သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံရောက်ရှိ


ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံရောက်ရှိ (Ministry of Foreign Affairs Myanmar)
ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံရောက်ရှိ (Ministry of Foreign Affairs Myanmar)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အစီအရင်ခံစာ တင်သွင်းဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အနေနဲ့ သြဂုတ်လ ၂၄ရက်နေ့ မတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အစီရင်ခံစာ တင်ပြဖို့ရှိပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာ ကိုဖီ အာနန်နဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံသွားဖို့လည်း ရှိနေ တာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါ မယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင် အ နေနဲ့ အပြီးသတ် အစီရင်ခံစာကို ပြည်သူလူထုထံမချပြခင်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေထံ တင်ပြသွားဖို့ရှိတယ်လို့ ကော်မရှင် အဖွဲ့ ဝင် ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့အသေးစိတ်ကတော့ လုံခြုံရေးအရမပြောဖို့ မေတ္တာရပ်ခံထားပါတယ်။ ကျနော်တို့ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကော်မရှင်ကလည်း ပြည်သူ့အစိုးရက တာဝန်ပေးထားတာလေ။ အဲဒီတော့ အစိုးရကိုကျနော်တို့ တင်မယ် တင်ပြီးရင် ၂၄ ရက်နေ့ကျရင် ပြည်သူအများသိအောင် သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်ခင်ဗျ။ ကျနော်တို့ အကြံပြုသွားမှာပါခင်ဗျ ကျနော်တို့ တာဝန်ပေးတဲ့လူတွေနဲ့ အားလုံးတွေ့ဖို့အစီအစဉ်ရှိပါတယ်။”

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အကြံပေး အစီရင်ခံစာတင်ပြဖို့အတွက် ကုလ အတွင်းရေးမှူးချုပ် ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ သြဂုတ်လ ၂၂ရက်နေ့ မွန်းလွဲပိုင်း ၃နာရီမှာ ရန်ကုန်မြို့ကို ရောက်ရှိလာတာပါ။ သြဂုတ်လ၂၄ရက်နေ့ ကြာသပတေးနေ့မှာတော့ ရခိုင်ပြည်နယ် အကြံပေး ကော်မ ရှင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အများပြည်သူသိအောင် အပြီးသတ်အစီရင်ခံစာကို ချပြမှာ ဖြစ်ပါ တယ်။

ရခိုင် အကြံပေးကေ်ာမရှင်ရဲ့ အစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတားဆီးရေး၊ ပြန်လည် သင့်မြတ်ရေး၊ အခြေခံ ဝန်ဆောင်မှုတွေရရှိနိုင်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင် ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အကြောင်းအရာတွေ ပါဝင်မယ်လို့ ကော်မရှင်ဘက်က အသိပေးထားပါ တယ်။

ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ဟာ မနက်ဖြန်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။ ရခိုင် အမျိုးသားပါတီ ဘက်ကတော့ ဒီ တွေ့ဆုံမှုမှာ မပါဝင်လိုကြောင်း အကြောင်းပြန်ကြားထားတယ်လို့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ပေါ့နော် ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အမတ်တွေကို မနက်ဖြန်တွေ့ဖို့ ကိုဖီအာနန်ဘက်က တောင်းဆိုတဲ့ပုံပဲ ဆိုတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီဘက်က အမတ်တွေကတော့ မတွေ့လိုဘူးဆိုတဲ့သဘောနဲ့ ပြန်ကြားထားတာရှိတယ်။ ဘာကြောင့်ဆိုရင် အစကတည်းက ကျနော်တို့ ကိုဖီအာနန်ကော်မရှင်ဖွင့်စဉ်ကတည်းက ကျနော်တို့ ပြည်သူ့လွှတ်တော်ဘက်မှာလည်း ကန့်ကွက်တာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံဥပဒေအရ အဲဒီလို နိုင်ငံတကာနဲ့ ယှဉ်တဲ့ ပုဂ္ဂိုလ်များနဲ့ ရခိုင်ပဋိပက္ခကို စုံစမ်းဖွဲ့စည်းပိုင်ခွင့်ကို ဥပဒေအရမရှိဘူး။”

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ပြဿနာကို မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံ ပြုချက်တွေလောက်နဲ့တင် ဖြေရှင်းနိုင်မယ် အနေအထားမရှိဘူးလို့လည်း ဒေါက်တာအေးမောင်က သူ့ အမြင်ကို ပြောပါတယ်။

“အဲဒီတော့ နောက်ဆုံးအစီရင်ခံစာ ထွက်တော့မယ်၊ မထွက်ခင် မနက်ဖြန်ဆိုလားတပတ်ခါဆိုလား ၊ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်။ အဲဒီတော့ သူ့အစီရင်ခံစာကို ဒီဘက်က အစိုးရလွှတ်တော် ၊ တပ်မတေ်ာဘက်က ဘယ်လောက်အထိ လက်ခံမလဲ အဲဒါကတော့ ကျနော်တို့ မပြောနိုင်ဘူး။ အဲဒီတော့ ကျနေ်ာတို့နားလည်တာက လက်ရှိ ရခိုင်ဘက်မှာဖြစ်နေတဲ့ ပြဿနာသည် နိုင်ငံတကာအဖွဲ့အစည်းတခုမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တဦး လာရောက်ပြီးမှ ၊ ခုနကပြောသလို လေ့လာစုံစမ်းပြီးမှ အကြံပြုတာလောက်နဲ့ ဖြေရှင်းလို့ရမယ့်အနေအထားမဟုတ်ဘူးလို့ ကျနော်တို့ဘက်က သုံးသပ်တယ်။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကိုတော့ ၂၀၁၇ မတ်လတုန်း က ထုတ်ပြန်ခဲ့ပြီး အဲ့ဒီအစီရင်ခံစာပါ အကြံပေးချက်တွေရဲ့ တဝက်လောက်ကိုတော့ အကောင်အထည် ဖော်ထားနိုင်ပြီလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုထားတာလည်းရှိပါတယ်။

ရခိုင်အကြံပေးကော်မရှင်ဟာ ရခိုင်ပြည်နယ်ထဲက မတူကွဲပြားတဲ့ အသိုင်းအဝိုင်း နှစ်ခုကြားက နက်နဲတဲ့ ပြဿနာတွေ ပြေလည်နိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို အဓိက အကြံပြုနိုင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိမရှိဆိုတာကို အဓိက စုံစမ်းဖို့ မဟုတ်ပါဘူး။

ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ်လမှာ ဖွဲ့စည်းခဲ့ပြီး ၂လအကြာမှာ ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူနည်းစု မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကတော့ ကုလသမဂ္ဂက သံသယရှိသလိုမျိုး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မရှိခဲ့ ဘူးလို့ ပြောဆိုထားတာလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG