သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့တောင်လူသတ်မှု မြန်မာဝန်ကြီးသွားစုံစမ်းမည်


ဗြိတိန်နိုင်ငံသားနှစ်ဦးသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။
ဗြိတိန်နိုင်ငံသားနှစ်ဦးသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ရခံမှုမှာ လူသတ်မှု စွပ်စွဲချက်နဲ့ အဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦး အရေး အမှုမှန်ပေါ်ပေါက်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့အဖွဲ့ တစ်ဖွဲ့ကို မြန်မာအစိုးရရဲ့ ထိုင်းကို စေလွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မြန်မာသံရုံးအထူးစုံစမ်းရေးအဖွဲ့ရဲ့ ကော့တောင်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ မြန်မာသမ္မတ ဦးသိန်းစိန်ဆီ တင်သွင်းအပြီး အခုလိုလုပ်ဆောင်ဖို့ဖြစ်လာတာပါ။ ဒီလိုဟိုးလေးတကျော်ဖြစ်နေတဲ့ လူသတ်မှုကယက်ကြောင့် ကော့တောင်ကျွန်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကြားမှာ လုံခြုံရေး စိုးရိမ်မှုတွေနဲ့အတူ လုပ်ငန်းထိခိုက်မှုတွေလည်း ရှိလာနေပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလို့ခေါ်တဲ့ ကော့တောင်ကျွန်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ မစ္စ Hannah နဲ့ အသက် ၂၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား David Miller ဆိုတဲ့ ကမ္ဘာလှည့်ခရီးသွား နှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ အထူးတာဝန် ပေးထားတဲ့ ထိုင်းနိုင်ငံ မြန်မာသံရုံး ဒုကောင်စစ်ဝန် ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ အနေနဲ့ ဖြစ်စဉ်ဖြစ်ပျက်ခဲ့တဲ့ ကျွန်းနေရာ၊ အမှုစစ် ထိုင်းရဲတပ်ဖွဲ့တွေအပါအဝင် သက်ဆိုင်ရာ ဒေသခံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နောက် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးနဲ့ အစိုးရသက်သေဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဦး နောက် စကားပြန်ကိုပါ သွားရောက်တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တာဖြစ်ပါတယ်။ ဒီလို မေးမြန်းစုံစမ်းမှုတွေကို စုစည်းပြီးတော့ မြန်မာသမ္မတဦးသိန်းစိန်ထံကို အောက်တိုဘာလဆန်းပိုင်းမှာ အစီရင်ခံစာ တင်သွင်းနိုင်ခဲ့ တာဖြစ်ပါတယ်။

မြန်မာသမ္မတဆီ အစီရင်ခံစာ တင်သွင်းပြီးနောက်မှာတော့ မြန်မာအစိုးရက ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ အထူးစုံစမ်းရေးအဖွဲ့ စေလွှတ်ပြီးတော့ ထိုင်းနိုင်ငံ မြန်မာသံရုံး အထူးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ရှိပါတယ်လို့ မြန်မာအလုပ်သမားနှစ်ဦး အရေး ကိုယ်တိုင် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဥပဒေအကျိုးဆောင် ဦးအောင်မျိုးသန့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ပြည်ထောင်စုဝန်ကြီးအဖွဲ့ ဖွဲ့ထားပြီးတော့ ကျနော်တို့နဲ့ လာပူးပေါင်းပြီးတော့ ဒီအမှုကို ဥပဒေပညာရှင်တွေနဲ့ပူးပေါင်းပြီး စစ်ဆေးမယ်လို့တော့ သိရပါတယ်။ အဲဒီလိုလာမှလည်း ကောင်းမယ့်အခြေအနေဖြစ်ပါတယ်။ အဲဒီအထဲမှာ ဥပဒေပညာရှင်တွေ၊ ဆေးမှုခင်းပညာရှင်တွေ ပါလာမယ်လို့ သိရပါတယ်ခင်ဗျ။ နာမည်တွေကတော့ အတိအကျ မသိသေးပါဘူး။ ဒါပေမယ့် ထိုင်းဥပဒေအရာရှိရုံးကနေပြီးတော့ ရဲတွေကို ပြန်ချပေးတဲ့အခါကျတော့ စစ်ဆေးမှုမပြည့်စုံလို့ အမှုတွဲကို တပတ်အတွင်း ပြန်လည်စစ်ဆေးပြီး ပို့ပါ-လို့တော့ ပြောထားတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့နိုင်ငံဘက်ကလည်း ဒီကိစ္စကို အလေးထားပြီးတော့ အမြန်ဆုံးဆောင်ရွက်ပေးမယ်ဆိုရင်တော့ အမှုမှန်ပေါ်ပေါက်လာလိမ့်မယ်လို့ မြင်ပါတယ်ခင်ဗျ။”

ထိုင်းဝန်ကြီးချုပ်နဲ့ မြန်မာသမ္မတ တွေ့ဆုံချိန်မှာလည်း ထိုင်းနိုင်ငံတွင်းက လူသတ်မှုအရေး ဆွေးနွေးခဲ့ကြသလို မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ထိုင်း ဒုဝန်ကြီးချုပ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန် လက်ရှိဖြစ်ပွားနေသော လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ပေါ်ပေါက်နိုင်ဖို့ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးဖို့နဲ့ မြန်မာသံရုံးအထူးအဖွဲ့ လေ့လာနေမှုကို ကူညီ စီစဉ်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

အခုလို မြန်မာအစိုးရဘက်ကလည်း အထူးအလေးထားဆောင်ရွက်ပေးနေချိန် လူသတ်မှုနဲ့ပတ်သက်ပြီး အကျဉ်းထောင်ထဲ ထိန်းသိမ်း ခံနေရတဲ့ မြန်မာအလုပ်သမားနှစ်ဦးရဲ့ အမှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့လည်း ရှေ့နေ ဦးအောင်မျိုးသန့်က အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့မြင်တာတော့ ဒီအမှုဟာ ရဲကစစ်လာတာ။ ရဲကစစ်လာတာကြောင့်မို့လို့လည်း ဒီကလေးတွေ တရားခံပါ-ဆိုတဲ့အခြေအနေက ပေါ်လာတာပါ။ ဒါပေမယ့် ကျနော်တို့ကိုယ်တိုင်၊ မြန်မာနိုင်ငံကစေလွှတ်တဲ့ သံရုံးအထူးအဖွဲ့ သွားတဲ့အချိန်မှာ ဒီကလေးတွေရဲ့ ပြောတဲ့စကားဟာ - ဝန်ခံရခြင်းဟာ နှိပ်စက်လို့ပါ၊ ရိုက်နှက်လို့ပါ- ဆိုတဲ့စကားက ပေါ်လာပါတယ်။ အဲဒီတော့ ဒါကြောင့်မို့ ဝန်ခံတယ်ဆိုတာဟာ သက်သေခံမဝင်ပါဘူးခင်ဗျ။ ဝန်ခံတာ တစ်ခုတည်းနဲ့ တရားရုံးမှာတင်ပြီးတော့ အပြစ်ပေးလောက်တဲ့အနေအထား မရှိဘူးလို့ပဲ ကျနော် မြင်ပါတယ်ခင်ဗျ။ ဒါကြောင့်မို့ ဒီအမှုနဲ့ ပတ်သက်လို့ ပြန်လည်စစ်ကြမယ်ဆိုရင်လည်း မှုခင်းနားလည်တဲ့လူ၊ အမှုနဲ့ပတ်သက်လို့ နားလည်တဲ့လူ၊ နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ စစ်ဆေးမှသာလျှင် အမှုမှန် ပေါ်ပေါက်လိမ့်မယ်လို့ မြင်ပါတယ်ခင်ဗျ။”

အခုလို အခြေအတင်အငြင်းပွားဖွယ် စစ်ဆေးမှုတွေ တရားစွဲဆိုမှုတွေဖြစ်စေတဲ့ လူသတ်မှုဖြစ်ခဲ့ရာ ထိုင်းနိုင်ငံကော့တောင်ကျွန်းရဲ့ လက်ရှိ အခြေအနေကတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာအလုပ်သမားတွေကြား လုံခြုံရေး စိုးရိမ်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ အေးစက်သွားတာနဲ့အတူ ခရီးသွားလုပ်ငန်း ထိခိုက်မှုတွေဖြစ်နေတဲ့ ထိုင်းအလုပ်ရှင်တွေနဲ့ မြန်မာအလုပ်သမားတွေကြား ဆက်ဆံရေးတင်းမာမှုတွေဖြစ်လာနေတယ်လို့လည်း ထိုင်းနိုင်ငံက သတင်းသမားတစ်ဦးဖြစ်တဲ့ ဦးဋ္ဌေးဝင်းက သုံးသပ်ပါတယ်။

“အလုပ်သမားတွေက အခုချိန်မှာ စိုးရိမ်ထိတ်လန့်မှုက အပြည့်ပေါ့ဗျာ။ ဒီကောင်လေးတွေ မဟုတ်ရင်တော့ ဘယ်သူ ဖြစ်လာမတုန်း၊ ဘယ်သူ့အပေါ် ကျလာမလဲ၊ စဖြစ်တဲ့အချိန်မှာ အထူးသဖြင့်ပေါ့လေ၊ အဲဒီမှာ ရခိုင်တွေ..ခေါ်ယူစစ်ဆေးခံရတာပေါ့ဗျာ၊ အချုပ်ခံရတာပေါ့။ အနည်းဆုံး အယောက် ၂၀ လောက် ရှိခဲ့တယ်လို့ ပြောသံကြားရတယ်။ အရင်တုန်းကဆိုလို့ရှိရင် ဗမာပြည်သားနဲ့ ထိုင်းအလုပ်ရှင်နဲ့က တော်တော် ရင်းရင်းနှီးနှီးရှိကြတယ်။ ချစ်ချစ်ခင်ခင် ရှိကြတာပေါ့လေ။ အခုနောက်ပိုင်းမှာ တချို့အလုပ်ရှင်တွေက ဗမာပြည်သားတွေကို အယုံအကြည်မဲ့လာတယ်။ တနည်းအားဖြင့် ပြောလို့ရှိရင် အရင်ကထက် စိမ်းစိမ်းကားကား ဆက်ဆံလာတဲ့သဘောမျိုး ရှိတာပေါ့။ တချို့ဆိုလို့ရှိရင် အလုပ်တွေ ဘာတွေ ပြုတ်လာကြတယ်။ အဲလိုမျိုးတွေ ရှိလာတယ်။ တကယ်လို့များ ဒီအမှုမှာ မြန်မာအလုပ်သမားတွေ မဟုတ်ဘူးလို့ ပြောင်းသွားရင်တောင်မှ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေရဲ့ဆက်ဆံရေးဟာ နဂိုရ်လို ပုံမှန်ဖြစ်ဖို့ကတော့ မလွယ်လှပါဘူး။”

အခုလို ဟိုးလေးတကြော်ဖြစ်နေတဲ့ ထိုင်းနိုင်ငံကော့တောင်ကျွန်း ကမ္ဘာ့လှည့်ခရီးသွားနှစ်ဦး လူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းအမှုစစ်ရဲတွေရဲ့ အမှု စစ်ဆေးမှုနဲ့ ပတ်သက်ပြီးလည်း ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့လည်း လူသတ်တရားခံတွေဘက်က ဝန်ခံထားတာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းပြောဆိုနေသလို နိုင်ငံတကာ မီဒီယာတွေအပါအဝင် ထိုင်းမီဒီယာတွေ၊ ထိုင်းလူမှုကွန်ယက် စာမျက်နှာတွေ၊ ထိုင်းလူထု မြန်မာလူထုတွေကြား မှာတော့ အမှုစစ်ဆေးမှုတွေအပေါ် လက်မခံနိုင်တဲ့အနေအထားကို အငြင်းပွားဖွယ် ဖြစ်နေတာပါ။ မြန်မာနိုင်ငံရန်ကုန်မြို့မှာလည်း ထိုင်းလူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ရောက်ရှိချိန် ဆန္ဒပြမှုတချို့ဖြစ်ပွားခဲ့ပါသေးတယ်။

XS
SM
MD
LG