့ ဒေသတွေ ရဲ့ အခြေအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေကိုလည်း ဗိုလ်မှူး စောလငွေ ကအခုလို ရှင်းပြပါတယ်။

“တပ်မ ၆ အနေနဲ့ က လူးလာရာ ခရိုင်၊ ကျနော်တို့ ဝေါလေး၊ ဝေါလေး ခွင်ပေါ့၊ ကျနော်တို့ ဟိုဘက် ဆိုလို့ ရှိရင် ဖုတ်ဖရာ့ မြို့နယ် စပ်တွေပေါ့၊ အဲဒီ နေရာတွေ မှာတော့ အခု လောလောဆယ်တော့ နှစ်ဘက်ကပေါ့၊ တစ်ဘက် နဲ့ တစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှု တွေ ရှိတာပေါ့လေ။ ကိုယ်လုံခြုံရေးကို၊ ဗိုလ်ချုပ် စောလားပွယ် တို့လည်း သူတို့ လုံခြုံရေးအတွက် သူတို့ ယူတဲ့ အနေအထားနဲ့၊ ဒီဘက်ကလည်း ဖြတ်သန်းခွင့်တွေကို သတိထားပြီး ပိတ်ပင်တဲ့ အနေအထား အပေါ်မှာဆိုတော့၊ နှစ်ဘက် ပုံမှန် လူထု ဖြတ်သန်းဖို့နဲ့ ကူးလူးဆက်ဆံဖို့ က ရပ်တန့်သွားတယ်ပေ့ါ။ ရပ်တန့်မှု ဖြစ်သွားပြီးတော့ တင်းမာမှု ဖြစ်နေတယ်လို့ အဲဒီလိုဘဲ ကျနော် နားလည်တယ်။”

အခုလို မူးယစ်ဆေးဝါး နဲ့ စွပ်စွဲတဲ့ စွပ်စွဲချက်တွေဟာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ကြောင်း အခုအချိန်မှာ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးနဲ့ ကင်းရှင်းတဲ့ အကြောင်းကို အခိုင်အမာ အာမခံနေသလို ထိုင်းဘက်ကလည်း စွပ်စွဲချက်တွေ ရဲ့ နောက်ကွယ်မှာ သက်သေ သာဓကတွေ ရှိတဲ့ အကြောင်း ပြောဆိုနေပါတယ်။ ဒီ ဖြစ်ရပ်တွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ပါဝင်ခဲ့တဲ့ စစ်အစိုးရမှာလည်း တာဝန်ရှိတဲ့ အကြောင်း၊ အဲဒီ အချိန်က ဒီကေဘီအေ နဲ့ စစ်အစိုးရ တို့ အကြားမှာ နားလည်မှု နဲ့ ပူးတွဲ ဆောင်ရွက်ခဲ့တဲ့ အချိန် ဖြစ်တယ် လို့ ပဒို စောလငွေ ကပြောပါတယ်။

“နှစ်ဘက် ပဋိပက္ခ က အခုလောလောဆယ် လက်ရှိ ရှိတဲ့ ဦးသိန်းစိန် အစိုးရမှာလည်း ရိုက်ခတ်မှု ရှိတယ်လေ။ ဘာလို့လည်း ဆိုတော့ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ဦးသိန်းစိန် အစိုးရတို့ နဲ့ပဲလည်း နားလည်မှု ရှိထားပြီးတော့ သူတို့ကို တရားဝင် အခြေချခွင့်၊ လှုပ်ရှားခွင့် နဲ့ နေလို့ ရတဲ့ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်ဘဲ။ လောလောဆယ် အားခြင်းပေါ့လေ။ ကျနော်တို့ အနေနဲ့ ကလည်း ထိုနည်း၎င်းဘဲ၊ ကျနော်တို့က အပစ်ရပ်စဲရေး လုပ်ထားတဲ့ အခါကျတော့၊ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ကျနော်တို့နဲ့ ဘာဘဲ ဖြစ်ဖြစ် ကျနော် တို့ အကြားမှာ ထိပ်တိုက် ပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ အမျိုးသားချင်း ပြန်လည် ညီညွှတ်ရေး တည်ဆောက်နေတဲ့ ကာလမှာပေါ့လေ။ အဲဒီလို သူတို့ နဲ့ ကျနော် တို့ကြားမှာ ပြန်ညှိရမယ့် ဟာတွေ အများကြီး ရှိတဲ့ ကြားမှာ ဒီလိုမျိုး ကိစ္စတွေ ပေါ်လာတဲ့ အခါမှာကျတော့ ကျနော် တို့ လုပ်ရမယ့် အလုပ်တွေ တောင်မှ အနှောက်အယှက်အများကြီး ပြန်ဖြစ်လာတာပေ့ါ။”

အခုအခါမှာတော့ ထိုင်းအစိုးရက ကရင် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ် နှုတ်ခမ်းမွှေးကို လွှဲအပ်ပေးဖို့ဘဲ ဆက်တိုက် တောင်းဆိုနေတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။

XS
SM
MD
LG