{{Zawgyi/Unicode}}
စစ်အာဏာသိမ်းမှုဆန့်ကျင်နေတဲ့ ဆန္ဒပြသပိတ်တွေကို ဦးဆောင်နေသူတစ်ယောက်ဖြစ်တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဒီနေ့ ဧပြီလ ၁၅ ရက်နေ့မှာ အဖမ်းခံရပါတယ်။ နေ့လည်ပိုင်းက မော်တော်ဆိုင်ကယ်တွေနဲ့ သပိတ်စစ်ကြောင်းထွက်နေစဉ် ကားတစ်စီးက မျက်နှာချင်းဆိုင်ကနေ ဝင်တိုက်ပြီး ဖမ်းဆီးသွားတာဖြစ်ပါတယ်။ သူဖမ်းခံရတဲ့ အခြေအနေအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြထားပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ မုံရွာမြို့က ဆန္ဒပြပွဲတွေမှာ ထိပ်တန်းကနေ ဦးဆောင် ချီတက် ဆန္ဒပြနေတဲ့ ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဒီနေ့ သပိတ်စစ်ကြောင်း ထွက်နေစဉ်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။
ကိုဝေမိုးနိုင်ဦးဆောင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ ချီတက်ဆန္ဒပြနေကြတဲ့ သူတို့သပိတ်စစ်ကြောင်းရှိရာကို မော်တော်ကား တစီးက ခေါင်းချင်းဆိုင် ဝင်တိုက်ပြီး ဖမ်းဆီးသွားတာဖြစ်ပါတယ်။ မုံရွာမြို့ သာစည်လမ်းပေါ်မှာ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခံရတဲ့ အခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ မုံရွာမြို့ခံက ခုလိုပြောပါတယ်။
“သပိတ်စစ်ကြောင်းအသွားမှာပဲ သာစည်လမ်းအတိုင်းသွားခဲ့ကြတယ်။ အဲမှာ သာစည်လမ်းနဲ့ မြို့မ ရွှေဂူအနီးမှာ အိမ်စီးကားနဲ့ပဲ မျက်နှာချင်းဆိုင်ဝင်တိုက်ပြီး ဖမ်းဆီးသွားတာပါ။ လူတွေတော့ပါတယ်၊ ဝိုင်းကာရင်းပြုရင်းနဲ့။ ဒါပေမယ့် သူတို့ကပစ်မှတ်ထားတာ ကိုဝေမိုးနိုင်ကိုပဲ ဖမ်းဆီးပစ်မှတ်ထားတာပါ။ ဖမ်းတာ မျက်နှာချင်းဆိုင်ဖြစ်တယ်။ တိုက်တာလည်း ခပ်ကြမ်းကြမ်းပေါ့၊ Speed ကလည်း နဲနဲလေးများတော့ အဲဒီပေါ်မှာတော့ ထိခိုက်ဒဏ်ရာရတော့ အနည်းနဲ့အများဆိုသလို များမယ့် အနေအထားပါပဲ။ သူထပြီးတော့မှ ပြေးတော့ ပြေးသေးတယ်။ သို့ပေမယ့် ထပ်ပြီးတော့လိုက်တယ်။ တိုက်ပြီးတော့မှ အဲဒီလိုမျိုး ရိုက်နှက်ဖမ်းဆီးတာမျိုး အကြမ်းဖက်ဖမ်းဆီးတာမျိုးလုပ်ခြင်း ခံလိုက်ရတယ်။”
အများက ပန်ဒါလေးလို့ ချစ်စနိုး တင်စားခေါ်ဆိုကြတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ဟောပြော ဦးဆောင် ချီတက်နေသူဖြစ်ပါတယ်။ အဲဒါကြောင့်လည်း တပ်မတော်ပြိုကွဲအောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မ အတော်များများတပ်ပြီး သူ့ကို စစ်အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ထားပါတယ်။ အခု သူ အဖမ်းခံသွားရပေမဲ့ မုံရွာက လှုပ်ရှားမှုတွေကို ဆက်ပြီး လုပ်သွားမယ်လို့ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတယောက်က ဗွီအိုအေကို ပြောပါတယ်။
"ကိုဝေမိုးနိုင် ဖမ်းခံရပေမယ့် သပိတ်ကော်မတီရဲ့ကောတွေ ခေါ်တာစောင့်မယ်။ သူတို့ခေါ်တဲ့ ကောတွေမှာလိုက်ပြီးအားတက်သရောပါမယ်ပေါ့။ ခေါင်းဆောင်မရှိဘဲ မကြွနိုင်တာစစ်တပ် စံပါ၊ ကျနော်တို့စံတော့မဟုတ်ပါဘူး။ ခေါင်းဆောင်ရှိမှကြွရဲတဲ့ စံကသူတို့စံပါ ကျနော်တို့ကတော့ သူဖမ်းခံရတာ ဝမ်းနည်းပါတယ်။ နာကျဉ်းပါတယ်။ ဝမ်းနည်းနာကျဉ်းမှုတွေကို လမ်းပေါ်ထွက် ပြောင်းမှာပါ။ သပိတ်ကော်မတီရဲ့ ဦးဆောင်မှုအောက်မှာပေါ့ နောက်ပြီးတော့ စစ်တပ်ကိုလည်း ဝေမိုးနိုင်တွေ အများကြီးရှိတာပြမှာပါ"
ကိုဝေမိုးနိုင်ကိုယ်တိုင်ကလည်း စိုးရိမ်စိတ်တွေကို အားတင်းပြီး အနာဂါတ်အတွက် ဆက်တိုက်ပွဲဝင်ဖို့လိုတယ်လို့ သူအဖမ်းမခံရခင် ဗွီအိုအေမြန်မာပိုင်းနဲ့ ဆွေးနွေးခန်းမှာ ခုလို ဖြေကြားခဲ့ပါတယ်။
"ကိုယ်စိတ်ထဲမှာ မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ ဝင်လာတယ်ဆိုရင် လမ်းပေါ်ထွက်ဖို့အတွက် တွန့်ဆုတ်လာတာ၊ သံပုံးတီးဖို့မဝံရဲတော့တာ၊ ဒီလိုမျိုးအာဏာဖိဆန်ရေးလုပ်ဖို့ မတက်ကြွတဲ့အခြေအနေဖြစ်လာပြီဆိုရင် ကျဆုံးသွားခဲ့တဲ့ ကျနော်တို့ရဲ့ သူရဲကောင်းတွေမျက်နှာကို မြင်အောင်ကြည့်ပေးစေချင်တယ်။ ခောတ်အဆက်ဆက်မှာ သွေးခင်းလမ်း သွေးကျခဲ့တဲ့ သူရဲကောင်းတွေ မနည်းတော့ပါဘူး။ ဒီသူရဲကောင်းတွေမျက်နှာကိုမြင်ယောင်ပါ။ လက်ရှိထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအင်အားစုအသီးသီးက တက်ကြွလှုပ်ရှားသူတွေ ရှေ့တန်းက ရဲဘော်တွေမျက်နှာတွေကို မြင်ယောင်ပြီးတော့ ကျနော်တို့ ကျန်နေသေးတဲ့သူတွေက တဦးကိုတဦး အပြန်အလှန် ဖေးမစောင့်ရှောက်ပြီးတော့ ဒီလမ်းကို ကျနော်တို့ သတ္တိတင်းပြီးတော့ ရအောင်ရှေ့ဆက်လျှောက်ကြပါစို့လို့ ကျနော်က တိုက်တွန်းချင်ပါတယ်။ "
စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြည်သူအမြောက်အများ လမ်းပေါ်ထွက် တက်တက်ကြွကြွ ဆန္ဒပြနေတဲ့မြို့တွေထဲမှာ မုံရွာမြို့လည်း ပါဝင်ပါတယ်။ အဲဒါကြောင့်လည်း စစ်တပ်တွေ အလုံးအရင်းနဲ့ မြို့ထဲမှာ ဝင်ရောက် တပ်စွဲပြီး ဆန္ဒပြပွဲတွေကို ပစ်ခတ် နှိမ်နှင်းခဲ့ပါတယ်။
ကိုဝေမိုးနိုင် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဆွီဒင်သံရုံးက ချက်ခြင်းဆိုသလို ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ “မုံရွာမြို့၏ လူထုခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် ယနေ့ နေ့လည်တွင် ဖမ်းဆီးခံရသည်ကို ဆွီဒင်သံရုံးမှ သိရှိရပါသည်။ ဖမ်းဆီးခံရသည့် ဗီဒီယိုဖိုင်အရ အဖမ်းမခံရမီတွင် ကိုဝေမိုးနိုင်စီးလာသည့် ဆိုင်ကယ်အား ကားတစ်စီးမှ ဝင်တိုက်သည်ကို တွေ့ရှိရပါသည်။ ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး သင့်တော်လုံလောက်သည့် ဆေးကုသမှု ရရှိရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တောင်းဆိုပါသည်။ ကိုဝေမိုးနိုင်၏ အခြေအနေအား မိမိတို့ အနီးကပ် စောင့်ကြည့်နေပါသည်” လို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြပွဲတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ရန်ကုန်မြို့အပါအဝင် နေရာအတော်များများမှာ ဆန္ဒပြပွဲတွေ အရှိန်လျော့သွားသလိုရှိပေမယ့် ကိုဝေမိုးနိုင်တို့ဦးဆောင်တဲ့ မုံရွာမြို့ ပင်မသပိတ်အုပ်စုကတော့ နေ့စဉ်ဆိုသလို နည်းမျိုးစုံနဲ့ ဆက်လက် ဆန္ဒပြနေခဲ့ကြတာပါ။
..............................
{{Unicode}}