သုံးရလွယ်ကူစေသည့် Link များ

ကိုပါကြီးရုပ်အလောင်း ညှဉ်းဆဲဒဏ်ရာတွေ့


ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

စစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ ရုပ်အလောင်းကို မွန်ပြည်နယ် ရွှေဝါချောင်အနီးမှာ ဒီကနေ့ တူးဖော်ခဲ့ပါတယ်။ တူးဖော်ရရှိတဲ့ ကိုပါကြီးရဲ့ ရုပ်အလောင်း ခန္ဓာကိုယ်မှာ ကျိုးကြေဒဏ်ရာရထားတာ တွေ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်ကဖမ်းဆီးထားစဉ် သေနတ်လုပြီး ထွက်ပြေးဖို့ ကြိုစားတာကြောင့် သေနတ်နဲ့ ပစ်ခတ်ရင်း သေဆုံးသွားရတယ်လို့ ကာကွယ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အလောင်းကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်အနီးမှာ ဒီကနေ့ တူးဖော်ခဲ့ပါတယ်။ အလောင်းကိုတူးဖော်စဉ်မှာ မျက်မြင်တွေ့ရှိရတဲ့ ဗိုလ်ကြီးနေမျိုးဇင်က အခုလို ပြောပြပါတယ်။

“နှာနုရိုးရဲ့အထက် ဦးခေါင်းခွံတခုလုံးက အထဲထဲကို ခွက်ဝင်နေတယ်။ ဆံပင်တွေရော ဘာတွေရောက အကုန်လုံး ခွက်ဝင်နေပြီးတော့ အရာကြီးပေါ့ အဲ့ဒီဦးခွံရာကြီးမှာ သေနတ်ဒင်သော်လည်းကောင်း၊ သစ်သားသော်လည်းကောင်း ကြီးမားတဲ့ လေးလံတဲ့ဟာကြီးနဲ့ ပြင်းပြင်းထန်ထန် ထုထားတဲ့သဘောမျိုး တွေ့ရတယ်။ မေးရိုးတွေလည်း ၃ ဆစ်လောက် ကျိုးနေတာကို တွေ့ရပါတယ်။ အောက်သွားတွေလည်း နဲ့ပြီးတော့ အထဲထဲကို ကျိုးဝင်နေတာ တွေ့ရပါတယ်။ ညာဘက်လက်အုပ်ထားတဲ့ အောက်တည့်တည့်မှာ သေနတ်ကျည်ဆံရာ ရှိ မရှိတော့ ကျနော်တို့ မပြောတတ်ဘူး။ ကျန်တဲ့ မျက်မြင်မြင်တွေ့ရတဲ့ အနေအထားမှာတော့ သေနတ်ကျည်ဆံရာကို ကျနော် မတွေ့ရဘူး။ ညာဘက်ပေါင်ရင်းမှာ ညိုမဲတဲ့ဒဏ်ရာနဲ့ ချိုင့်ဝင်နေတဲ့ဟာတွေ တွေ့ရပါတယ်။ အဲ ညာဘက်နံရိုးအပေါ်မှာလည်း မို့တက်နေတယ်ဆိုတော့ နံရိုးကျိုးပြီးတော့ ခန္ဓာကိုယ်အပြင်ကို ဖောက်ထွက်နေတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ညာဘက်က ခြေသလုံးလည်း ကျိုးနေတယ်လို့ ခန့်မှန်းပါတယ်။ အထဲကို ခွက်ပြီး ၀င်နေလို့ပါ။ အခုကတော့ မော်လမြိုင်ဆေးရုံကြီးကို မှုခင်းဆရာဝန်တွေနဲ့ သယ်သွားပါပြီခင်ဗျ။”

အလောင်းကို တူးဖော်တဲ့အခါမှာ မြန်မာစစ်တပ်က တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း လိုက်ပါစစ်ဆေးခဲ့ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်ကိုလည်း မျက်မြင်တွေ့ရှိချက်တွေကို မေးမြန်းကြည့်ခဲ့ပါတယ်။

“ဖော်တဲ့အပိုင်းကတော့ ရဲတပ်ဖွဲ့နဲ့ မှုခင်းဆရာဝန်ကြီးတွေနဲ့ အဓိက ကြီးကြပ်ပြီးတော့ ဖော်တာပါ။ ဖော်တာကတော့လည်း သူတို့ရဲတပ်ဖွဲ့ကလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ စနစ်တကျလေး ဖော်တဲ့သဘော တွေ့ပါတယ်။ အလောင်းလည်း ထိခိုက်မှုမရှိအောင်နဲ့ စနစ်တကျရှိအောင်လို့ သူတို့ စိတ်ရှည်လက်ရှည် ဖော်ပါတယ်။ ၂ နာရီလောက်ကြာပါတယ် ဒီအလောင်းကိုဖော်တာ။ ကျနော်တို့တွေ့ရတဲ့ အလောင်းအနေအထားကတော့ တော်တော်လေး အနေအထားကောင်းသေးတယ်လို့ ပြောရမှာပေါ့လေ။ ကာလအားဖြင့်တော့ တလနီးပါးလောက် ကြာသွားပေမဲ့ တော်တော်လေး အနေအထားကောင်းပါတယ်။ ကျန်တာတော့ မှုခင်းဆရာဝန်ကြီးတွေ ဆက်လက် စစ်ဆေးပါမယ်။”

မေး။ ။ ဆိုတော့ ဟုတ်ကဲ့ အန်ကယ်လ်တို့ မျက်မြင်မှာရော သူ့ရဲ့ဒဏ်ရာတွေများ တွေ့မိလား၊ သေနတ်ဒဏ်ရာတွေဘာတွေများ တွေ့မိလား။

ဖြေ။ ။ “သေနတ်ဒဏ်ရာကတော့ ရှိမှာပါ။ သူတို့ပစ်တာဆိုတော့လေ။ ကျနော်တော့ မမြင်မိဘူး။ မမြင်မိဘူးဆိုတာက လူတွေက အများကြီးဆိုတော့လေ။ တိုးဝှေ့ကြည့်ရတော့ မြင်တဲ့အပိုင်းတော့ မြင်တာပေါ့လေ။ စစ်ဆေးတွေ့ရှိချက်တွေကိုတော့ ကျနော်တို့ဆီကိုလည်း သူတို့ တင်ပြပါလိမ့်မယ်။”

အလောင်းဖော်တဲ့အခါမှာ ရန်ကုန်မြို့က ရှေ့နေဦးရောဘတ်စန်းအောင်လည်း မိသားစုနဲ့အတူ ရှိနေတာပါ။ သူရဲ့မျက်မြင်တွေ့ရှိချက်အရ ကာကွယ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

“သူ့ကိုတွေ့ရတဲ့ အနေအထားက ဦးခေါင်းပိုင်းမှာ အပေါ်ဘက် အနောက်ဘက်မှာပေါ့ ၀ါးရင်းဒုတ်တို့၊ နောက်ပြီးတော့ နှစ်တစ်လက်မ ဒုတ်တို့နဲ့ ရိုက်ထားတဲ့ပုံသဏ္ဍာန်မျိုး ချိုင့်ဝင်နေတာကိုတော့ တွေ့တယ်။ မေးရိုးတွေ ကျိုးနေတာကို တွေ့တယ်။ ညာဘက်ခြေသလုံးမှာ ကျိုးတယ်လို့ထင်ရတဲ့ဟာကို တွေ့တယ်။ နောက်ပြီး ကျိုးနဲ့တုတ်ထားတဲ့ ဒဏ်ရာမျိုးလည်းတွေ့တယ်။ နောက်ပြီးတော့ ကောင်းမွန်စွာ သင်္ဂြိုလ်တယ်လို့ ဆိုရလောက်အောင် ဖျာလိတ်လည်းမပါဘူး။ အခေါင်းလည်း မပါဘူး။ အဲတော့ ဒဏ်ရာအနေအထားတွေ အရတော့ ကျနော်တို့ကတော့ ထုတ်ပြန်တဲ့သတင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ပဲ ပြောချင်ပါတယ်။”

အလွတ်သတင်းထောက် ကိုပါကြီးကို မြန်မာအစိုးရနဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် တိုက်ပွဲတွေ ဖြစ်နေစဉ်မှာ ဖမ်းဆီးမိခဲ့ကြောင်း သူဟာ KKO အဖွဲရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတဦးဖြစ် မြန်မာစစ်တပ်က ပြောဆိုထားပြီး DKBA ကတော့ ငြင်းဆိုထားပါတယ်။ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းစဉ်က လူငယ်ခေါင်းဆောင်တဦး ဖြစ်ခဲ့သလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးတာဝန်ယူပေးတဲ့ သုံးရောင်ခြယ်အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ မြန်မာပြည်က ဂျာနယ် ၃ စောင်လောက်မှာလည်း အောင်ကြီး နာမည်နဲ့ သတင်းများပေးပို့ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG