သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုကိုကြီးအမှု ငွေဒဏ်နဲ့အပြီးသတ်


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တောင်ဥက္ကလာပတရားရုံးကို တက်ရောက် အမှုကြားနာစဉ်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တောင်ဥက္ကလာပတရားရုံးကို တက်ရောက် အမှုကြားနာစဉ်

ကလေးအားကစားကွင်းကိစ္စနဲ့ ပတ်သက်လို့ ခွငြ့်ပုတဲ့နေရာမှာ ဆန္ဒပြတာမျိုး မလုပ်ဆောင်တဲ့အတွက် ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကို တောင်ဥက္ကလာပတရားရုံးမှ ဒဏ်ငွေ ၁ သောင်း သို့မဟုတ် ထောက်ဒဏ် ၂၁ ရက် ကျခံရန် အမိန့်ချမှတ်လိုက်ပေမဲ့ ကိုကိုကြီးနဲ့ ရင်းနှီးသူတဦးက ငွေဒဏ်ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

တရားရုံးတွေက အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ သဘောအပေါ်မူတည်ပြီး လုပ်ဆောင်နေတယ်လို့ ရှေ့နေတွေက ဝေဖန်ပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မကြာခင် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကို ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားကြောင်း ရဲစခန်းကဆင့် ခေါ်ထားခဲ့တာပါ။ ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ ခုခံချေပမှုတွေမရဘဲ အမိန့်ချမှတ်ခဲ့သလို ငွေဒဏ်မဆောင်ဘူးလို့ နိုင်ငံရေး ခံယူချက်အရ ဆုံးဖြတ်ထားပေမဲ့ ပရိသတ်ထဲက ရင်းနှီးသူတဦးက ငွေဒဏ်ဆောင်သွားခဲ့တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းဆောင်နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တောင်ဥက္ကလာပတရားရုံးကို တက်ရောက် အမှုကြားနာစဉ်
ရှေ့နေ ဦးရောဘတ်စန်းဆောင်နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တောင်ဥက္ကလာပတရားရုံးကို တက်ရောက် အမှုကြားနာစဉ်

“ခွင့်ပြုချက်ပေးတဲ့နေရာမှာ ဆန္ဒမပြဘူး ဆိုတာဟာ မှန်သလားဆိုတော့ ကျနော်မှန်တယ်လို့ ပြောခဲ့တယ်။ အပြစ်ရှိသလား ဆိုရင်တော့ သူလည်းမမေးဘူး၊ အဲဒီမေးခွန်းကို တရားသူကြီးကလည်း မမေးသလို၊ ကျနော့်အနေနဲ့ကလည်း ဒီကိစ္စကို အပြစ်ရှိတယ်လို့ ကျနော်ကတော့ လက်မခံဘူး၊ မခံယူဘူး။ အဲဒီတော့၊ ခွင့်ပြုချက်ရတဲ့ နေရာမှာ ဆန္ဒမပြတာကို မှန်တယ်လို့ ပြောလိုက်တဲ့အချိန်မှာ တန်းပြီးတော့ စီရင်ချက်ချလိုက်တယ်။ ဒဏ်ငွေ တသောင်း၊ သို့မဟုတ် ထောင်ဒဏ် ၂၁ ရက်ဆိုပြီး ချလိုက်တယ်။ ချတော့ ကျနော်ကတော့ ဒဏ်ငွေမဆောင်ဘူးလို့ ပြောထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒဏ်ငွေလည်း လက်မခံဘူး၊ နောက်ဒီဟာကို အပြစ်ရှိတယ်လို့လည်း ကျနော်မခံယူဘူး။ ဆိုတော့ အဲဒီမှာ တရားခွင်လေးကလည်း ကျဉ်းတဲ့အခါကျတော့ လူက ၁၄-၁၅ ယောက်လောက်ပဲ ဝင်လို့ရတယ်။ အပြင်မှာကလည်း မီဒီယာတွေနဲ့ ပိတ်နေတော့ ပရိတ်သတ်က အပြင်မှာကျန်ခဲ့တယ်။ အဲဒီအချိန်မှာ တရားခွင်ထဲမှာရှိတဲ့ တယောက်က တိုင်းပြည်နဲ့လူမျိုးအတွက် အင်မတန် အရေးကြီးနေတဲ့ အချိန်မှာ ပြည်သူတယောက်အနေနဲ့ ဆောင်လို့ရသလားလို့ မေးတာကို ကျနော်ကြားလိုက်တယ်။ ပြီးတဲ့အခါကျ ရပါတယ်၊ ရပါတယ်ဆိုပြီးတော့ တရားသူကြီးကပြောတယ်။ အဲဒီတော့ ကျနော်က ပြောတာက ကျနော်ကတော့ ဒဏ်ငွေကို လက်မခံဘူး။ အဲဒီတော့ တရားသူကြီး အနေနဲ့ ကျနော်တို့ကို ဘာလုပ်ရမယ်ဆိုတာကို အကြောင်းကြားပါဆိုတော့၊ ရပါပြီ၊ ရပါပြီ၊ ပြန်လို့ရပါပြီဆိုတော့ ကျနော်ပြန်လာခဲ့တယ်။ ဒါကတော့ တရားခွင်နဲ့ ပတ်သက်တဲ့ အခြေအနေပေါ့နော်။ ဒီ ၂၁ ရက်ဆိုတာကလည်းပဲ ဒဏ်ငွေဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်က ကျနော့်ကို ပြောတယ်။ ကျနော်ချက်ခြင်းထပြီး ဆုံးဖြတ်လိုက်တာတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၁ ရက်က ကိုယ်စားလှယ်လောင်း အမည်စာရင်းပိတ်မယ့် သြဂုတ်လ ၈ ရက်နဲ့၊ ဒီကာလနဲ့ ကြားထဲမှာ ဒါကကွက်တိ ဖြစ်နေတဲ့အတွက်ကြောင့် ခင်ဗျားလွှတ်တော်ထဲကို ရောက်မှဖြစ်မယ်ဆိုပြီးတော့ ကျနော်ယုံကြည်တဲ့ အတွက်ကြောင့် ချက်ခြင်း ကျနော်ပြောလိုက်တာတဲ့”

ဒါကတော့ ဥပဒေကြောင်းအရဆိုရင် အပြင်လူကနေ ငွေဒဏ်ဆောင်ပေးတာတွေ လုပ်လို့ရတာရှိတယ်လို့တော့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ဆိုပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေရဲ့ သဘောထားတွေအပေါ် မူတည်ပြီး တရားရုံးတွေကနေ စီစဉ်ဆောင်ရွက်မှုတွေကလည်း ရှိနေတဲ့အတွက် တရားရုံးတွေကလည်း လွတ်လပ်တဲ့ တရားရုံးတွေအဖြစ် ပြောနိုင်လောက်တဲ့ အခြေအနေတွေ မရှိဘူးလို့ ဆိုပါတယ်။

“ဒါတွေက ဒီလိုပဲဆောင်ပေးတယ်ဗျ၊ ဆောင်ပေးတာ တရားရုံးပိုင်းကတော့ ဘယ်သူဆောင်တယ်၊ ဘယ်ဝါဆောင်တယ်ဆိုတာ ဘာမှပြောလို့တော့ မရဘူးလေ။”

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်လို့ ခွင့်ပြုမိန့်မတင်ဘဲဆန္ဒပြခဲ့တဲ့ နိုင်ငံရေး၊ လယ်သမားရေး၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုပြီး မြို့နယ်အလိုက် ပြစ်ဒဏ်တွေ စီရင်နေဆဲ ဖြစ်ပါတယ်။ တချို့ဆိုရင် အနည်းဆုံး ၁၀ မှုကနေ အများဆုံး ၆၀ လောက်ထိ တရားစွဲဆိုခံနေရတာပါ။ တချို့ဆိုရင် ထောင်ကျပြီးတာတောင်မှ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုတွေနဲ့ ရုံးထွက်ပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG