သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kofi Annan ကော်မရှင် အစီရင်ခံစာအပေါ် မေ ျှာ်လင့်ချက်


မကြာခင် ရက်ပိုင်းအတွင်း ထုတ်ပြန်မယ့် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာ အကြံပြုချက်တွေကို မြန်မာအစိုးရက အပြည့်အ၀ လိုက်နာ အကောင်အထည် ဖေါ်မယ်လို့ သူတို့ မယူဆကြောင်း HRW နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။

မတ်လက ထုတ်ပြန်ထားတဲ့ ကြားဖြတ် အစီရင်ခံစာမှာ ပါဝင်တဲ့ အကြံပြုချက်တွေထဲ ရခိုင်ပြည်နယ်မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး လုပ်ငန်းစဉ်ကို အချိန်ကာလ သတ်မှတ်ဆောင်ရွက်ဖို့ အပါအဝင် လွတ်လပ်စွာ သွားလာခွင့် စတဲ့ အချက်တွေကို မြန်မာအစိုးရ ဘက်က အကောင်အထည်ဖေါ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း သုံးသပ်သူတွေရှိပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ သူဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာကို မြန်မာအစိုးရကို တင်သွင်းဖို့ မနေ့ အင်္ဂါနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာတော့ အစီရင်ခံစာကို အများပြည်သူသိအောင် ထုတ်ပြန်မှာဖြစ်ပါတယ်။ ဒီမတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရနဲ့လွှတ်တော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကိုဖီအာနန် ကော်မရှင်က တွေ့ဆုံဆွေးနွေးမှာပါ။

ဒီရခိုင်အကြံပေး ကော်မရှင်က ထုတ်ပြန်မယ့် အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရက အပြည့်အ၀ လိုက်နာ အကောင်အထည် ဖေါ်မယ်လို့ သူတို့ ယုံကြည်မှု မရှိကြောင်း နယူးယောက် အခြေစိုက် HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။ အဓိက အကြောင်းအရင်းမှာ မတ်လက ထုတ်ပြန်ထားတဲ့ ကော်မရှင်ရဲ့ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရက အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ HRW အာရှရေးရာ ညွန်ကြားရေးမှူး John Sifton ကပြောပါတယ်။

“ ရခိုင် အကြံပေးကော်မရှင်ရဲ့အကြံပြုချက် အတော်များများကို မြန်မာအစိုးရဘက်က အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးတာ မတွေ့ရသေးပါဘူး။ အရေးပါတဲ့ အဆင့်ဖြစ်တဲ့ နိုင်ငံသား ခံယူခွင့်မှာ ခွဲခြားထားတဲ့ အဓိက အချက်ကို တရားဥပဒေအရ ဖယ်ရှားဖို့ လုပ်ဆောင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ရခိုင်အကြံပေးကော်မရှင်ရော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တို့ကပါ အကြံပေးထားတဲ့ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ကိုလည်း အလေးထား ဆောင်ရွက်တာ မရှိသေးပါဘူး။”

ဒါပေမဲ့လည်း လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ခွင့်ပြုဖို့ဆိုတဲ့ အချက်လိုမျိုး တချို့အကြံပြုချက်တွေ ကိုတော့ မြန်မာအစိုးရက လိုက်နာ ဆောင်ရွက်မယ်လို့ မြင်ကြောင်း John Sfiton ကဆိုပါတယ်။

အရင်က ထုတ်ပြန်ထားတဲ့ ကြားဖြတ်အစီရင်ခံစာမှာ အကြံပြုချက် အချက် (၃၀) ပါဝင်ပါတယ်။ အဲဒီထဲက အရေးကြီး အကြံပြုချက်ကတော့ ရခိုင်ပြည်နယ်မှာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးရေး တိကျရှင်းလင်းတဲ့ မဟာဗျူဟာနဲ့ လုပ်ငန်းစဉ် အကောင်အထည်ဖေါ်မယ့် အချိန်ကာလ သတ်မှတ်သင့်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေမှာ ခွဲခြားမှုတွေရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးရဲ့ အမြင်ကတော့

“ မြန်မာနိုင်ငံအတွင်းမှာ အခြေချလာခဲ့တဲ့ သူတွေလည်းမှန်တယ်။ မြန်မာပြည်ထဲမှာ မွေးဖွားလာခဲ့တဲ့ သူတွေလည်း မှန်တယ်။ ဆိုလို့ရှိရင်တော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ နောက်ပြီးတော့ တခါ ကျနော်တို့ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ သတ်မှတ်ပေးမယ့် အခြေအနေမျိုး ဖြစ်တယ်ဆိုတာမျိုး ကျနော်တို့ မြင်တယ်။”

ရခိုင်အကြံပေး ကော်မရှင်ရဲ့ အစီရင်ခံစာကို ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်အသိုင်းအဝိုင်းက ကြိုဆိုကြောင်း ရခိုင်ပြည်နယ်တွင်း နှစ်ဖက်အသိုင်းအဝိုင်း အတူယှဉ်တွဲ နေထိုင်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ကိုရှိုင်းက ပြောပါတယ်။

“ ဒီဘက် ဒီ ဘာသာရေး အားဖြင့် ပြောမယ်ဆိုရင်တော့ ဒီလူနည်းစု ဘာသာဝင်တွေ အနေနဲ့ကတော့ အခု ရခိုင် အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို သူတို့က စောင့်ဆိုင်းမယ်။ နောက် သူ့ရဲ့အကြံပြုချက်တွေကို အစိုးရအနေနဲ့ အမှန်တကယ် လက်တွေ့ အကောင်အထည် ဖေါ်ပေးဖို့ ဆိုတာကိုတော့ သူတို့ဘက်က လုံးဝမေ ျှာ်လင့်တယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ ဒီဘက်က အထူးသဖြင့် ရခိုင်မှာရှိနေကြတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းကလည်း ဒီကော်မရှင်ရဲ့အကြံပြုချက်တွေကို သူတို့က လုံး၀ လက်ခံတယ် ကြိုဆိုတယ်ပေါ့နော်။ ဆိုတော့ အဲဒီအတိုင်းကို အစိုးရက လုပ်ပေးဖို့ ဆိုတဲ့ဟာကို သူတို့က မျှော်လင့်တယ် ။”

ဒါပေမယ့်လည်း တဖက် အသိုင်းအဝိုင်းဖြစ်တဲ့ ရခိုင်လူမျိုးတွေ အတွက် ကော်မရှင်ရဲ့ အစီရင်ခံစာကို လက်ခံဖို့ အခက်အခဲ ရှိနေကြောင်း ကိုရှိုင်းကဆိုပါတယ်။

“ ဒီအကြံပြုချက်တွေထဲမှာ တချို့အချက်တွေ ကတော့ ချက်ချင်းလုပ်ဆောင် ရမယ့် အချက်တွေပါတယ်။ တချို့အချက် တွေကတော့ ရေရှည်လုပ်ဆောင် ရမယ့် အချက်တွေပါတယ်။ နောက်တချို့ဟာတွေ ကတော့ ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ကိစ္စရပ်တွေလည်းပါတယ်။ ဆိုပြီးတော့မှ သူက အဲဒါကို အစိုးရကို အကြံပြုထားတာ။ ဒီအကြံပြုချက်တွေကို အစိုးရက နေပြီးတော့မှ အကောင်အထည်ဖေါ်တဲ့ အခါကြရင်ကော ရခိုင်မှာရှိတဲ့ ၂ ဖက် လူ့အသိုင်းအဝိုင်းက ဒါကို အစိုးရနဲ့ အတူတူ အမှန်တကယ် သူတို့ကနေပြီးတော့မှ ပူးပေါင်းဆောင်ရွက် မှာလား။ အစိုးရက နေပြီးတော့မှ သွားပြီးတော့မှ အကောင်အထည်ဖေါ်မယ် ဆိုရင်တောင်မှ ဟိုဘက်ကရှိနေတဲ့ ဒီ၂ ဖက်လူ့အသိုင်းအဝိုင်းထဲကနေ တဘက်ဘက်က ဒါကို သူတို့က လက်မခံဘူး ဆန့်ကျင်တယ် ဆိုရင်တော့လည်း အဲဒီအခါကျရင်တော့ အစိုးရကလည်း ထပ်ပြီးတော့မှ အခက်ကြုံရမှာပေါ့နော်။”

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းခဲ့ပြီး ကြားဖြတ်အစီရင်ခံစာကို ၂၀၁၇ မတ်လတုန်း က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG