သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်ကွယ်လွန်မှု မြန်မာ့နိုင်ငံအတွက် ဆုံးရှုံး


 ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဋ္ဌ Kofi Annan ( စက်တင်ဘာ ၆-၂၀၁၆)
ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဋ္ဌ Kofi Annan ( စက်တင်ဘာ ၆-၂၀၁၆)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ (၇) ဆက်မြောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် (၈၀) အရွယ် ကိုဖီအာနန်ဟာ နိုင်ငံတကာကနေ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာရုံစိုက်နေတဲ့ အရေးတခုဖြစ်တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေး ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ဦးဆောင်သူလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လည်းဖြစ်တဲ့ ကိုဖီအာနန် အခုလိုဆုံးပါးသွားတဲ့အပေါ် သူနဲ့အတူ မြန်မာ့အရေး လက်တွဲလုပ်ကိုင်ခဲ့သူတွေကတော့ ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် ရှုမြင်ကြပါတယ်။ မဆုမွန် စုစည်းတင်ပြထား ပါတယ်။

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ ၂၀၀၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်လည်း ဖြစ်ပြီး သူ့ရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး ဆောင်ရွက်မှုတွေကြောင့် ကမ္ဘာက လေးစားသူဖြစ်ပါတယ်။ သူ ဟာ ၂၀၁၆ စက်တင်ဘာလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေး ကိုဖီ အာနန်ရဲ့ ဦးဆောင်အကြံပေးမှုတွေကို အကောင်အထည်ဖော်ရေး ဆောင်ရွက်နေသူဖြစ်တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ အခုလို ကိုဖီအာနန်ကွယ်လွန်တဲ့ သတင်းကြားရတဲ့အပေါ် မြန်မာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတခု အဖြစ် ရှုမြင်ပါတယ်။

“သူ့ရဲ့အကြံပြုချက်တွေဟာ ပြဿနာဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တခုလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက အကြံပြုခဲ့တာတွေဖြစ်ပါတယ်။ ဒါတွေအကုန်လုံးက။ ဆိုတော့-ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒါတွေကို ချက်ခြင်းအကျိုးပြုနိုင်မယ်၊ ကျနော်တို့နိုင်ငံအတွက် ချက်ခြင်း အကျိုးရှိမယ့်ဟာတွေကို ကျနော်တို့နိုင်ငံမှာရှိတဲ့ လက်ရှိဥပဒေတွေနဲ့ကိုက်ညီမယ့်ဟာတွေကို ဒါတွေကို အကုန်လုံး အတတ်နိုင်ဆုံး အကောင်အထည်ဖော်ခဲ့တယ်။ ဆက်ပြီးတော့လည်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမှာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် …ဦးဆောင်ပေးခဲ့တဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မစ္စတာ ကိုဖီအာနန်ဆုံးတာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ စိတ်မကောင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက နိုင်ငံတကာမှာ အများကြီး အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ ထုံးတမ်းစဉ်လာအရဆိုရင်တော့ ကောင်းမှုပြုလုပ်ခဲ့တဲ့သူဟာ ကောင်းတဲ့အနာဂတ်ရရှိမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဆုမွန်ကောင်း တောင်းပေးတယ်ပေါ့နော်။ ကောင်းမွန်တဲ့ဘဝမှာ ရရှိပါစေ ဆိုပြီး”

မြန်မာနိုင်ငံ ကုလသမဂ္ဂရန်ကုန်ရုံးရဲ့ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan အခုလို ရုတ်တရက်ဆုံးပါးသွားတဲ့သတင်းကိုကြားတော့ သူတော်တော်လေး အံ့သြသင့် စိတ်မကောင်းဖြစ်ရတာပါ။

“ယုံတောင် မယုံနိုင်ဘူးလေ။ ယုံတောင်မယုံနိုင်ဘူး၊ တလောလေးကပဲ မြန်မာနိုင်ငံကို မစ္စတာကိုဖီအာနန်လာသွားတယ်၊ အဲဒီတုန်းကလည်း တွေ့လိုက်ရတယ်။ သူနဲ့လည်း စကားပြောလိုက်ရတယ်။ ဆိုတော့ - ဒီလောက် အချိန်တိုတိုလေးအတွင်းမှာ ခွဲခွာသွားမယ်လို့လည်းမထင်ခဲ့ဘူးပေါ့နော်။ နောက် မြန်မာနိုင်ငံအတွက်သာမကဘူး၊ ကမ္ဘာအတွက်ပါ အများကြီး သူအကျိုးဆောင်ခဲ့ပါတယ်။ နိုဗဲလ်ဆုရှင်ဖြစ်ခဲ့တယ်ဆိုတာလည်း သိရတယ်။ မြန်မာနိုင်ငံအတွက်တင်မကပါဘူး၊ ကမ္ဘာအတွက်ပါ ဆုံးရှုံးမှုကြီးပါ။ ကုလသမဂ္ဂအတွက်လည်း ဆုံးရှုံးမှုကြီးပါ။

အန်ကယ်လ် သူ့ကို နယူးယောက်မှာ စတွေ့ဖူးတာပေါ့နော် စတွေ့ပြီးတော့ impressed ဖြစ်ခဲ့ပါတယ်။ သူ အဲ့တုန်းက မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီမှာ ပထမဆုံးဆွေးနွေးမယ့်မတိုင်ခင် တရက်မှာ သူနဲ့တွေ့တာပေါ့။ တွေ့တဲ့အချိန်မှာ သူ မြန်မာနိုင်ငံအကြောင်းကို ဘယ်လောက်အထိ သိနေတယ် နားလည်နေတယ်ဆိုတာ သိလိုက်ရတော့ အရမ်းကို impressed ဖြစ်သွားတယ် အဲ့ဒီ့ကတည်းက သိခဲ့ရတယ် သူ့လက်အောက်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ရတဲ့အပေါ် အင်မတန်မှ ဂုဏ်ယူရပါတယ် အဲ့တာကတော့ ကျနော် စိတ်ထဲက ပြောတဲ့စကားပါ။ နောက် သူ မြန်မာနိုင်ငံကိုလာတော့လည်း မြန်မာနိုင်ငံမှာ ပြန်တွေ့ရတယ်။ သူက မြန်မာနိုင်ငံရဲ့ အကျိုးအတွက်ကိုလည်း သူအတတ်နိုင်ဆုံး လက်လှမ်းအမှီဆုံး သူကြိုးစားခဲ့တယ် သူဆုံးပါးတာ အင်မတန်မှာ ဆုံးရှုံးမှုကြီးပါ ကမ္ဘာအတွက်လည်း ဆုံးရှုံးမှုကြီးပါ သူ့ကို အင်မတန်မှ လေးစားပါတယ်။ အင်မတန်မှလည်း ဝမ်းနည်းရပါတယ်။”

မြန်မာနိုင်ငံအရေး လူ့အခွင့်အရေး ငြိမ်းချမ်းရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ဖူးသူ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ကိုဖီအာနန် ကွယ်လွန်ခဲ့ရတဲ့အပေါ် ငြိမ်းချမ်းရေးအတွက် ဆုံးရှုံးမှုတခုအဖြစ် မြန်မာ့လူအခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းက ယူဆပါတယ်။

“ကိုဖီအာနန်ဆံုံးသွားတဲ့သတင်းကိုကြားရတဲ့အခါမှာ ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂမှာ နှစ်ကြိမ်တိုင်တိုင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗလ်ဆုပိုင်ရှင်လည်း ဖြစ်တယ်။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲရေးမှာ တကယ့်ကို အားကြိုးမာန်တက်လုပ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ပတ်ဝန်းကျင်ကို ကျနော် ပြန်ပြီးတော့ သတိရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂကို လူ့အခွင့်အရေးကော်မရှင်ကနေ လူ့အခွင့်အရေးကောင်စီကို ပြောင်းဖို့ တကယ့်အဓိက တွန်းတွန်းတိုက်တိုက်နဲ့ လုပ်ဆောင်ခဲ့တဲ့အထဲမှာ သူလည်း ပါပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုက မှတ်ကျောက်တင်စရာ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်အရေးအနေနဲ့ကတော့ ကိုဖီအာနန်ကော်မရှင်လို့တောင် လူတွေက ပြောကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ သူ့အနေနဲ့ မြန်မာပြည်ကို မကြာခန လာရောက်ပြီး လေ့လာခဲ့တာတွေ၊ နောက်တခါ သူ့ရဲ့တင်ပြချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အစိုးရကိုယ်တိုင်က ဒါတွေကို လေးစားလိုက်နာခဲ့တာကို ကြည့်မယ်ဆိုရင် မြန်မာပြည်အရေးကိုလည်း သူ့အနေနဲ့ စိတ်ဝင်စားပြီး လုပ်ဆောင်ခဲ့တယ်။ အခုအချိန်အထိလည်း မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး သူ့အနေနဲ့ တတ်စွမ်းသမျှ နောက်ဆုံးအချိန်အထိကို ကြိုးပမ်းလုပ်ဆောင်ခဲ့တာ မြန်မာပြည်ရဲ့လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဆက်စပ်တဲ့နေရာမှာ သူပါဝင်ပါတယ်။ အဲဒီတော့ မြန်မာပြည်အရေးကို လုပ်ခဲ့တဲ့သူအတွက် မြန်မာပြည်သူတယောက်အနေနဲ့ကော၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂပိုမိုအင်အားကောင်းအောင် လုပ်ဆောင်ခဲ့တဲ့သူအတွက်ကို လူ့အခွင့်အရေး လှုပ်ရှားသူတဦးအနေနဲ့ ကျနော့်အနေနဲ့ ဝမ်းနည်းတဲ့အကြောင်း ပြောကြားလိုပါတယ်။”

မြန်မာပြည်အရေး ဆောင်ရွက်ခဲ့ဖူးသူ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်ခဲ့ရတဲ့အပေါ် ကချင်လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ဦးဇော်ဂျတ်ကလည်း အခုလို ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်တောင်းပေးပါတယ်။

“မစ္စတာ ကိုဖီအာနန်ဆုံးပါးသွားတဲ့အခါကျနော်တို့ ပြည်သူတွေအနေနဲ့လည်း.ဆုံးရှုံးနစ်နာမှုတရပ်လို့မြင်တယ်။ ပြီးတော့ ဝမ်းနည်းလည်း ဝမ်းနည်းတာပေါ့နော်။ ပြီးတော့ ရခိုင်အရေးကိစ္စတို့၊ ကျနော်တို့ မြန်မာနိုင်ငံကိစ္စတို့ကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တာ အများကြီးတွေ့ခဲ့ဖူးပါတယ်။ အဲဒါတွေ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ သူ ဆုံးပါးသွားသော်လည်း ကောင်းကင်ဘုံကို လာရာလမ်းအတိုင်းပဲ ကောင်းမွန်စွာ ကျနော်တို့ ဆုတောင်းပေးနေပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဒီကနေ့စနေနေ့ မနက်အစောပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့က ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ ဇနီး Nane နဲ့ သားသမီးတွေဖြစ်ကြတဲ့ Ama, Kojo နဲ့ Nina တို့လည်း အနားမှာ ရှိနေခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ Kofi Annan ဟာ ၁၉၉၇ ခုနှစ် ဇန္နဝါရီလကနေ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအထိ ကုလသမဂ္ဂရဲ့ ၇ ယောက်မြောက် အတွင်းရေးမှူးချုပ်အဖြစ်တာဝန် ထမ်းဆောင်ခဲ့သူပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG