သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မှာ ညမထွက်ရအမိန့် ထုတ်ပြန်


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်လောက်ကိုင် မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။ လောလောဆည်မှာ တိုက်ပွဲတွေ ငြိမ်သက်လာနေပြီး အစိုးရတပ်ဖက်က နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ကိုးကန့်ဒေသရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ကိုးကန့်ဒေသမှာ တနင်္လာနေ့က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက မြို့တော်လောက်ကိုင် က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးကိုပါ ပစ်ခတ် တိုက်ခိုက် ခံရပြီးတဲ့နောက် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ တာဖြစ်ပါ တယ်။ လောက်ကိုင်မြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အခြေအနေ ကို လောက်ကိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က အခုလို ပြောပါတယ်။

" ဟုတ်တယ်။ ၁၄၄ ထုတ်ထားတယ်။ မနေ့ညကနေ စပြီးမှ။ မနေ့က ည ၁၀နာရီကနေ စပြီးမှ မနက် ၆နာရီအထိ ထုတ်ထားတယ်။ ဒီနေ့ မနက်တောင်မှ နည်းနည်း ကြိုကြား ကြိုကြား နည်းနည်း ကြားနေသေးတယ်။ ၇နာရီ နောက်ပိုင်းမှာ ငြိမ်သွားပြီ။ အခုတော့ ငြိမ်သက်နေတာပေါ့ဗျာ။

ဒီလ ၉ရက်နေ့က လောက်ကိုင်မြို့အနောက်မြောက်ဖက်က တာရွှေထန်၊ ညံခွမ်းဖက်နဲ့ လောက်ကိုင်မြို့ အနောက်တောင်ဖက် ထောက်ရွှေဖက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို ၁၀ရက်နေ့ညပိုင်းမှာ လောက်ကိုင်မြို့မှာ ပစ်ခတ် တိုက်ခိုက်တာတွေဖြစ်ခဲ့တာကြောင့် လောက်ကိုင်မြို့ပေါ်က ဒေသခံတွေနဲ့ တရုတ်နိုင်ငံသား တွေဟာ တရုတ်ပြည်ဖက်ကို တိမ်းရှောင်ခဲ့သလို အစိုးရ ဝန်ထမ်း အချို့လည်း နေရပ်ပြန်သွားခဲ့ပါတယ်။ လောက်ကိုင်မြို့က ဈေးတွေ ကျောင်းတွေ လည်း ပိတ်ထားခဲ့ရပါတယ်။

လောက်ကိုင်ဒေသတွင်းဖြစ်တဲ့တိုက်ပွဲတွေမှာ မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့၊ ပလောင်ခေါ် တအာန်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA နဲ့ ရခိုင်တပ်မတော် AA တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ တိုင်းရင်းသားတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

အစိုးရဖက်က သတင်းထုတ်ပြန်ရာမှာတော့ ဒီလ ၉ရက်နဲ့ ၁၀ရက်နေ့တွေမှာ တိုက်ပွဲ ၈ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူ ၅ကြိမ်ဆောင်ရွက်ခဲ့ကြောင်းနဲ့ ၁၁ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်မတော် စစ်ကြောင်းတွေက ကိုးကန့် တိမ်းရှောင်တပ်တွေကို လိုက်လံ ရှင်းလင်းပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။

TNLA ခေါ် ပလောင်တပ်ဖွဲ့ နိုင်ငံခြားရေးတာဝန်ခံ တာပန်လက ဒီကနေ့ တိုက်ပွဲ အခြေအနေကို အခုလို ပြောပါတယ်။

"'ဒီကနေ့ နေ့လည်ပိုင်းအထိတော့ တိုက်ပွဲဖြစ်သံ ကျနော်တို့ မကြားရဘူး။ ဒါပေမဲ့ ဒီနေ့ မနက်ရော၊ မနေ့ကရော အစိုးရတပ်ဘက်က ထိုးစစ်ကို တော်တော်လေး ပြင်ဆင်ထားတာ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။ မနေ့ကတုန်းကဆိုရင် တပ်မ ၃၃က ဒီလောက်ကိုင်နယ်ထဲကို ကားအစီး ငါးဆယ်ကျော်နဲ့ ဝင်သွားတာတွေ့ရတယ်။ ပြီးတော့ ဒီနေ့ မနက်အစောကြီးမှာလည်း တင့်ကားတွေရော၊ လက်နက်ကြီးတွေရော တပ်မတော်သားတွေ စီးပါလာတဲ့ ကားအစီးနှစ်ဆယ်ကျော် နဲ့ လောက်ကိုင်နယ်ထဲ ရောက်လာတာ ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို တွေ့ရင် ထိုးစစ်က ပြန်ပြီး ပြင်းထန်လာမယ့် သဘောရှိတယ်။ "

ဒီလို ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အရှိန်ကို လျှော့ချနိုင်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ပါတီနဲ့စုစည်းထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ရှမ်းပြည်နယ်တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲအရှိန်တွေ လျှော့ချဖို့အတွက် တောင်းဆိုကြောင်း NBF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်ပြောပါတယ်။

" အခုလောလောဆယ်မှာ အဲ့ဒီ့ရှမ်းပြည်မြောက်ပိုင်းမှာ အကြီးအကျယ်ဖြစ်နေတဲ့ ကိစ္စတွေ ဒီနေ့မှာဆို ကြေးမုံမှာ ပါလာတယ်လေ။ လေကြောင်းတိုက်ပွဲတွေပါ ဆင်တယ်ဆိုတဲ့ အခြေအနေမျိုး ကျနော်တို့က ကြားရတာကိုး။ အဲ့လောက်အထိ တိုက်ကြခိုက်ကြတဲ့ အခြေအနေမှာ ကျနော်တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က အောင်မြင်ပါ့မလားဆိုတာ ကျနော် စိုးရိမ်ပါတယ်။ အဓိကကတော့ စစ်ရှိန်မတိုးဖို့ ကျနော်တို့က မြန်မာ့တပ်မတော်ကို တိုက်တွန်းတာပါ။ စစ်ရှိန်တွေကို လျှော့ပေးဖို့ပါပဲ။"

ဒီတောင်းဆိုချက်ဟာ ဒီလ ၁၁ရက်နေ့က ပြီးဆုံးတဲ့ NBF ရဲ့ ၂၁ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီးမှာ တောင်းဆိုတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာတော့ ပြည်ထောင်စုနေ့မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ အချက်၆ချက်ပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအချက်တွေထဲမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် အချက်လည်း ပါရှိပါတယ်။

ဒီကတိပြုလက်မှတ်ရေးထိုးတဲ့ အထဲမှာ မပါဝင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်တပ်ဖွဲ့ TNLA တို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT အတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG