သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kofi Annan ကွယ်လွန် ကမ္ဘာ့ခေါင်းဆောင်များဝမ်းနည်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကိုဖီ အာနန် (Kofi Annan) ဟာ အသက် ၈၀ အရွယ်မှာ ခနတာ နာမကျန်းဖြစ်ပြီး စနေနေ့က “အေးအေးချမ်းချမ်း ကွယ်လွန်သွားပြီ” ဖြစ်ကြောင်း သူ့ မိသားစုနဲ့ သူ့ရဲ့ဖောင်ဒေးရှင်းတို့က Twitter မှာ ကြေညာပါတယ်။

မစ္စတာအာနန်ဟာ “ပိုမျှတပြီး ပိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာရေး သူ့ဘဝတသက်တာလုံး လုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ အထင်ကရ ခေါင်းဆောင်နဲ့ စူးနစ်မှုအပြည့်ရှိတဲ့ နိုင်ငံတကာဝါဒီ တဦး ဖြစ်တယ်၊ သူရဲ့ ပြောင်မြောက်တဲ့ အလုပ်အကိုင်နဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ ခေါင်းဆောင်မှု သက်တမ်း တလျှောက် ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူဖြစ်တယ်” လို့ Twitter ပေါ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မစ္စတာအာနန်ဟာ “ကောင်းကျိုး အတွက် လမ်းညွှန်တွန်းအား” ဖြစ်ပြီး “ကိုဖီ အာနန်ကိုယ်တိုင်ကိုက ကုလသမဂ္ဂအဖွဲ့ကြီးဖြစ်ခဲ့ ပါတယ်” လို့ ပြောပါတယ်။

ဂါနာသမ္မတ Nana Akufo-Addo က “ကျနော်တို့ရဲ့ ကြီးမြတ်တဲ့ နိုင်ငံသားတယောက်” အတွက် သီတင်း တပတ်ကြာ ဝမ်းနည်း ကြေကွဲခြင်းကာလသတ်မှတ်ကြောင်း ကြေညာပြီး မစ္စတာ အာနန်ဟာ “ဂါနာလူထုအနေနဲ့ တိုးတက်မှုနဲ့ သာယာဝပြောမှု လမ်းကြောင်းကို သူတို့ကိုယ်တိုင် ရွေးချယ် လျှောက်လှမ်းနိုင်စွမ်းရှိတယ် ဆိုတာ ကို အခိုင်အမာယုံကြည်သူတဦးဖြစ်တယ်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း ဘရာ့ခ် အိုဘားမားက မစ္စတာအာနန်ဟာ “သံတမန်တဦး၊ တခြားလူ အနည်းငယ် လိုပဲ ကုလသမဂ္ဂရဲ့ လုပ်ငန်းကို လက်တွေ့ဖော်ဆောင်သူ လူသားထုသာယာ ဝပြောရေးဝါဒီတဦး” ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က မစ္စတာအာနန်ဟာ “ကမ္ဘာကြီး ပိုမိုငြိမ်းချမ်းတဲ့ နေရာတခုဖြစ်လာစေရေး သူ့ဘဝကို မြှုပ်နှံ လုပ်ဆောင်သွားသူ” “မိမိတို့ အားလုံး ညီညွတ်ဖို့ မနားမနေ လုပ်ကိုင် သွားပြီး လူတိုင်းရဲ့ ဂုဏ်သိက္ခာ အတွက် ရပ်တည်လုပ်ကိုင်ဖို့ ဘယ်တော့မှ မရပ်နားသူ” ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

ဥရောပသမဂ္ဂ EU ဥက္ကဋ္ဌ Jean-Claude Juncker ကလည်း “Kofi Annan အတွက် ကျနော်တို့ အားလုံး ပေးနိုင် တဲ့ အကြီးမားဆုံး အသိအမှတ်ပြုမှုကတော့ သူချန်ထားရစ်တဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့နဲ့ သူ့ရဲ့ဂုဏ်သတ္တိကို ရှင်သန်နေအောင် လုပ်သွားဖို့ပါပဲ” လို့ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကလည်း “သူ့ရဲ့ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိ၊ အရှုပ်ထွေးဆုံးနဲ့ အရေး အကြီးဆုံး အခြေအနေတွေ မှာတောင် ကျကျနန ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို ကျနော် တကယ်ပဲ လေးစားပါတယ်။ သူ့ကို ရုရှားနိုင်ငံသားတွေ ထာဝရ အမှတ် ရသွားမှာပါ” လို့ ရုရှားအစိုးရ ထုတ်ပြန်ချက်တခုထဲမှာ ပြောထားပါတယ်။

လူမည်းအမျိုးသားထဲက ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ကိုဖီ အာနန်ဟာ မြန်မာနိုင်ငံ ရခိုင် ပြည်နယ်အရေး မှာလည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ဒီအကျပ် အတည်းကို ဖြေရှင်းရေး အသေးစိတ်အကြံပြုချက်တွေပါဝင်တဲ့ အစီရင်ခံစာတစောင်ကို ရေးသားပြုစုတာမှာ ဦးဆောင်မှုပေးခဲ့သူပါ။ လက်ရှိအချိန်မှာ အစိုးရအနေနဲ့ သူဦးဆောင်သွားတဲ့ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ တာဝန်ရှိသူတွေက မကြာခနဆိုသလို ပြောဆိုပါတယ်။

Kofi Annan ကွယ်လွန် ကမ္ဘာ့ခေါင်းဆောင်များဝမ်းနည်း
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG