သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန် အကြံပေးကော်မရှင် အပေါ် ဘာတွေမျှော်လင့်နိုင်မလဲ


ကိုဖီအာနန် သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပနေစဉ်
ကိုဖီအာနန် သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပနေစဉ်
တိုက်ရိုက် လင့်ခ်

ခုရက်ပိုင်း နိုင်ငံရေးလောကနဲ့ ပြည်သူတွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ ကိစ္စ တစ်ခုကတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ ပြသနာ ပါပဲ။ ကော်မရှင် ဖွဲ့စည်းပြီးပြီးချင်း ရခိုင်အမျိုးသားပါတီ၊ အခြား နိုင်ငံရေးပါတီ တစ်ချို့နဲ့ သတင်းမီဒီယာကြီး တစ်ခုက ကန့်ကွက်ခဲ့ကြသလို၊ လွှတ်တော်တွင်းမှာလည်း တကယ့်ကို အခြေအတင်၊ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့တဲ့ ကိစ္စကြီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အလားတူ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ မစ္စတာ ကိုဖီအာနန်ရဲ့ ခရီးစဉ်မှာလည်း ရခိုင်တိုင်းရင်းသား တစ်ချို့ရဲ့ ကန့်ကွက်ဆန္ဒပြတာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြသနာကြီး တစ်ခုနဲ့ ပတ်သက်ပြီး ခုလို ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း အပါအ ဝင် နိုင်ငံခြားသား (၃) ယောက်ပါဝင်တဲ့ အကြံပေးကော်မရှင် ဖွဲ့စည်း ဆောင် ရွက်စေတာဟာ သင့်တော်ပါရဲ့လား၊ ကော်မရှင်ရဲ့ အကြံပြုချက်တွေကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဟာ ရခိုင်ပြည်နယ်ထဲ က ပြသနာကြီး ကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ပါ့မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ပထမဦးဆုံး မေးခွန်းထုတ် ခံရတာကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေမှာ ခုလို ကော်မရှင် ဖွဲ့စည်းဖို့ ဆိုတဲ့ ပြဌာန်းချက် မပါဘူး ဆိုတဲ့ ဝေဖန်ချက်ပါ။ ဒီအချက်ကိုတော့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးလှစောက လွှတ်တော်ထဲ ထောက်ပြခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဆောင်ရွက်ချက်တွေ ဟာ လွှတ်တော်ကို တာဝန်ခံရမယ် ဆိုပြီး ပြဌာန်းထားချက်ပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကော်မရှင်ကို မဖွဲ့စည်းခင် လွှတ်တော်ကို အရင် တင်ပြသင့်တယ်လို့ တပ်မတော်သား အမတ်တစ်ယောက်က လွှတ်တော်တွင်း အခြေအတင် ဆွေးနွေးပွဲ မှာ ထောက်ပြခဲ့ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ကတော့ သိပ်ပြီး ပြသနာ ရှိမှာတော့ မဟုတ်ပါဘူး။ ဒီလို ဝေဖန်မှုကို စိန်ခေါ်မယ် ဆိုရင် လွှတ်တော်တွင်း အဆုံးအဖြတ် ရယူတာ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို တင်တာမျိုး လုပ်ရမှာမို့ အဲလို ဘယ်သူမှ မလုပ်ကြတဲ့အတွက် ပြသနာ မရှိနိုင်တော့ဘူးလို့ ယူဆ နိုင်ပါတယ်။ ဒါတင်မက အခုနောက်ဆုံး ကော်မရှင် ဥက္ကဌ ကိုဖီအာနန်နဲ့ အဖွဲ့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ် ပြသနာနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ နားလည်ချက်နဲ့ သဘောထားတွေကို ရှင်းပြခဲ့တဲ့ အပြင် ကော်မရှင်နဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို တပ်မတော်ဘက်က ကူညီဆောင်ရွက်ပေးမယ်လို့ ကတိပေးလိုက်ပြီဖြစ်တဲ့အတွက် ကော်မရှင် တရားဝင်ခြင်း၊ မဝင်ခြင်း ပြသနာ ပြီးဆုံးသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

ကော်မရှင်နဲ့ ပတ်သက်ပြီး နောက်ထပ် ဝေဖန်တဲ့ အချက်ကတော့ ရခိုင်ပြည်နယ် ပြသနာဟာ ပြည်တွင်းရေး ပြသနာ ဖြစ်တယ်၊ ဒါကြောင့် ဒီ အကြံပေးကော်မရှင်ထဲ နိုင်ငံခြားသား သုံးယောက် ထည့်သွင်းဖွဲ့စည်းတာဟာ ပြသနာကို နိုင်ငံတကာ ပြသနာ ဖြစ်အောင် ဖန်တီးရာ ရောက်တယ်၊ မြန်မာ့ပြည်တွင်းရေးကို နိုင်ငံတကာက ဝင်ရောက်စွက်ခွင့်ရအောင် လမ်းဖွင့်ပေးသလို ဖြစ်သွားစေတယ် ဆိုတဲ့ စွတ်စွဲမှုပါ။

ဒါနဲ့ ပတ်သက်ရင် ရခိုင်တိုင်းရင်းသားတွေရဲ့ ပြောဆိုမှု၊ သိပ်မကြာသေးခင်တုန်းကပဲ မစ္စတာ ကိုဖီအာနန်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ ဆုံချိန် ပြောဆိုမှုတွေကို ကြည့်ရင် ခုလို အကြံပေး ကော်မရှင်မျိုး လိုအပ်၊ မလိုအပ် သုံးသပ်နိုင်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲက လူဦးရေ တစ်သန်းကျော် ရှိတဲ့ မူဆလင်တွေကို ရခိုင်တိုင်းရင်းသားတွေက တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေအဖြစ် စွတ်စွဲထားသလို၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း မြန်မာနိုင်ငံ နယ်ချဲ့အင်္ဂလိပ် လက်အောက် ကျရောက်နေချိန်၊ နယ်ချဲ့ကိုလိုနီ အစိုးရက လယ်ကူလီတွေအဖြစ် အသုံးပြုဖို့ ခေါ်သွင်းလာသူတွေ အဖြစ် ပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ-ဘင်္ဂလီတွေ ဖိနှိပ်ခွဲခြား ခံနေရတယ် ဆိုပြီး အစဉ်တစ်စိုက် စွတ်စွဲနေတာကလည်း အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းပဲ ဖြစ်ပါတယ်။ ဒါတင်မက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း သူ့နိုင်ငံထဲမှာ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ မူဆလင်တွေ အများကြီး ဒုက္ခသည် စခန်းတွေမှာ ကျန်နေသေး တယ်၊ အရင် ရှေ့အစိုးရ အဆက်ဆက်နဲ့ သဘောတူညီချက်အရ အဲဒီလူတွေ ကို ပြန်စိစစ်ပြီး ပြန်လက်ခံပေးပါလို့ အစဉ်တစိုက် ပြောဆိုနေခဲ့တာ လည်း ရှိပါတယ်။

နောက်ထပ် ဖြစ်ရပ် တစ်ခုမှာတော့ တပ်မတော်ရေတပ်က မြန်မာ့ရေပိုင်နက်ထဲ ဖမ်းဆီးရမိတဲ့ သင်္ဘောတွေထဲမှာ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုပါ ရောနှောပါဝင်နေတာ တွေ့ရတဲ့ ဖြစ်စဉ်တွေပါ။ ဒီလူတွေဟာ မလေးရှားနိုင်ငံရောက်သွားခဲ့ရင် အားလုံး သူတို့ကိုယ် သူတို့ ရိုဟင်ဂျာတွေလို့ ပြောပြီး တတိယနိုင်ငံ တစ်ခုခုမှာ ခိုလှုံဖို့ ကြိုးစားကြမယ့် သဘောမျိုး မှန်းဆနိုင်ပါတယ်။ ဒီပြောဆိုမှုတွေ၊ ဒီဖြစ်ရပ်တွေကိုကြည့်လိုက်ရင် ရခိုင်ပြည်နယ်ထဲက ပြသနာဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ အပါအဝင် နိုင်ငံတကာနဲ့ ဆက်စပ် ပတ်သက်နေတာ တွေ့နိုင်ပါတယ်။ ဒီလို ပြသနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့ အကြံပေး ကော်မရှင်ထဲ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းလို ပုဂ္ဂိုလ် အပါအဝင် နိုင်ငံတကာက တတ်သိပညာရှင်တွေ ထည့်သွင်းဖွဲ့စည်းတာဟာ မှားယွင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

တကယ်တော့ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေရဲ့ ပြသနာ၊ ရခိုင်ပြည်နယ်ထဲက မျိုးနွယ်စုနှစ်စုရဲ့ ပဋိပက္ခပြသနာဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ရှေ့အစိုးရ အဆက်ဆက် ပြသနာတွေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခဲ့ကြပါဘူး။ တစ်ချို့ အစိုးရ ဆိုရင် ပြသနာကို မီးပွားပိုကြီးအောင် လုပ်ခဲ့တာ၊ တစ်ချို့ အစိုးရဆိုရင် ပြသနာကို မဖြေရှင်းပဲ ကိုယ်အာဏာရရေး၊ ကိုယ့်အဖွဲ့အစည်း အာဏာတည်မြဲရေးအတွက် အမျိုးမျိုး အသုံးချခဲ့တဲ့ ဖြစ်စဉ်တွေတောင် ရှိခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ကြလို့လဲ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီးတွေဖြစ်၊ လူပေါင်းများစွာ သေကြေပျက်စီး၊ ဒါဏ်ရာတွေရ၊ နေအိမ်တွေ ဖျက်ဆီးခံရ၊ ဒီကနေ့အချိန်ထိ ဒုက္ခသည်စခန်းတွေမှာ သွားရောက်နေထိုင်နေရ ဆိုတဲ့ အခြေအနေမျိုး ရောက်ရှိနေရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေကို အကြောင်းပြုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြန်မာနိုင်ငံကို ကဲ့ရဲ့ပစ်တင် ဝေဖန် ရှုတ်ချ လုပ်နေကြတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့အစိုးရအနေ နဲ့ ပြသနာတွေ ကို ရှောင်လွှဲနေမှာမဟုတ်ဘူး၊ ရဲရဲဝန့်ဝန့် လက်ခံရယူပြီး အကောင်း ဆုံးဖြေရှင်း မယ်လို့ ပြောခဲ့သလို အခု မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာကိုဖီအာနန်က ဒီ ကော်မရှင်ဟာ မြန်မာကော် မရှင်ပဲ ဖြစ်တယ်ဆိုတယ် ဆိုတဲ့အကြောင်း၊ သူတို့ကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်နေ တဲ့ ပြသနာဆိုင်ရာ ကိစ္စအပြင် လူသားချင်းစာနာ အကူအညီပေးရေး၊ ပြန်လည်သင့်မြတ် ရင် ကြားစေ့ရေး၊ ရခိုင်ပြည်နယ်အတွင်း အဖွဲ့အစည်းစနစ်တွေ အားကောင်း လာစေရေး၊ ဖွံ့ဖြိုးရေး စတဲ့ကိစ္စတွေကို အကောင်းဆုံး အကြံပေး သွားမယ် လို့ ပြောခဲ့ပါတယ်။ အကြံပေးအဖွဲ့က တင်ပြမယ့် အကြံပြုချက်ေ တွ၊ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ ကော်မတီရဲ့ အကောင်အထည်ဖော် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ရင်ရခိုင်နိုင်ငံရေးေ ခါင်း ဆောင်တွေ လက်ခံဖို့ ခက်ခဲပေမယ့် လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေဆိုး မျိုးထက် အများကြီး တိုးတက်ကောင်းမွန်လာအောင် အကောင်အထည် ဖော်နိုင် လိမ့်မယ် လို့တော့ ယုံကြည်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG