ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ့် ရေရှည်နည်းလမ်းကောင်းတွေကို ရှာဖွေနိုင်ဖို့ အတွေ့အကြုံရှိသူနဲ့ အများလေးစား လူသိများသူ စုစုပေါင်း ၉ ယောက်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ကြေညာချက်ကို ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ကော်မရှင်ဖွဲ့စည်းရေး နားလည်မှုစာချွန်လွှာကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ Kofi Annan ဖောင်ဒေးရှင်းတို့ကြား မကြာခင် လက်မှတ်ရေးထိုးမယ်လို့လည်း သတင်းထဲမှာ ရေးထားပါတယ်။ Kofi Annan ဖောင်ဒေးရှင်းကို တည်ထောင်သူ Noble ငြိမ်းချမ်းရေးဆုရင် Mr. Kofi Annan ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) ကို တည်ထောင်သူ ဦးအေးလွင်တို့အပြင်၊ ကုလသမဂ္ဂမှာ ထိပ်တန်းတာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးတဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံသား ၆ ယောက် နိုင်ငံတကာပုဂ္ဂိုလ် ၃ ယောက်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေဖို့အတွက် ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ပါဝင်နေသူတွေ၊ နိုင်ငံတကာက ကျွမ်းကျင်သူတွေ၊ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး သဘောထားအမြင်တွေကို လေ့လာသုံးသပ်မှုတွေလုပ်မယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ လုပ်ပြီး ရှာဖွေတွေ့ရှိချက်တွေနဲ့ လေ့လာအကြံပြုချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတဆင့် အစိုးရကို တင်ပြမှာဖြစ်ပြီး ပြည်သူတွေ သိရှိနိုင်အောင်လည်း ထုတ်ပြန်သွားမယ်လို့ ပြောထားပါတယ်။ ကော်မရှင်ဖွဲ့ပြီး ၁၂ လထက် နောက်မကျစေဘဲ အစီရင်ခံစာတင်ပြရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရခိုင်ဒေသရှိပြည်သူတွေရဲ့ လုံခြုံရေး၊ အခြေခံအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေ၊ အခြေခံဝန်ဆောင်မှု ပေးနိုင်ရေးကိစ္စတွေကို ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်အနေနဲ့ စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။