သုံးရလွယ်ကူစေသည့် Link များ

ဦးကိုနီလုပ်ကြံခံရမှု အဖြစ်မှန်ဖေါ်ထုတ်ပေးဖို့ ကိုဖီအာနန် တိုက်တွန်း


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ဈာပနာအခမ်းအနား

အာဏာရ NLD ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်ပြီး အများပြည်သူလေးစားတဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှု ကို အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ဖို့ ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီအာနန်က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်း ဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး အထောက်အကူပြုဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ခွင့်ပြုဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးအပါအ၀င် မြန်မာဥပဒေပညာရှင်အဖွဲ့တွေက လည်း တောင်းဆိုလိုက်ပါတယ်။ အထူးသဖြင့် သေနတ်သမားရဲ့ စုံစမ်းစစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီးအချက်အလက်တွေ အပြင်ဘက်ကို ပေါက်ကြားခဲ့တဲ့အတွက် ရဲအာဏာပိုင်တွေရဲ့ အမှုကိုင်တွယ်ပုံကို ပြည်သူအများ သံသယဖြစ်လာစေကြောင်း ထောက်ပြခဲ့ကြပါတယ်။

စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ တရားလွှတ်တော် ရှေ့နေဦးကိုနီကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့တဲ့ ယာဉ်မောင်း ဦးနေ၀င်းပါ သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို သူ့အနေနဲ့ ပြင်းထန်စွာရှုံချကြောင်း ဖေဖေါ်ဝါရီလ (၁)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကိုဖီအာနန်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းကိုကြားခဲ့ချိန်မှာ သူ့အနေနဲ့ တုန်လှုပ်ခဲ့ပြီး ၀မ်းနည်းမိကြောင်း ကိုဖီအာနန်ကပြောပါတယ်။ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေသူတွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်ဟာ စက်ဆုပ်ဖွယ်ကောင်း တယ်လို့လည်း ဆိုပါတယ်။ ဒါအပြင် မတူကွဲပြားမှုတွေ ဘယ်လိုပဲရှိရှိ အပြန်အလှန်ပြောဆိုဆွေးနွေးပြီး သည်းခံမှသာ ရှေ့ဆက်နိုင်မှာဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ကိုဖီအာနန်က သူရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို ဆိုးဝါးလှတဲ့ ရာဇ၀တ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကိုဖီအာနန်က တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း ဖမ်းဆီးခံထားရတဲ့ လုပ်ကြံသူ သေနတ်သမား ဦးကြည်လင်းရဲ့ ထွက်ဆိုချက်တွေ အင်တာနက် လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံခဲ့မှုအပေါ် အာဏာပိုင်တွေဘက်ကို အများပြည်သူတွေက သံသယတွေ ပိုပြီး ဖြစ်စေကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။

“အခုလိုမျိုး ဦးကိုနီလုပ်ကြံခံရမှုကို ရဲက စုံစမ်းစစ်ဆေးနေတဲ့အပေါ် မြန်မာ ပြည်သူတွေ မယုံကြည်ဘူးဆိုတာကလည်း ရဲတပ်ဖွဲ့ဆိုတာ စစ်တပ်ရဲ့ လက်အောက်မှာရှိနေလို့ပါ။ စစ်တပ်ဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးမှာပါဝင်ပတ်သက်ခဲ့သလို အကြမ်းဖက်မှုတွေကိုလည်း ကျူးလွန်ခဲ့တာပါ။ ဒါကြောင့် လုပ်သင့်တာက အများပြည်သူလေးစားတဲ့ သူတွေ၊ ဥပဒေပညာရှင်တွေပါဝင်ပြီး ရဲနဲ့ ပတ်သက်မှုမရှိတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မျိုးလိုအပ်နေပါတယ်။”

ဒါအပြင် သေနတ်သမားဘက်က အလွယ်တကူ ၀န်ခံပြောကြားတဲ့ အချက်အလက်တွေကို ယုံကြည်ရ ခက်ခဲစေတာကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကသာ အမှုမှန်ပေါ်ပေါက်ရေး အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ မြင်ကြောင်း Brad Adams ကဆိုပါတယ်။

အခုလို လူသတ်သမားကြည်လင်းရဲ့ ထွက်ဆိုချက်တွေ အပြင်ကို ပေါက်ကြားခဲ့တာနဲ့ပတ်သက်ပြီး ဥပဒေအထောက်အကူပြုကွန်ယက်ရဲ့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက အခုလို သုံးသပ်ပါတယ်။

“အပြင်ကိုပေါက်လာအောင်ကို အာဏာပိုင်တွေက တမင်လုပ်လိုက်တာ။ အဲဒီလို ကျနော်နားလည်တယ်။ အပြင်ကိုပေါက်လာခြင်းအားဖြင့် တရားခံ ဦးကြည်လင်းကို ခိုင်းတဲ့ တကယ့်လက်သည်တရားခံ အစစ်အမှန်မပေါ်အောင် တမင်အကွက်ဆင်ပြီးတော့ ဒီဦးကိုနီလုပ်ကြံခံရတဲ့ကိစ္စကို စိတ်ဝင်စားနေတဲ့ ပြည်သူတွေ လမ်းကြောင်းလွဲသွားအောင် တမင်လုပ်နေတာဖြစ်တယ်။ ဖေ့စ်ဘွတ်ခ်ကို သုံးပြီး လုပ်ကြံတယ်လို့ သုံးသပ်တယ်။ ဘာကြောင့်လဲ စဉ်းစားကြည့်ပါ။ လက်တွေ့သတ်သွားတဲ့ ဦးကြည်လင်းက သူ့ကို ဘယ်သူသတ်ခိုင်းလဲလို့ မေးတဲ့အခါကျနော့ သူက အလွယ်တကူပဲ ကျနော်ကို လူတယောက်က ဖေ့စ်ဘုတ်ခ်ကနေ အွန်လိုင်းကနေ ကြည့် ပြီးတော့မှ ကားတစီးပေးပါ့မယ်ဆိုလို့ သူက သွားသတ်ရပါတယ်ဆိုတာ ဟုတ်မှမဟုတ်တာ။ ဒါက ဖြစ်မှမဖြစ်နိုင်တာ။ ဆိုတော့ ဒီလိုမျိုး လမ်းလွဲအောင်လို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက တမင်လုပ်နေသလား။ လုပ်နေတယ်လို့လည်း ကျနော်ယူဆတယ်။”

ဒါအပြင် ကျန်ရစ်သူမိသားစုတွေအနေနဲ့ အမှုမှန်ပေါ်ရေး လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်လို့လည်း ဦးအောင်ထူးက အခုလိုပြောပါတယ်။

“ပြစ်မှုကျူးလွန်ခံရတဲ့ ဦးကိုနီရဲ့ မိသားစုကို မေတ္တာရပ်ခံချင်တာက သူတို့အနေနဲ့ ရှေ့နေအသင်းကြီးများရဲ့ အကူအညီကို တရားဝင်တောင်းစေချင်ပါတယ်။ အဲတော့ ရှေ့နေအသင်းကြီးတွေကလည်း ဦးကိုနီရဲ့ အမှုနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မတီမျိုး အဖွဲ့ဖွဲ့ပြီးတော့ အခု ရဲလက်ထဲမှာ အမှုကို စစ်ဆေးနေတဲ့ အတောအတွင်းမှာပဲ ရှေ့နေတွေရဲ့ပညာရပ်နဲ့ ပြစ်မှုကျူးလွန်ခံရတဲ့ မိသားစုက ပေးထားတဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီးတော့မှ ၀ိုင်းဝန်းစုံစမ်းစစ်ဆေးပေးစေချင်ပါတယ်။”

ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ ကြေညာချက်မှာလည်း အမှုမှန်ပေါ်ပေါက်ရေးနဲ့ လူသတ်သမားရဲ့ နောက်ကွယ် ကြိုးကိုင်လှုပ်ရှားနေသူ အစစ်အမှန်ဖေါ်ထုတ်နိုင်ဖို့ အစိုးရအနေနနဲ့ နိုင်ငံတကာရဲ့ အကူအညီကိုယူသင့်ကြောင်း အကြံပြုထားပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ လုပ်ကြံသူ သေနတ်သမား ဦကြည်လင်းရဲ့ နောက်ကွယ်က သံသယရှိသူတချို့ကို မနေ့ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ပြီး ဦးကိုနီ လုပ်ကြံခံရမှုမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် အကောင်းဆုံးကိုင်တွယ်နေသလို ရလဒ်ပေါ်အောင် စိတ်ရှည်စွာ စောင့်ဆိုင်းပေး ဖို့ အစိုးရတာဝန်ရှိသူတွေကလည်း ပြောကြားထားပါတယ်။

XS
SM
MD
LG