သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း တိုက်ပွဲများ KNU စိုးရိမ် 


Karen National Union (KNU)
Karen National Union (KNU)

ကရင်ပြည်နယ် အတွင်းဖြစ်နေတဲ့ တိုက်ပွဲတွေဟာ KNLA ထိန်းချုပ်နယ်မြေထဲထိ ရောက်လာမယ်ဆိုရင် သူတို့ဘက်ကလည်း ခုခံတုန့်ပြန်ရမှာဖြစ်တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးဘက်က သတိပေးလိုက်ပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် ဒုက္ခသည်အရေအတွက်တိုးလာတယ်လို့ဆိုပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

ကရင်ပြည်နယ် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေမှာရှိနေတဲ့ မဲသဝေါဒေသ အတွင်း DKBA ခေါ် တိုးတက်သောကရင်ဗုဒ္ဓဘာသာ လက်ကနက်အကိုင် ခွဲထွက်အဖွဲ့ကို ကရင်နယ်ခြားစောင့်တပ် - BGF နဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်း ထိုးစစ်ဆင်နေတာတွေ ဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ထိန်းချုပ်နယ်မြေထဲအထိ ရောက်လာမှာကို ကရင်အမျိုးသားအစည်းရုံးက စိုးရိမ်မကင်းဖြစ်နေတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်ကို ရေးထားပေမယ့်လည်း အခုဖြစ်နေတဲ့မယ်ဝဝေါ ဒေသတွင်းတိုက်ပွဲကနေ KNLA ထိန်းချုပ်နယ်မြေထဲအထိ ရောက်လာမယ်ဆိုရင်တော့ ကေအဲန်ယူအနေနဲ့ ပြန်လည်ခုခံရမှာဖြစ်တယ်လို့ ကေအဲန်ယူက ဗိုလ်ချုပ်ကြီးစောကျော်နီက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့က လက်မှတ်ထိုးထားတာ တကယ်တမ်း ကျနော်တို့ဆီလာရင်လည်း ကျနော်တို့ကတော့ ကာကွယ်မှာပဲ။ အခုက ကျနော်တို့ဆီ လာမှမလာတာနော်။

မေး။ ။ ကာကွယ်မယ်ဆိုတာက ရှောင်ပေးမှာလား ၊ ထိပ်တိုက်တိုက်ပွဲဖြစ်နိုင်တဲ့အလားအလာရှိသလား။

ဖြေ။ ။ တကယ်လို့ လာရင်တော့ အကြောင်းမကြားဘာမကြား ကျနော်တို့လည်း ခုခံရမှာပေ့ါနော်။”

အခုဖြစ်နေတဲ့ မယ်သဝေါဒေသတွင်းက တိုက်ပွဲတွေဟာ DKBA - တိုးတက်သော ကရင်ဗုဒ္ဓဘာသာလက်ကနက်အကိုင်ခွဲထွက်အဖွဲ့ရဲ့ ထိန်းချုပ်ရာဒေသအတွင်းမှာဖြစ်နေတာဖြစ်ပြီး လက်ရှိတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ DKBA ခွဲထွက်အဖွဲ့ကနေပြီး ကေအဲန်ယူကို တစုံတရာ အကြောင်းကြားတာ ဆက်သွယ်တာမရှိပါဘူး။ ဒါပေမယ့်လည်း DKBA အဖွဲ့အနေနဲ့ ကေအဲန်ယူထဲကို ပြန်ပြီး ဝင်လာမယ့်ဆိုရင်တော့ ကေအဲန်ယူဘက်က လက်ခံဖို့ ကေအဲန်ယူခေါင်းဆောင်ပိုင်းတွေက ပြောဆိုနေတာတွေရှိတယ်လို့လည်း ဗိုလ်ချုပ်ကြီးစောကျော်နီကပြောပါတယ်။

“DKBA ခွဲထွက်အဖွဲ့တွေကိုတော့ ကျနော်ကတော့ ကျနော်တို့ဆီပြန်လာရင်တော့ ကျနော်တို့ လက်ခံမယ်လေနော်။”

မယ်သဝေါဒေအတွင်းက တိုက်ပွဲတွေဟာ အခုရက်ပိုင်းတွေမှာ ပြန်ပြီးအရှိန်နည်းနည်း လျော့ကျလာနေပေမယ့် ကြိုကြိုကြားကြား တိုက်ပွဲတွေ ဆက်ပြီးနေတုန်းပဲဖြစ်သလို၊ ထွက်ပြေးလာတဲ့ဒုက္ခသည်အရေအတွက်ဟာလည်း တိုးလာနေတယ်လို့ ထိုင်း-မြန်မာနယ်စပ်ဘက်ကိုထွက်ပြေးလာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို သွားရောက်အကူအညီပေးနေတဲ့ ကရင်လူထုအခြေပြုအဖွဲ့အစည်းတခုဖြစ်တဲ့ - ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက်က တာဝန်ရှိသူ စောသာဘိုးကပြောပါတယ်။

“ဒီနယ်စပ်မှာ မနေ့ကဆိုရင် ဒီနယ်စပ်ဘက် နော့သ ဘက်မှာဆိုရင် နောက်ထပ် အိမ်ထောင်စု ၅၀ ကျော်ပေါ့ အခုတော့ လူ ၈၀၀ ဝန်းကျင်လောက်ဖြစ်သွားပြီဗျ။လက်တလောတော့ ကျနော်တို့ အရေးပေါ်ကယ်ဆယ်ရေးပေါ့ သူတို့ တောထဲကပြေးလာတယ်၊ ဘာမမပါကြဘူးပေါ့နော်။ လောလောဆယ် စားဖို့မပါလာတဲ့အခါမှာ ကျနော်တို့ကတော့ လောလောဆယ် ဆန်၊ဆီ၊ဆားအခြေခံစားသောက်ကုန်တွေ အရေးပေါ်စားလို့ရမယ့်ဟာမျိုးတွေ ပြီးတော့ အဝတ်အထည်လေးတွေပေါ့ အဲဒါတွေကို ကျနော်တို့အရွယ်စုံပေါ့၊ အထူးသဖြင့် အမျိုးသမီး၊ ကလေး တွေအတွက် ကျနော်တို့ ပံ့ပိုးတယ် ပြီးတော့ သူတို့အိမ်မှာသုံးဖို့ ခွက်တွေ ၊ ရေပုံးတွေ စသဖြင့် အဲဒီအနေအထားလေးတွေကို ကျနော်တို့ ပံ့ပိုးပေးနေပါတယ်ခင်ဗျ။”

လက်ရှိဖြစ်နေတဲ့တိုက်ပွဲကြောင့် ဒေသတွင်းမှာရှိတဲ့ ကျေးရွာသူရွာသား ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည် ၄ ထောင်လောက်ဟာ မြိုင်ကြီးငူဒေသဘက်ကို ထွက်ပြေးခိုလုံနေကြတာဖြစ်ပြီးသူတို့ကို မြန်မာအစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ လူမှုအဖွဲ့အစည်းတွေက အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။ နယ်စပ်ဘက်ကို ထွက်ပြေးလာကြတဲ့ဒုက္ခသည်တွေကတော့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက် အပါအဝင် လူထုအခြေပြုအဖွဲ့တွေက သွားရောက်ကူညီပေးနေတာပါ။ တိုက်ပွဲတွေအရှိန်လျော့လာလို့ မြိုင်ကြီးငူဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒုက္ခသည်တွေ နေရပ်ကိုပြန်ဖို့ အစီအစဉ်တွေရှိပေမယ့်လည်း ကြိုကြိုကြားကြား ဆက်ပြီးဖြစ်နေတဲ့တိုက်ပွဲနဲ့ ဒေသတွင်းမှာ ထောင်ထားတဲ့ မိုင်းတွေကြောင့် ဒုက္ခသည်တွေဟာ နေရပ်ရင်းကို မပြန်နိုင်ဖြစ်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG