သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ညှဉ်းပန်းခံရမှု နေပြည်တော် တိုင်ကြား


နိုင်ငံရေးအကျဉ်းသား ညှဉ်းပန်းခံရမှု နေပြည်တော် တိုင်ကြား
နိုင်ငံရေးအကျဉ်းသား ညှဉ်းပန်းခံရမှု နေပြည်တော် တိုင်ကြား

ရာထူးနဲ့ အာဏာကို အသုံးချပြီး နိုင်ငံရေး အကျဉ်းသားကိုရော လက်အောက်ဝန်ထမ်းငယ်တွေ ပေါ်မှာပါ အကြမ်းဖက် ဆက်ဆံခဲ့တဲ့ ခန္တီးမြို့နယ် ရဲမှူးကို စစ်ဆေး အရေးယူပေးဖို့ ကိုယ်တိုင် အကြမ်းဖက် ဆက်ဆံတာ ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုထင်ကျော်က နေပြည်တော်မှာရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကို စာရေး တောင်းဆိုလိုက်ပါတယ်။ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေတယ်ဆိုတဲ့ နိုင်ငံတခုအတွင်း အခုလို အာဏာနဲ့ အနိုင်ကျင့် နှိပ်စက်တာမျိုးတွေ မရှိသင့်တော့ဘူးလို့လည်း ကိုထင်ကျော်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆို ဆန္ဒပြမှုကြောင့် ခန္တီးထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ကိုထင်ကျော်က အာဏာကို အသုံးပြုပြီး အနိုင်ကျင့်ခံခဲ့ရတဲ့ သူ့ရဲ့ ကိုယ်တွေ့ အခြေအနေတွေကို နေပြည်တော်က ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် တခြားဌာန ၁၀ ခုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက် တနင်္လာနေ့က တိုင်စာတွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ခန္တီးထောင်တွင်း ကိုထင်ကျော်ဟာ လိပ်ခေါင်းရောဂါဝေဒနာ ခံစားနေရတာမို့ ခွဲစိတ်ကုသဖို့အထိ လိုအပ်လာတဲ့အတွက် ခန္တီးခရိုင် ပြည်သူ့ဆေးရုံကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ဆေးရုံတက်နေစဉ်အတွင်း ခန္တီးမြို့နယ် ရဲမှူးက ဆေးရုံအထိလာပြီး အကြမ်းဖက် ဆက်ဆံခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ထောင်ဝင်စာလာတွေ့တဲ့ ဇနီးဖြစ်သူကို ပြောပြခဲ့ပြီး ကိုထင်ကျော်ရဲ့ ဆန္ဒအရ ဇနီးဖြစ်သူက တိုင်စာတွေကို ရေးသားပေးပို့ခဲ့တာ ဖြစ်တယ်လို့ ကိုထင်ကျော်ရဲ့ဇနီး မသန်းသန်းမော်က ရှင်းပြပါတယ်။

“မနက်ပိုင်းရောက်တော့ သူ့ကို သံကြိုးချည်ဖို့ ပြောတော့ သူ တရားဝင် ဆေးလာကုတဲ့ လူနာတယောက်ပေါ့၊ သံကြိုးမချည်ပါနဲ့လို့ ရှင်းပြတော့ သံကြိုးမခတ်ဘူးပေါ့။ မခတ်ဘဲ ည ၁၀ နာရီလောက်ကျတော့ မြို့နယ်မှူး ဦးမင်းကြိုင်၊ ဒု-ရဲမှူးပေါ့၊ သူနဲ့အဖွဲ့ ၆ ယောက်၊ ရိုးရိုးအဝတ်အစားတွေနဲ့ ဝင်လာပြီးတော့ နိုင်ငံရေး အကျဉ်းသား ဘယ်သူလဲပေါ့၊ ဘယ်မှာလဲလို့ ပြောတော့ ဘာကြောင့် သံကြိုးမခတ်ရလဲ ဆိုပြီး ကိုထင်ကျော်ကို လုံခြုံရေး စောင့်နေတဲ့ ဒု-ရဲအုပ်မျက်နှာကို လေးငါးခြောက်ချက် ထိုးလိုက်တော့ နှုတ်ခမ်းတွေ ဘာတွေကွဲပြီး သွေးတွေ ထွက်ရော။

“နောက် သူ့ကို လုံခြုံရေးစောင့်နေတဲ့ ဦးမြင့်လှိုင်ကို တခါ သံကြိုးချည်ဖို့ ပြောတော့ သံကြိုး ငုံ့ချည်နေတုန်းမှာ သံကြိုးချည်တာ အသုံးမကျဘူး ဆိုပြီးတော့ ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်။ ကန်ပြီး သံကြိုးကိုလည်း ဆောင့်ဆွဲ၊ ကိုထင်ကျော့် ခြေထောက်ကိုလည်း ဆောင့်ဆွဲပြီး ဒီလိုခတ်ရတယ်ဆိုပြီး သံကြိုးကို ခပ်ကြမ်းကြမ်း ခတ်ပြီး သော့ကိုပါ သိမ်းသွားပြီး ဘယ်သူမှ မဖြုတ်ပေးရဘူးဆိုပြီး ဆဲဆိုတယ်။

“အဲဒီလိုမျိုး သူ့အတွက်နဲ့ ပတ်သက်ပြီး ရဲတွေလည်း အထိုးခံရ၊ သူ့ကိုလည်း ခပ်ကြမ်းကြမ်း ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခံရတော့ ကိုထင်ကျော်က ဆေးကုသမှု မယူတော့ဘူး ဆိုပြီးတော့ ၇ ရက်နေ့မှာ ခန္တီးထောင်ကို ပြန်သွားတာ။”

မသန်းသန်းမော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ခန္တီးထောင်မှာ ထောင်ဝင်စာ သွားတွေ့နေစဉ်အတွင်း ကိုထင်ကျော်က အခုလို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်တရပ်ကို ဖော်ဆောင် ကျင့်သုံးမယ်ဆိုတဲ့ နိုင်ငံအတွင်း အခုလို အာဏာကို အသုံးပြုပြီး မတရား နှိပ်စက် ညှဉ်းပန်းမှုမျိုးတွေ မရှိသင့်တော့ဘူးလို့လည်း သူတို့က ထောက်ပြပါတယ်။

“ဘာကို တောင်းဆိုလဲဆိုတော့ ရာထူးနဲ့ မလိုက်ဖက်အောင်ဘဲ နိုင်ငံရေး အကျဉ်းသားတွေ အပေါ်ရော၊ ဝန်ထမ်းအချင်းချင်း အပေါ်မှာရော ဒီလို ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်းတွေ လုပ်တာက ရဲလက်စွဲတွေနဲ့လည်း မကိုက်ညီဘူး။ နောက် သူတို့ကိုယ်တိုင် ကျူးလွန်ဖောက်ဖျက်တဲ့ ဆေးရုံရဲ့ ခွင့်ပြုချက်တွေလည်း မတောင်းဘူး၊ အချိန်မတော် ဝင်လာတယ်၊ သူတို့ရဲ့ အမှားကိုတော့ မမြင်ဘဲနဲ့ လက်အောက်ငယ်သားရဲ့ အမှားကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာတွေ၊ နောက် နိုင်ငံရေးသမားရဲ့ အပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာတွေက လုံး၀ သူ့ရာထူးနဲ့ မတန်ဘူးပေါ့။ အခု ဒီမိုကရေစီ နိုင်ငံမှာ လုံး၀ မရှိသင့်ဘူးပေါ့။

“အရေးယူပေးဖို့နဲ့ ဒီလို အရာရှိဆိုးမျိုးတွေ မရှိသင့်ကြောင်း ကျမ တိုင်စာမှာ ပြည့်ပြည့်စုံစုံ ရေးပေးလိုက်ပါတယ်။ အဓိကတော့ ပြည်ထဲရေးဌာန၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နေပြည်တော်ဆိုပြီး သူ့ကို ဦးတည်ပြီး ပို့လိုက်တယ်။ အားလုံး ၁၀ ဌာနကို ပို့လိုက်တယ်။”

ခန္တီးထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ကိုထင်ကျော်ရဲ့ဇနီး မသန်းသန်းမော် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ အခုအချိန်မှာ တခြား ကျန်းမာရေး အခြေအနေတွေ ကောင်းနေပေမဲ့ ခွဲစိတ်ကုသဖို့အထိ လိုအပ်နေတဲ့ လိပ်ခေါင်းရောဂါကို မကုသဖြစ်တဲ့အတွက် ထောင်ထဲမှာ နောက်ပိုင်း ဒီရောဂါ အခြေအနေ ပိုဆိုးလာမှာကိုလည်း စိုးရိမ်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ကိုထင်ကျော်ဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင် ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆို ဆန္ဒပြတာကြောင့် ၂၀၀၇ သြဂုတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်ကျော်နဲ့ ခန္တီးထောင်မှာ အကျဉ်းကျနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG