သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုသမ္မတနဲ့ ကုလအတွင်းရေးမှုးချုပ်ဟောင်း ရခိုင်အရေးဆွေးနွေး


အင်ဒိုသမ္မတနဲ့ ကုလအတွင်းရေးမှုးချုပ်ဟောင်း ရခိုင်အရေးဆွေးနွေး
အင်ဒိုသမ္မတနဲ့ ကုလအတွင်းရေးမှုးချုပ်ဟောင်း ရခိုင်အရေးဆွေးနွေး

မြန်မာ အစိုးရရဲ့ ရခိုင်အရေး အကြံပေး ကော်မရှင် ဥက္ကဌ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo တို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပါတယ်။

ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကို အရေးယူ ဖြေရှင်းရေးနဲ့ အင်ဒိုနီးရှား နိုင်ငံဘက်က စိုးရိမ်မှုတွေကို အင်ဒိုနီးရှား သမ္မတ Widodo က ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတ နန်းတော်က ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်းက မူဆလင် ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေ၊ နောက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပြသနာတွေကို ရခိုင် အကြံပေး ကော်မတီ ဥက္ကဌ ကိုဖီအာနန်နဲ့ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲ အပြီး သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အကူအညီတွေ ချက်ချင်းပေးနိုင်အောင် အဆင်သင့် ရှိနေကြဖို့လည်း အစိုးရ အဖွဲ့ကို ညွှန်ကြားထားတဲ့ အကြောင်းလည်း သမ္မတ ဝီဒိုဒိုက ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံဘက်က ကမ်းလှမ်းထားတဲ့ အကူအညီတွေဟာ ရခိုင်လူမှု အသိုင်းအဝိုင်း နှစ်ဘက်ကကြား မျှတတဲ့ အကူအညီတွေ ဖြစ်ရင် ပူးပေါင်းဆောင်ရွက်မယ်လို့ မြန်မာဘက်က တုံပြန်ထားတာပါ။

ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က အင်ဒိုနီးရှား နိုင်ငံ ဘာလီမှာ ၂ ရက်တာ ကျင်းပနေတဲ့ ဒီမိုကရေစီ ဖိုရမ်ကို တက်ရောက်နေတာ ဖြစ်ပြီး ဒီအစည်းအဝေး ပြင်ပမှာ အင်ဒိုနီးရှား သမ္မတနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ မူဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အစိုးရ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး၊ လက်နက် အမြောက်အများ ပျောက်ဆုံးခဲ့ရမှု နောက်ပိုင်း မြန်မာ အစိုးရဘက်က ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေတာပါ။ ဒီအခြေအနေမှာ ဒေသခံတွေအပေါ် မြန်မာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ အပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးလည်း မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အရေး ဆွေးနွေးပါတယ်။ ရခိုင်ပြည်နယ်တွင်း အစိုးရဘက်က လုံခြုံရေး ကိစ္စ ဆောင်ရွက်တာမှာ လူနည်းစု မူဆလင်တွေ အပါအဝင် ဒေသတွင်း လူမှု အသိုင်းအဝိုင်း တခုလုံးအပေါ် လေးစားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင် ဆောင်ရွက်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။

XS
SM
MD
LG